ကလေးမြို့ – ၂၀၂၃ ဇွန် ၁၉ (မော်ကွန်း)
ဒီကနေ့ ပန်းသပိတ်မှာ ပါဝင်တဲ့ပြည်သူတွေထဲက တချို့ကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးမှုတွေရှိလာပြီး စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာလည်း ဖမ်းဆီးခံရမှုတွေရှိနေတဲ့အပေါ် လူထုအားကောင်းလာတာကို စစ်တပ်က ဒူးတုန်အောင်ကြောက်လန့်နေတာလို့ ကလေးမြို့ပင်မသပိတ်ခေါင်းဆောင် ကိုဗိုက်ပူက မော်ကွန်းကိုပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဒီနေ့မနက်အစောပိုင်းကစတင်ပြီး လမ်းမှာပန်းပန်ထားတဲ့အမျိုးသမီးတွေကိုအာဏာသိမ်းစစ်တပ်ကလိုက်လံဖမ်းဆီးခဲ့တာပါ။
ကလေးမြို့၊ မြို့မစျေးရှေ့ ဗိုလ်ချုပ်လမ်းပေါ်က ပန်းပန်ထားတဲ့ စျေးသည်တွေကို ရဲတွေလာရောက်ဖမ်းဆီးသွားတဲ့အပြင် လမ်းမှာသွားလာနေသူပန်းပန်ထားတဲ့အမျိုးသမီးတွေကိုပါဖမ်းဆီးနေတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“လမ်းမှာဘဲဖမ်းတာ၊ ဘယ်နားကလူတွေဘယ်သူတွေဆိုတာတော့ အတည်မပြုနိုင်သေးပါဘူး၊ ဖမ်းနေတာတော့မနက်ထဲကနေစဖမ်းနေတာ၊ပုံစံမျိုးစုံနဲ့ဖမ်းနေတာ” လို့ဒေသခံတစ်ဦးကပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်မြောက်မွေးနေ့အဖြစ် ပန်းသပိတ်တွေနိုင်ငံတဝှမ်းဆင်နွှဲနေတာကြောင့် အာဏာသိမ်းစစ်တပ်က အခုလိုပန်းပန်ထားသူတွေကိုလိုက်လံဖမ်းဆီးနေတာလို့ ဒေသခံတွေကပြောပါတယ်။
ကလေးမြို့ပင်မသပိတ်ခေါင်းဆောင်ကိုဗိုက်ပူကတော့ လူထုပါဝင်မှု၊ အားကောင်းမှုကို ကြောက်ဒူးတုန်အောင် တုန်လှုပ်နေတာဟာ ”ခေတ်အဆက်ဆက် အာဏာရှင်တွေရဲ့စရိုက်လက္ခဏာပဲ”လို့ မော်ကွန်းကိုပြောပါတယ်။
ပြည်သူထုဟာ ဘယ်လိုနည်းနဲ့မှ နောက်ဆုတ်မှာမဟုတ်သလို ကြောက်နေမှာလည်းမဟုတ်ပါဘူးလို့ ကိုဗိုက်ပူက ထပ်ပြောပါတယ်။
လတ်တလော ပန်းပန်လို့ ဖမ်းဆီးခံရသူ အရေအတွက်အတိအကျကိုတော့ မသိရသေးပါဘူး။
ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်ကို တော်လှန်ရေးနယ်မြေ၊ အညာဒေသတွေ၊ ပြည်ပနိုင်ငံရောက်ပြည်သူတွေနဲ့ အွန်လိုင်းစာမျက်နှာတွေကနေ ပူးပေါင်းပါဝင်ကြတာဖြစ်ပါတယ်။
ပုံစာ – ဒီကနေ့ပြုလုပ်တဲ့ ယင်းမာပင်အနောက်ခြမ်းက “လူငယ့်အားမာန်”သပိတ်စစ်ကြောင်း
ဓါတ်ပုံ – CJ
#Dailynews

