အရာတော် – ၂၀၂၁ အောက်တိုဘာ ၂၉ (မော်ကွန်း)
စစ်ကောင်စီတပ်တွေ မကြာခဏလာရောက်ဖျက်ဆီးတဲ့ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် မကျီးကန်ကျေးရွာက သတင်းပေးလို့ နာမည်ကြီးနေသူ လင်မယားနှစ်ဦးဟာ ဒီကနေ့မနက်ပိုင်းက သတ်ဖြတ်ခံရကြောင်း ဒေသခံတွေက ပြောပါတယ်။
အသတ်ခံရသူတွေကတော့ ဦးကိတ်ကြီးနဲ့ ဒေါ်ခင်စန်းမြင့်တို့ လင်မယားတို့ဖြစ်ပြီး သတ်သွားသူတွေကိုတော့ ဘယ်သူဆိုတာ မသိရဘူးလို့ ဒေသခံကဆိုပါတယ်။
ပြီးခဲ့တဲ့လကလည်း အခုသေဆုံးသွားသူတွေရဲ့ မိသားစုဝင်တစ်ဦးဟာ စစ်ကောင်စီသတင်းပေးလုပ်ခဲ့လို့ အသတ်ခံခဲ့ရပြီးကြောင်း ဒေသခံကဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ အရာတော်မြို့နယ် မကျီးကန်ကျေးရွာကနေအိမ်တွေကို ဝင်ရောက်ရှာဖွေမွှေနှောက်တာတွေ မကြာခဏပြုလုပ်ပါတယ်။
အောက်တိုဘာ(၁၅)ရက်နေ့ကလည်း စစ်ကောင်စီယာဥ်တန်း မကျီးကန်ကျေးရွာနားမှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ရွာတောင်ပိုင်းက နေအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ဒါအပြင် ကျေးရွာအတွင်းက စျေးဆိုင်တွေနဲ့ နေအိမ်တွေကိုပါ မွှေနှောက်ဖျက်ဆီးကာ တန်ဖိုးကြီးပစ္စည်းတွေကို ယူဆောင်သွားခဲ့ကြောင်း ဒေသခံတွေကပြောပါတယ်။
#Dailynews

