သက်ဦးမွန် ရေးသည်။
ညက တစ်ညလုံး မအိပ်ထားရသည့်အတွက် ဦးသစ်မင်းလှိုင် ညနေစောင်းလောက်တွင် ခေတ္တ မှေးစက်ဖို့ ပြင်လိုက်သည်။ မအိပ်ခင် သူ့နောက် လိုက်နှစ်ဦးကိုလည်း သေချာမှာလိုက်သေးသည်။ သူ့အတွေ့အကြုံအရ မုန်တိုင်းလာမည်ဆိုတာကို ကြိုသိနေသည့်အတွက် ဖောင်ကြိုးကို မည်သည့် အကြောင်းနှင့်မျှ မဖြတ်ဖို့မှာကြားပြီး သူ ခေတ္တ အိပ်ပျော်သွားခဲ့သည်။
အိပ်မပျော်တပျော်နှင့် တစ်နာရီပင် မပြည့်တတ်သေး။ လှုပ်လှုပ်ယမ်းယမ်း အခြေအနေကြောင့် သူနိုးလာခဲ့သည်။ သူတို့ ဖောင်က ရေစီးအတိုင်း မျောပါနေခြင်းကြောင့်ဖြစ်သည်။ သူ အတန်တန်မှာထားလျက်က သူ့နောက်လိုက်နှစ်ဦးက ဖောင် ကြိုးကို ဖြတ်ကာ မျှောချလိုက်ခြင်းပင်ဖြစ်သည်။ တော်ရုံမုန်တိုင်း နှင့် လှိုင်းဆိုလျှင် ကျောက်ချထားသည့် ဖောင်မှာ မမှုချေ ။ သူတို့ နေသည့် နေရာကလည်း လှိုင်းမှာအနည်းငယ်သာရှိသည်။ ထို့ ကြောင့် ကြိုးမဖြတ်ဘဲ တောင့်ခံထားရန် သူက မှာခဲ့ခြင်းဖြစ်သည်။
သူတို့မျှောသည်ကလည်း အပြစ်မဆိုသာ။ သူတို့ဖောင်နှင့် အတန်းလိုက် ရှိနေသည့် ရာဂဏန်းမျှရှိသော ကျားဖောင်များက တစ်ခုမှ မရှိတော့။ မုန်တိုင်းလာမည်ဆိုသောကြောင့် ကြိုးဖြတ်ကာ ပင်လယ်ထဲ မျှောသွားကြပြီဖြစ်သည်။ မျှောပြီးမှတော့ မတတ်နိုင်တော့၊ လာမည့်ဘေး ပြေးတွေ့ရုံသာ ရှိတော့သည်။

Photo-Thet Oo Mon အဖီဆွဲဖို့ပြင်ဆင်နေသည့် ဦးသစ်မင်းလှိုင်
ဘေးသည် ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်ချလာ၏။ မနက်သုံးနာရီလောက်တွင် ပင်လယ်သည်ထကြွသာင်းကျန်း လေတော့သည်။ မှောင်နှင့်မည်းမည်းတွင် လေတွေ တဝုန်းဝုန်း နှင့် မိုးတွေ တရကြမ်း ရွာသည်။ အိမ်တွေထက်မြင့်သော လှိုင်း လုံးကြီးတွေက မြွေပါးပျဉ်းကြီးတွေလို အမောက်ထောင်လိုက်၊ ရိုက်ချလိုက်နှင့် ပင်လယ်တစ်ခုလုံး ဝုန်းဒိုင်းကြဲနေတော့သည်။ ထိုလှိုင်းလုံးများကြား သူတို့ဖောင်ကလေးမှာ လူးကာလွန့်ကာနှင့် သွက်သွက်ခါနေတော့သည်။
လှိုင်းများသည် အုပ်ကာ မိုးကာဖြင့် ဖောင်ကို ဒေါသတကြီးဆီးကာ ရိုက်ချသည်။ ပထမတစ်ခါ ရိုက်သည်။ ဖောင်အမိုး ငါးခြောက်လှမ်းစင်ဝါးကပ်များ ပြုတ်ထွက်လွင့်စဉ်သွားသည်။ ဒုတိယတစ်ခါ ရိုက်ချသည်။ ဖောင်ပေါ်က လူနေသည့် တဲကလေး ပြုတ်ထွက်သွားပြန်သည်။ တတိယတစ်ခါ ရိုက်ချပြန်သည်။ ဖောင်မှာ အထက်အောက် ပြောင်းပြန် မှောက်သွားတော့သည်။
နှစ်ပေါက်သည်အထိ ပင်လယ်ထဲနေရန် ခိုင်ခိုင်ခံ့ခံ့ ဝါးပိုး ဝါးများဖြင့် ဆောက်ထားသည့် ဖောင်ဖြစ်သည့်အတွက် ဖောင် တော့ ကွဲထွက်မသွား။ လူတွေကတော့ ဖောင်ပေါ်မှ ပြုတ်ကျလိုက် ပြန်တက်လိုက်နှင့် ဖောင်နှင့် လုံးထွေးနေတော့သည်။ ထိုတစ်ည လုံး မုန်တိုင်းဒဏ်ကို အလူးအလဲခံလိုက်ရသည်။ မနက်လင်းတော့ မုန်တိုင်းသည် သူ မဟုတ်သလို ငြိမ်ကျသွားပြန်သည်။
ဖောင်ပေါ်တွင် စားစရာမပြောနှင့်၊ သောက်စရာရေ တစ် စက်ပင်မရှိတော့။ လူတွေလည်း မျော့မျော့သာ ကျန်တော့သည်။ ခန္ဓာကိုယ်ပေါ်တွင်လည်း အရှက်လုံရုံသာ ဘောင်းဘီတိုနှင့် စွပ် ကျယ်သာ ကျန်တော့၏။ ထိုပုံစံဖြင့် သုံးရက်ခန့်ပင်လယ်ထဲ မျော နေကြရသည်။ ထိုသို့မျောနေစဉ် သူတို့ဖောင်ကို လူသုံးယောက် ရောက်လာသည်။ မုန်တိုင်းကြောင့် ကျားဖောင်ပျက်ပြီး ပင်လယ် ထဲဝါးလုံးများနှင့် မျောနေရာမှ သူတို့ဖောင်ကိုမြင်တော့ ကူးလာ ခြင်းဖြစ်သည်။
နောက်တစ်နေ့တွင်တော့ အခြေအနေက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားသည်။ လှိုင်းလေလည်း ငြိမ်ပြီ။ ဦးသစ်မင်းလှိုင်က တော့ သူ့အတွေ့အကြုံအရ ထိုအခြေအနေရောက်ပြီဆိုရင်ဖြင့် သူတို့ မသေနိုင်တော့ကြောင်း အဖွဲ့သားတွေကို ပြောပြသည်။ မကြာခင် ကယ်ဆယ်ရေးတွေ လာတော့မည်ဆိုတာကိုလည်း သိ နေသည်။
ထို့ကြောင့် အဖွဲ့သားတွေကို ”မင်းတို့ ငါ့စကားကို နား ထောင်ရင် အသက်ရှင်မယ်၊ ငါ့စကားနားမထောင်ရင် အသက် မရှင်ဘူး”ဟု သူက သတိပေးထားလိုက်သည်။
ထို့နေ့၌ပင် ဖောင်နှင့်မျောနေရင်း ကံကောင်းထောက်မစွာ ဖြင့် သူတို့ဖောင်နှင့် ပေနှစ်ဆယ်လောက်အကွာတွင် ဖောင် အလွတ်တစ်ခုကို တွေ့လိုက်ရသည်။ ဖောင်ကို လှမ်းကြည့်သော အခါ ရိက္ခာများ ရှိသေးသည်ကို တွေ့ရသည်။ ရာနှင့်ချီသော ဖောင်များတွင် မပျက်မစီးဘဲ ကျန်ခဲ့တတ်သည့် ဖောင်များထဲက တစ်ခုပင်ဖြစ်သည်။ ဒါ့အပြင် ရေဆန်ဘက် ပေငါးရာကျော် လောက်တွင်လည်း ကျားဖောင်များဆီသို့ ရိက္ခာပို့သည့် သင်္ဘော တစ်စီးကို လှမ်းတွေ့လိုက်ရလေသည်။

Photo-Thet Oo Mon ဦးသစ်မင်းလှိုင်နှင့် သူ၏ဇနီး
”အဲဒီဖောင်က အကောင်း၊ ဒန်အိုးဒန်ခွက်တွေလည်း တွေ့ တယ်၊ ရေပေပါတွေလည်း တွေ့တယ်၊ ဆန်အိတ်တွေလည်း တွေ့ တယ်”ဟု ဦးသစ်မင်းလှိုင်က ဆိုသည်။ ဖောင်ပေါ်က လူတွေတော့ ဘယ်ရောက်သွားသည်ကို သူမသိ။
ထိုဖောင်သို့ကူးသွားရန် ဦးသစ်မင်းလှိုင်က ပြင်ဆင်လိုက် သည်။ သို့သော် သူ့စကားကို သူ့အဖွဲ့ကနားမထောင်။ ထိုထဲတွင် သူ၏ သားအကြီးဆုံးလည်းပါသည်။ နောက်အိမ်ထောင်မှ ပါလာ သော သားကြီးဖြစ်သည်။ သူနှင့် ကျားဖောင်ပေါ်တွင် ဒိုးတူပေါင် ဖက် လုပ်ကိုင်နေသည့် အားထားရသည့် သားလည်း ဖြစ်သည်။
သူက အဖော်တွေပြောသည့်အတိုင်း ရေဆန်ကို ဆန်တက် ကူးရမည့် သင်္ဘောက အသက်အ္တရာယ် ပိုစိတ်ချရမည် ထင် သည်။ ထို့ကြောင့် သင်္ဘောဆီကိုသာ ကူးသွားဖို့လုပ်ကြ၏။ ဦးသစ်မင်းလှိုင်လည်း မတတ်သာတော့။ အများနှင့် တစ်ယောက် မို့ သူပါ လိုက်ကူးရတော့သည်။
ရေဆန်မို့ ကူးခပ်ရတာ ပင်ပန်းသည်။ ဖောင်ပေါ်တွင် မမှု လောက်သည့် လှိုင်းငယ်လေးတွေက လူကူးသည့်အခါမှာတော့ မဟာအတားအဆီးများဖြစ်နေသည်။ သင်္ဘောကို လှမ်းကြည့် သည့်အခါ လှိုင်းများကြားတွင် ပေါ်ချည် ငုပ်ချည် ဖြစ်နေသည်။ လှမ်းအချက်ပြလျှင်လည်း လှိုင်းများကြောင့် မမြင်နိုင်ပေ။ မြင် ပါကလည်း မုန်တိုင်းမိထားသောကြောင့် မမောင်းနိုင်တော့သည့် သင်္ဘောက သူတို့ကို လှိုင်းများကြားတွင် လာခေါ်လို့မရချေ။
”လှိုင်းက သိပ်မရှိတော့ဘူး နည်းနည်းပဲ ရိုက်တာ ။ ရေပြင် ကို မြေပြင်မှတ်ပြီး လျှောက်သွားလုပ်လို့ ဘယ်ရမလဲ။ မြေကြီး ပေါ်မှာ လမ်းလျှောက်ရင် မောရင် ထိုင်နားလို့ရတယ်။ ရေထဲမှာ ထိုင်နားလို့မှမရတာ”
ပင်လယ်ရေကလည်း အခြားရေနှင့်မတူ အောက်ကို ဆွဲဆွဲ ချပြီး လူကို ဆွဲနှစ်နေသလိုပဲဟု ဦးသစ်မင်းလှိုင်က ဆိုသည်။ မည် မျှရေကူးကျင်လည်သူ ဖြစ်လင့်ကစား ပင်လယ်ထဲတွင် တစ်နာရီ ထက် ပိုမကူးခပ်နိုင်ဟုသူကဆိုသည်။ ထို့ကြောင့် သူလည်း ကူး ခပ်ရင်း လက်ပန်းကျလာတော့သည်။ ဒီပုံအတိုင်းဆက်သွားလျှင် သင်္ဘောဆီမရောက်နိုင်တော့။ ထိုအချိန်တွင် ကံကောင်းထောက် မစွာဖြင့် ဝါးလုံးတစ်လုံးကို ရလိုက်သည်။
သူနှင့် အတူကူးခပ်နေသူတွေကိုလည်း မတွေ့တော့။ လှိုင်း ရိုက်တာကြောင့် လူစုကွဲသွားခြင်းဖြစ်သည်။ ဝါးလုံး အကူအညီ ဖြင့် သင်္ဘောဆီသို့ သူရောက်သွားခဲ့သည်။ သင်္ဘောပေါ်တွင် သူနှင့်အတူ ကူးခပ်ခဲ့သည့် သုံးယောက်ကိုတွေ့ရသည်။ သူ့သား နှင့် အဖော်ကိုတော့ မတွေ့ရ။ ပင်လယ်ပြင်ထဲလှမ်းကြည့်သည်။ အရိပ်အယောင်မျှပင် မတွေ့တော့။
သင်္ဘောမာလိန်ကိုလည်း လိုက်ရှာကြည့်ပေးဖို့ အပူကပ် သေးသည်။ ရှာလို့မရဟုသာ သူ့ကို ပြန်ပြောသည်။ သူကိုယ်တိုင် လည်း သုံးရက်ကြာ အစာမစား၊ ရေမသောက်ဘဲ နေရသည့် အတွက် ယိုင်နဲ့နဲ့သာရှိတော့သည်။ အာခေါင်တွေလည်း အက်ကွဲ နေပြီး ထမင်းတောင် မစားနိုင်။ ရေတောင် နည်းနည်းစီ သောက် ရသည်။
ထိုသင်္ဘောမှတစ်ဆင့် ကယ်ဆယ်ရေးသင်္ဘောတွေ လာ သည့်အခါ သူနေထိုင်သည့် ဖျာပုံမြို့နယ် ဒေါ်ညိမ်းကျေးရွာ အုပ်စု အတွင်းက ခါးပြတ်ရွာသို့ ရောက်ခဲ့သည်။ ထိုမှတစ်ဆင့် သူနေ ထိုင်ရာ ဘုရားလေးစုရွာသို့ ပြန်ရောက်လာခဲ့သော်လည်း သား ဖြစ်သူကတော့ ယနေ့အထိ အိမ်ပြန် ရောက်မလာတော့ပေ။
သားဖြစ်သူ အဖြစ်ဆိုးအတွက် စိတ်ထဲလည်း အတော် မကောင်းဖြစ်ရသည်။ ပြီးတော့ ကျားဖောင်ပေါ်တွင် အားကိုးအား ထားပြုနေရသူဖြစ်သည့်အတွက် ”ကိုယ့်လက်မောင်းတစ်ဖက် ပြုတ်တာပဲ”ဟု ဦးသစ်မင်းလှိုင်က ဆိုပါသည်။
ဦးသစ်မင်းလှိုင်သည် အသက် ၅ဝ အရွယ်ရှိပြီး ခေါင်းတုံး ဆံပင်ပေါက်နှင့် ဖြစ်သည်။ အသားအရေမှာ ကြေးနီရောင်ထနေ ပြီး ခန္ဓာကိုယ် တုတ်တုတ်ခိုင်ခိုင်ရှိကာ လူကြမ်းမင်းသားနှင့်ပင် ဆင်တူ၏။ ကျွန်တော်နှင့် တွေ့သည့်နေ့က မီးခိုးရောင်ပုဆိုး ခပ်နွမ်းနွမ်းနှင့် ဝါကြင်စပြုနေသော တီရှပ်အဖြူကို ဝတ်ဆင် ထားသည်။

Photo-Thet Oo Mon ကိုင်ပေါက်ခံထားရသည့် ကားဖောင်ငယ်ပုံစံ
စကားကို တစ်လုံးချင်း ပြောတတ်သည်။ တစ်ခါတစ်ရံ စကားပြောရင်း ရင်မောစရာလေးများပါလာပေမယ့် ရယ်ပွဲဖွဲ့ လိုက်သေးသည်။ ပုံမှန်ဆိုလျှင် အနေအေးကာ ဖော်ရွေသလောက် သူ့ကို မတရားလုပ်မည်ဆိုပါက ခြေမြန်လက်မြန် တ့ုံပြန်ရန် ဝန် မလေးတတ်ကြောင်းလည်း သူ့ပြောစကားများနှင့် သူ့မျက်နှာ တွင် အထင်းသားပေါ်လွင်နေ၏ ။
ဦးသစ်မင်းလှိုင်က ပင်လယ်ပြင်တွင် တစ်နှစ်လျှင် ရှစ်လနီး ပါးသွားရောက်လုပ်ကိုင်ရသည့် ကျားဖောင်တွင် ၁၅ နှစ်ကျော် ဖောင်ဦးစီးဘဝဖြင့် လုပ်ကိုင်ခဲ့သူပင်ဖြစ်သည်။ သူ ကျားဖောင် လိုက်ခဲ့စဉ်က မုန်တိုင်းမိခဲ့သော အတွေ့အကြုံကို သူ့အိမ်ရှေ့တွင် ထိုင်နေရင်း ပြန်ပြောပြနေခြင်းဖြစ်သည်။ သူမှတ်မိသလောက် နာဂစ်ပြီး သုံးနှစ်အကြာလောက်တွင် ဖြစ်ခဲ့တာဟု ဆိုသည်။
၂ဝ၁၁ မတ် အတွင်းက ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း တွင် လေဖိအားနည်း ရပ်ဝန်းတစ်ခုဖြစ်ပေါ်ကာ ရပ်ဝန်းအရှိန် ကြောင့် မြစ်ဝကျွန်းပေါ် ၊ မုတ္တမကွေ့၊ မွန်ပြည်နယ်နှင့် တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁ နာရီ မိုင် ၆ဝ မှ ၇ဝ နှုန်း တိုက်ခတ်ခဲ့ပြီး မိုးသက်လေပြင်းများ ကျ ရောက်ခဲ့ရာ ဖျာပုံမြို့နယ်အတွင်းရှိ ကျားဖောင်လုပ်ငန်းများနှင့် ကျားဖောင်လုပ်သားများ ပျောက်ဆုံးပျက်စီးခဲ့ကြသည်။
ဖျာပုံခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ စာရင်းများအရ ထိုဖြစ် စဉ်ကြောင့် ရေလုပ်သား ၁၆,ဝဝဝ ကျော် ထိခိုက်ခဲ့ကြပြီး ၂ဝ ဦး သေဆုံးကာ လူပေါင်း ၄၈ဝကျော် ပျောက်ဆုံးသွားခဲ့သည်။ ထို အဖြစ်အပျက်တွင် ဦးသစ်မင်းလှိုင်တို့လည်း ပါဝင်၏။
ကျားဖောင်လုပ်ငန်းသည် ပင်လယ်ကမ်းဝေး ငါးဖမ်းလုပ် ငန်းဖြစ်ပြီး ပင်လယ်ကမ်းစပ်မှ ရေမိုင် ၇ဝ အထိ သွားရောက်ကာ ငါးပုစွန်များကို ဖမ်းယူရခြင်းဖြစ်သည်။ ကျားဖောင်လုပ်ငန်းကို စက်တင်ဘာမှ ဧပြီအထိ ရှစ်လကြာ ပင်လယ်ပြင်ထဲတွင် လုပ် ကိုင်ကြရသည်။ကျားဖောင်ကို အနည်းဆုံး အချင်းခြောက်လက်မ၊ အလျား ၂၅ တောင်ရှည်သည့် ဝါးပိုးဝါး အလုံး ၁ဝဝ ခန့်ဖြင့် တည်ဆောက်ကြသည်။ ကျားဖောင်အကျယ်သည် ကိုးတောင်ရှိ ပြီး အရှည်သည် ၂၅ တောင်ခန့် ရှိသည်။
ကျားဖောင်တစ်ခုတွင် ကျားပိုက်ထောင် ကျွမ်းကျင်သည့် ဖောင်ဦးစီးတစ်ယောက်နှင့် နောက်လိုက်နှစ်ယောက် ရှိသည်။ လုပ်ငန်းရှင်တစ်ဦးတွင် ထိုသို့ ကျားဖောင်များ ရာဂဏန်းမှသည် ထောင်ဂဏန်းထိ ရှိကြသည်။ ထိုဖောင်များကို အုပ်ချုပ်ရန် ဖောင်ဦးစီးချုပ်တစ်ဦးရှိသည်။ ပင်လယ်ပြင်တွင် ကျားဖောင်လုပ် သားတို့သည် ပိတ်ရက်မရှိ ၂၄ နာရီတွင် လေးရေ လေးကြိုး၊ ၆ နာရီတစ်ကြိမ် ရေတက်ရေကျတွင် ပိုက်ချ ပိုက်ဖော်ကာ ရလာ သောငါးပုစွန်များကို ဆားနယ် အခြောက်လှန်းကြရသည်။
ပင်လယ်ပြင်ရှိ ကျားဖောင်လုပ်သားများကြားတွင် လုပ် ငန်းခွင် အ္တရာယ်များအပြင် လူသတ်မှုများ၊ မိမိကိုယ်ကိုယ် သေ ကြောင်း ကြံစည်မှုများရှိသလို ဖောင်ဦးစီးများအလစ်တွင် ပင် လယ်ထဲ ထွက်ပြေးသွားတတ်ကြပြီး လူပျောက်တိုင်တန်းမှု ဖြစ် စဉ်များလည်း နှစ်စဉ်နီးပါး ဖြစ်ပွားလေ့ရှိသည်။
(ကျားဖောင်သမားတို့၏ အကြောင်းကို ၂ဝ၁၆ ဇွန်ထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ် ၃၅ တွင် ‘ကျားဖောင်ပေါ်က ပင်လယ် သားတို့ဘဝ’အမည်ဖြင့် သတင်းဆောင်းပါးဖော်ပြခဲ့ပြီး ဖြစ် ပါသည်။)
စိတ်လေလို့ ပင်လယ်ထွက်
ထိုသို့ အ္တရာယ်ထူပြောလှသော ကျားဖောင်လုပ်ငန်းသို့ ဦးသစ်မင်းလှိုင်တစ်ယောက် မရည်ရွယ်ဘဲ ရောက်ရှိခဲ့ခြင်း ဖြစ် သည်။ သူ့ဇာတိက ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်း မြို့ နယ်က ဖြစ်သည်။ မွေးချင်း မောင်နှမလေးယောက်အနက် သူက ဒုတိယသားဖြစ်သည်။
မိဘတွေက လယ်ယာလုပ်ငန်းလုပ်ကိုင်ကြပြီး သူလည်း အတန်းပညာ တစ်ဝက်တပျက်ဖြင့် မိဘတွေကိုကူဖို့ လယ်ယာ လုပ်ငန်းခွင်ထဲ ဝင်ခဲ့ရသည်။ ထိုစဉ်က ကိုယ်ပိုင်လယ်ယာရှိသဖြင့် လုပ်ငန်းကိုင်ငန်း အဆင်ပြေသည်။ ထိုသို့နေလာရင်း အချိန်တန် အိမ်ထောင်ပြုကာ လယ်ယာလုပ်သားဘဝဖြင့် ဖြတ်သန်းနေ ခဲ့သည်။
သို့ပေမဲ့ ဘဝက သူထင်သလိုဖြစ်မလာခဲ့။ သူ့အသက် ၃ဝ လောက်မှာ စိတ်သဘောထားချင်း မတိုက်ဆိုင်သောကြောင့် အိမ်ထောင်ကွဲခဲ့လေသည်။ အိမ်ထောင်ကွဲသည့် အကြောင်း ရောက်သည့်အခါ သူ့လေသံက ခပ်တိုးတိုးဖြစ်သွားသည်။ ဘေး တွင် သူ၏ ဒုတိယအိမ်ထောင်ကလည်း ထိုင်နေသည်။ သူနှင့်က ဒေါ်ညိမ်းကျေးရွာ အုပ်စုအတွင်းက ခါးပြတ်ကျေးရွာတွင် ကျား ဖောင်လိုက်နေရင်း တွေ့ဆုံခဲ့တာဖြစ်သည်။
အိမ်ထောင်ကွဲပြီး စိတ်လေသဖြင့် ဖျာပုံမြို့နယ်က သူ့ သူငယ်ချင်းရှိသော နောက်မီးကျေးရွာသို့ စိတ်ပြေလက်ပျောက် ထွက် လာခဲ့သည်။ ထိုရွာတွင် နေထိုင်ရင်း ကျားဖောင်လုပ်ငန်းခွင် များကိုမြင်တော့ ဝင်ရောက်လုပ်ကိုင်ခဲ့လေသည်။ ပင်လယ်ထဲက နေ စက်လှေဖြင့် သယ်ယူလာသည့် ငါးတောင်းများကို ထမ်းရ ခြင်း ဖြစ်သည်။
”ထမ်းရတဲ့တောင်းကြီးတွေက ယောက်ျားသုံးယောက်စာ မ,ပင့်ရတဲ့ဟာတွေ” ဟု သူက ဆိုသည်။
ထိုအလုပ်က ပင်ပန်းသောကြောင့် ဆက်မလုပ်တော့။ ပင် လယ်ထဲက ကျားဖောင်များဆီကို ငါးပုစွန်များ သွားယူသည့် သင်္ဘောတွင် နောက်လိုက်အဖြစ် ပြောင်းလဲလုပ်ကိုင်ခဲ့သည်။ ထို အလုပ်ကို ငါးပေါင်းနောက်လိုက်ဟုခေါ်သည်။ ထိုမှတစ်ဆင့် လုပ် သက်သုံးနှစ်လောက် ကြာသည့်အခါတွင်တော့ ငါးပေါင်းတက် မကိုင် (သင်္ဘောမောင်းသူ) လုပ်ခွင့်ရခဲ့သည်။
ငါးပေါင်းတက်မကိုင်ဘဝတွင် ပထမဆုံးအကြိမ် မုန်တိုင်း မိသေးသည်။ မုန်တိုင်းကြောင့် သူမောင်းသည့် စက်လှေထဲ ရေ ဝင်ကာ စက်ရပ်ပြီး မျောပါသွားခြင်းဖြစ်သည်။ စက်လည်း ပြန်နှိုး မရ။ မုန်တိုင်းဒဏ်ကြောင့် စက်လှေလည်း နှစ်ကြိမ်လောက် မြုပ် မလိုဖြစ်ခဲ့ရသည်။
ပထမဆုံးအကြိမ် မုန်တိုင်းနှင့် ကြုံရသည့်အခါ ”ကြောက် တာပေါ့ ဘုရားပဲ တရတာပေါ့”ဟု သူက ဆိုသည်။
မျောပါသွားသည်က ရန်ကုန်မြစ်ဝအထိ ရောက်သွားခဲ့ သည်။ စက်ကို ပြန်ပြင်ပြီး မောင်းတော့ ရသေးသည်။ ကံဆိုးချင် တော့ ကမ်းကပ်ခါနီးတွင်မှ စက်ရပ်ကာထပ်မျောပြန်၏။ ကျောက် ချလို့လည်းမရ။ ကျောက်ဆူးရှိသည့် မော်တော်ဦးပိုင်းက မုန် တိုင်းကြောင့် ပဲ့ကျမလို ဖြစ်နေသောကြောင့်ဟု သူက ရှင်းပြ သည်။ ထိုစဉ်ကလည်း ပင်လယ်ထဲ သုံးရက်လောက် မျောနေခဲ့ ရသည်။
ဖောင်ဦးစီးဘဝ
ထိုနေရာတွင် ငါးနှစ်လောက်လုပ်ကိုင်ပြီး ဒေါ်ညိမ်းကျေး ရွာအုပ်စုအတွင်းက ခါးပြတ်ကျေးရွာ ကျားဖောင်လုပ်ငန်းခွင်သို့ ပြောင်းရွှေ့လာခဲ့သည်။ ထိုလုပ်ငန်းခွင်တွင် သူအရင်လုပ်ခဲ့သည့် ငါးပေါင်းတက်မကိုင်အဖြစ် အလုပ်ပေးရန် လုပ်ငန်းရှင်များထံ ချဉ်းကပ်သေးသည်။ အသိအကျွမ်း မရှိ၊ အာမခံပေးမည့်သူလည်း မရှိသဖြင့် ထိုအလုပ် မရ။ ငါးပေါင်းနောက်လိုက်အဖြစ်သာ နေရာ ပေးသည်။ ထို့ကြောင့် ကျားဖောင်ပေါ်တွင် ဖောင်ဦးစီးအဖြစ် လုပ်မည်ဆိုပြီး ဝင်လျှောက်မှသာ အလုပ်ရခဲ့လေသည်။
ထိုအချိန်က အသက် ၃၄ နှစ်လောက်ရှိပြီဖြစ်သည်။ ကျားဖောင်စလိုက်မည်ဆိုပါက ရာသီချိန်ရောက်ပြီဆိုလျှင် ဖောင်တွေ ရိုက်ကြရသည်။ ဖောင်တွေ ရိုက်ပြီးပြီဆိုပါက လုပ် ငန်းရှင်များက သက်ဆိုင်ရာဖောင်အလိုက် ဖောင်ဦးစီးတစ် ယောက်၊ နောက်လိုက်နှစ်ယောက် တာဝန်ခွဲပေးသည်။
ဆန်တစ်အိတ်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ငရုတ်သီး စသဖြင့် အခြေခံ စားသောက်ကုန်များလည်း တစ်လတန်သည်၊ နှစ်လ တန်သည်အထိ ပြည့်စုံအောင် ထည့်ပေးလိုက်သည်။ ရိက္ခာကုန် သွားလျှင် ငါးပေါင်းသင်္ဘောများနှင့် ထပ်ဖြည့်ပေးသည်။ ဟင်း စားကတော့ ကျားထောင်ရာတွင် ရသည့် ငါးပုစွန်များကို စား သောက်ရသည်။
ပင်လယ်ပြင်တွင် လပေါင်းများစွာ နေရမည် ဖြစ်သည့် အတွက် ကျန်းမာရေးအတွက် လိုအပ်မည့်ဆေးဝါးများကိုတော့ မိမိဘာသာ ဝယ်ရသည်။ လူးဆေး၊ လိမ်းဆေး၊အနာထည့်ဆေး၊ သောက်ဆေး စသဖြင့် သုံးလေးသောင်းဖိုး ဝယ်ထည့်သွားရသည် ဟု ဦးသစ်မင်းလှိုင်က ပြောပြသည်။
ပင်လယ်ပြင်ရောက်သည့်အခါတွင်လည်း လိုအပ်သည့် ပစ္စည်းများကို ရိက္ခာလာပို့သည့် သင်္ဘောများနှင့် မှာလို့ရသည်။ သို့သော် ၁၅ ရက်တစ်ခါ ငါးထောင်ဖိုးသာ မှာခွင့်ရသဖြင့် မလုံ လောက်သောကြောင့် ကုန်းပေါ်ရှိကတည်းက အပြည့်အစုံ ဝယ် သွားရသည်။ ပင်လယ်ထဲ ငါး၊ ပုစွန် စားရတာ ညည်းငွေ့လာပါက ဟင်းသီးဟင်းရွက်နှင့် အသားများကို ထိုငါးထောင်ဖိုးနှင့် မှာစား ရသည်။
လူများ နေရာချပြီး မိုးလေကင်းလွတ်သည်နှင့် ကျားဖောင် များကို ပင်လယ်ထဲသို့ ဆွဲခေါ်သွားတော့သည်။ ပင်လယ်ထဲ ရောက်ပြီ ဆိုလျှင်ဖြင့် ဖောင်ဦးစီးချုပ်မှ ကျားဖောင်များကို ကျား ပိုက်တစ်ခုစီ ပေးသည်။ ထိုအချိန်မှစ၍ ကျားပိုက်လုပ်ငန်းခွင် စပြီ ဖြစ်သည်။
ပင်လယ်တွင် ရေတက်ရေကျက လေးကြိမ်ရှိသည်။ ခြောက်နာရီတစ်ကြိမ် ဖြစ်သည်။ ထိုလေးကြိမ်တွင် ကျားဖော် ကျားချရသည်။ တစ်ခါဖော်ပြီး အလုပ်လုပ်ရင် အနည်းဆုံး လေး နာရီကြာသဖြင့် နားချိန် နှစ်နာရီသာရှိသည်။ တစ်ခါတလေ အထိ အမိများလျှင် လုံးဝမနားရတော့ ။
”နေမကောင်းလည်း လုပ်နေရတာပဲ။ လုံးဝမလုပ်နိုင်၊ လုံး လုံးလဲသွားပြီဆိုရင် အလံထိုးပြီး လှမ်းခေါ်ရတာပဲ”ဟု ဆိုသည်။
ဖောင်ပေါ်တွင် အလံထိုးသည်ဆိုသည်မှာ အဝတ်တစ်ခုခု ကို ဝါးလုံးနှင့် လွှင့်ထားခြင်းဖြစ်သည်။ သူ့သတ်မှတ်ချက်များနှင့် အရေးအကြောင်းရှိမှသာ အလံလွှင့်ရသည်။ ဖောင်ဦးတွင် အလံ ထူထားပါက လူသေ၍ ဖြစ်သည်။ ဖောင်လယ် လူနေသည့် နေရာ တွင် အလံထူပါက နာမကျန်းဖြစ်နေသည့် သဘောဖြစ်ပြီး ဖောင် နောက်တွင် အလံထူပါက ရိက္ခာတောင်းခြင်းဟု ဦးသစ်မင်းလှိုင် က ရှင်းပြသည်။
သူ စလုပ်တုန်းကဆို ရာသီချိန် ရှစ်လအတွင်း နှစ်ကြိမ်အိမ် ပြန်နားခွင့်ရှိသေးသည်။ နောက်ပိုင်းတစ်ကြိမ်သာ တက်ခွင့်ရ တော့သည်။ ယခုဆိုရင် တစ်ကြိမ်မှ မနားရတော့ပေ။ လုပ်ငန်း ရှင်နှင့် ရင်းနှီးသည့်သူသာ တက်ခွင့်ပေးသည်ဟု ဦးသစ်မင်းလှိုင် က ပြောပြသည်။
”ရပ်ဝေးက လာလုပ်တဲ့သူတွေဆိုရင်လည်း သေမှတင်ပေး တယ်။ အခုက အဲဒီအဆင့်ဖြစ်လာပြီ”ဟု သူက ဆိုသည်။
သူစလုပ်တုန်းက ကျားဖောင်ပေါ်တွင်လည်း ဒီလောက် အလုပ်မများသေး။ ရလာသည့် ငါးပုစွန်များကို ဆားနယ်ကာ ထားလိုက်ရုံပင်။ မော်တော်များက ရေခဲနှင့်အုပ်ကာ လာယူသွား ကြသည်။ သို့ပေမဲ့ သူလုပ်ပြီး နှစ်အနည်းငယ် အတွင်းမှာပင် ဖောင်ပေါ်တွင် ငါး၊ ပုစွန်များကို အခြောက်လှန်းရသည့် စနစ် စတင်တော့သည်။ ထို့ကြောင့် အလုပ်ပိုလုပ်ရကာ နားချိန် သိပ် မရှိတော့ပေ။
လစာကိုလည်း ထိုလှန်းထားသည့် ငါး၊ ပုစွန် အခြောက် များကို အချိန်နှင့် တွက်ချက်ပေးတော့သည်။ ဥပမာ-ငါးခြောက်၊ ပုစွန်ခြောက် တစ်ပိဿာလျှင် နှစ်ရာ သုံးရာစသဖြင့် သတ်မှတ် ပေးထားသည်။ ပြီးနောက် ရာသီကုန်သည့်အခါ ရှစ်လလုံးလုံး ဖမ်းဆီးရမိပြီး အခြောက်လှန်းထားသည့် ငါးခြောက်၊ ပုစွန် ခြောက် ပိဿာချိန်အရ သိန်းသုံးဆယ်ဖိုးဆိုလျှင် တစ်ဦးကို ဆယ် သိန်းက ငါးခြောက်လှန်းခအဖြစ် အပိုဆုကြေးရသည်။
လစာက တစ်လ တစ်သိန်းဖြစ်သည်။ ရှစ်လလုပ်လျှင် ရှစ် သိန်းရမည် ဖြစ်ပြီး ငါးခြောက်လှန်းခ ဆယ်သိန်းနှင့် ပေါင်းပါက ဆယ့်ရှစ်သိန်းခန့် ရမည်ဖြစ်သည်။ ဒါ့အပြင် တန်ချိန်အများဆုံး ရရှိသည့် ဖောင်သုံးခုကို ဆုကြေးငွေ တစ်သိန်းစီပေး၏။
တစ်လလျှင် ငွေနှစ်သိန်းစွန်းစွန်း လုပ်ခလစာရခြင်း ဖြစ် လေသည်။ ဦးသစ်မင်းလှိုင်ကတော့ ရသည့်လုပ်ခမှာ လုပ်ရသည့် အလုပ်နှင့် မတန်ဘဲ သူတို့မှာ သက်စွန့်ဆံဖျား နှစ်ဆယ့်လေးနာရီ နီးပါး လုပ်ရသည့်အတွက် နှစ်ရက်စာ လစာမျိုး ရသင့်သည်ဟု ဆိုသည်။
”ကုန်းပေါ် လူငှားလုပ်တာတောင် တစ်သိန်းနှစ်သောင်း လောက်ရတယ်။ ဒီဟာက အသက်အ္တရာယ်နဲ့ အအိပ်ပျက် အစားပျက်လုပ်ရတာ ဒီလောက်ပဲရတယ်ဆိုတာ့ မဟုတ် သေးဘူး”
ပင်လယ်ပြင်က ဥပဒေ
ထိုလုပ်ခလစာစနစ်ကြောင့် ကျားဖောင်ပေါ်တွင် အလုပ် ချိန် ပိုများလာသကဲ့သို့ ရန်ပွဲများလည်း ပိုဖြစ်လာခဲ့သည်။ ဖောင် ပေါ်ရှိ သုံးဦးစလုံး တန်းတူအလုပ်လုပ်နိုင်လျှင် ပြဿနာမရှိ။ သို့ပေမဲ့ တစ်ဦးက အချောင်ခိုမည်ဆိုပါက ကျန်နှစ်ဦး လုပ်ခကို အလုပ်မလုပ်သူက ဝေပုံကျအရ ရနေမည်ဖြစ်သောကြောင့် ကျန် သူတွေက မကြည်ဖြူတော့ပေ။ ထို့ကြောင့် စကားများကြသည်။ တစ်ခါတစ်ရံ လူသေသည်အထိ ဖြစ်ကြတော့သည်။
နောက်ထပ်ပြဿနာမှာ ဖောင်ဦးစီးက နောက်လိုက်များ ကိုခိုင်းပြီး သူက အလုပ်မလုပ်ခြင်းပင်ဖြစ်သည်။ ထိုအခါ လက် အောက်ငယ်သားများနှင့် စကားများကာ ရန်ဖြစ်ကြပြန်သည်။ တချို့လက်အောက်ငယ်သားများဆိုလျှင် ဖောင်ဦးစီးကို သူ လစ် သည့်အချိန်တွင် အသက်ကို ရန်ရှာကြသည်။ ဖောင်ဦးစီးကလည်း ငယ်သားများကို အလုပ်မလုပ်ပါက ရိုက်နှက်ထိုးကြိတ်ကာ ဆုံးမ သည်။ ဆုံးမရင်း ခြေလွန်လက်လွန်လည်း ဖြစ်သွားတတ်သည်။
သေဆုံးသွားလျှင် ပင်လယ်ထဲ ပစ်ချလိုက်ပြီး ”လူပျောက် ရင် ရေထဲကျတာပေါ့။ ဖောင်တွေ အချင်းချင်းကတော့ သိတာ ပေါ့”ဟု ဦးသစ်မင်းလှိုင်က ဖောင်ပေါ်တွင် ကြုံတွေ့နေသည့် အခြေအနေများကို ပြောပြသည်။
သိပေသော်လည်း ထိုးကြိတ်ရန်ဖြစ်ကြသည်မှာ ညအချိန် များတွင်သာ ဖြစ်ကြသဖြင့် လက်ပူးလက်ကြပ်မမိပါက လူသတ်မှု များက မပေါ်ချေ။ ထို့နောက် ဖောင်ဦးစီးချုပ်ထံ ရေထဲကျသွား သည်ဟု ပြောလိုက်ပြီး လူထပ်တောင်းလိုက်သည်။
ဦးသစ်မင်းလှိုင်ကတော့ ဖောင်ဦးစီးလုပ်သည့် သက်တမ်း တစ်လျှောက် သူလည်း အရိုက်မခံခဲ့ရသလို သူများကိုလည်း မရိုက်ခဲ့ဟုဆိုသည်။ ပိုက်ဆံလိုချင်၍သာ ကမ်းမမြင် လမ်းမမြင် ပင်လယ်ထဲ လာရောက်လုပ်ကိုင်နေခြင်းကြောင့် သူလည်း အလုပ်ကို နောက်လိုက်များနှင့်အတူ တန်းတူလုပ်ပြီး ငွေများများ ရဖို့သာ အာရုံထားသည်ဟုဆိုသည်။
သို့ပေမဲ့ တစ်ခါတော့ သူ့နောက်လိုက်တစ်ဦးကို လက်သီး နှင့် ထိုးခဲ့ဖူးသည်ဟု ပွင့်ပွင့်လင်းလင်းပြောပြသည်။ ထိုသူက အလုပ်မလုပ်ဘဲ အချောင်ခိုနေသာကြောင့် စိတ်မရှည်ဘဲ ထိုး လိုက်မိတာဟု သူက ပြောပြသည်။ ပြီးနောက် ဖောင်ဦးစီးချုပ်ကို သတင်းပို့လိုက်သည်။ ဦးစီးချုပ်က လူလာလဲပေးပြီး ထိုသူကို လည်း ရိုက်နှက်တော့၏ ။
ပင်လယ်ပြင်တွင် ဥပဒေအားနည်းသည်။ ဖောင်များအား လုံး၏ အချုပ်ဖြစ်သော ဖောင်ဦးစီးချုပ် သဘောအတိုင်းသာ ဖြစ် သည်။ ဖောင်ဦးစီးချုပ်က ခိုင်းမရ ပြုမရဖြစ်နေလျှင် လူလေးငါး ယောက် ခေါ်လာကာ ထင်းချောင်းများဖြင့် ထိုလူကို ဝိုင်းရိုက်ကြ သည်။ တချို့ ဦးစီးချုပ်များကို လုပ်ငန်းရှင်ကပင် ပြန်ကြောက်ရ သည်ဟု ဦးသစ်မင်းလှိုင်က ဆိုသည်။
”ရပ်ဝေးက လူတွေဆိုရင် တချို့ဖောင်ဦးစီးချုပ်တွေက နေမကောင်းဘူးဆိုရင် ဆားရည်ဖျော်တိုက်တာတို့၊ တုတ်နဲ့ ရိုက် တာတို့ ကျိုးပဲ့သေကုန်တာပဲ။ သူတို့လုပ်လို့ သေပြီဆိုရင် ရေထဲ ခုန်ချလို့ သေတယ်ဆိုပြီး လုပ်လိုက်တာ”ဟု ဦးသစ်မင်းလှိုင်က ဆိုသည်။
”(ကျားဖောင်) တစ်ခါလိုက်ရင် မသေတဲ့စင် (ကျားဖောင် လုပ်ကွက်) ကတော့ မရှိသလောက်ပါပဲ။ အနည်းနဲ့ အများပဲ သေ ကြတာ”
သေမင်းခံတွင်းဝ ကျားဖောင်လုပ်သားဘဝ
ထိုသို့ လူက လုပ်သည့် အ္တရာယ်များအပြင် လုပ်ငန်းခွင် အ္တရာယ် များစွာရှိသေးသည်။ အဓိက အ္တရာယ်မှာ မုန်တိုင်းဖြစ် သည်။ ပုံမှန်အားဖြင့် ပင်လယ်ပြင်တွင် နှစ်စဉ် မုန်တိုင်းမမိသည့် နှစ် မရှိဟု ဦးသစ်မင်းလှိုင်က ပြောပြသည်။ ပုံမှန် မုန်တိုင်းအသေး လောက်ကတော့ သူတို့က မမှုချေ။ သို့ပေမဲ့ လေးနှစ်တစ်ကြိမ် လောက်တော့ မုန်တိုင်းကြီးတွေ မိတတ်သည်။ ထိုမုန်တိုင်းမျိုး မိပါက သေလျှင် သေ၊ မသေလျှင် ပင်လယ်ထဲ မျောပါသွား တတ်သည်။
လုပ်သက်ရင့်နေသူမျိုးအဖို့က ပင်လယ်ပြင်တွင် မုန်တိုင်း လာတော့မည်ဆိုလျှင် ကြိုတင်သိတတ်ကြသည်။ ဦးသစ်မင်းလှိုင် ဆိုလျှင် မုန်တိုင်းလာမည်ဆိုပါက တပ်အပ်သိသည်။ သူကတော့ ရာသီဥတုကို သေချာသတိထားကြည့်မိပါက အသိသာချည်းဟု ဆိုသည်။
”ပင်လယ်ထဲမှာနေလာတော့ ကျိန်းသေ မုန်တိုင်းတိုက် မယ်၊ မတိုက်ဘူးဆိုတာ အတိအကျပြောနိုင်တယ်”
မုန်တိုင်းလာတော့မည်ဆိုပါက ရေစီးပုံတွေက ဖောက်ပြန် လာသည်။ ခါတိုင်း တောင်မှ မြောက်စီးနေရာမှ မြောက်မှ တောင် စသဖြင့် ပြောင်းပြန်တွေ စီးကုန်တော့သည်။ ကောင်းကင်သည် နီညိုရောင်သန်းလာသည်။ ရေအရောင်တွေလည်း မည်းလာ သည်။ နောက်တစ်ခုက ကောင်းကင်က ကြယ်တွေ အရောင် ပြောင်းခြင်း ဖြစ်သည်။
”ကြယ်တွေ အနီရောင်သန်းလာပြီဆို ဒါ လေပြင်းပြင်း တိုက်တော့မယ်။ မျက်တောင်ခတ်ရုံလောက်ဆိုတာ လေနည်း နည်းပဲတိုက်မယ်။ မျက်တောင် ဖျပ်ဖျပ်ခတ်ပြီး အနီရောင်သန်းပြီ ဆို မုန်တိုင်းဖြစ်တော့မယ်”ဟု သူက ဆိုသည်။
မုန်တိုင်းလာမည်ကို သိသော်လည်း ပြေးစရာ မြေက မရှိ ချေ။ ထို့အတွက် သူတို့က မုန်တိုင်းလာလျှင် အသက်မသေအောင် ကြိုတင် ပြင်ဆင်ထားရသည်။ ငါးပိုက်ချသည့် ဘောလုံးပုံစံ ဖော့ သီးအမည်းနှစ်လုံးကို ကြိုးနဲ့ တွဲချည်ထားခြင်း ဖြစ်သည်။
မုန်တိုင်းမိပါက ဖော့သီးအကူအညီနှင့် ရေပေါ် ပေါ်နေမည် ဖြစ်ပြီး ”အသက်ရှင်နေရင် မျှော်လင့်ချက်တော့ ရှိတယ်”ဟု ဦးသစ်မင်းလှိုင်က ရှင်းပြသည်။
သူဆိုလျှင် မုန်တိုင်းကြီး သုံးကြိမ်မိပြီးဖြစ်သည်။ တစ်ကြိမ် ကတော့ အထက်မှာ ဖော်ပြခဲ့သလို နောက်မီးတွင် သင်္ဘော မောင်းနေစဉ်ကဖြစ်သည်။ ဒုတိယတစ်ကြိမ်က သားဖြစ်သူ ဆုံး ပါးသွားတုန်းက ဖြစ်သည်။ နောက်ဆုံးအခေါက်ကတော့ သူ့ အတွက် အခြေအနေ တော်တော်ဆိုးသည်။ ၂ဝ၁၄ က ဖြစ်သည်။
ထိုအချိန်က ဖောင်ပေါ်တွင် ရင်ကျပ်နေသဖြင့် ကမ်းပေါ်သို့ တင်ပေးရန် ဖောင်ဦးစီးချုပ်ကို သတင်းပို့သည်။ ဦးစီးချုပ်က တင် မပေးနိုင်ဟုဆိုသည်။ ထို့ကြောင့် သူဌေးကို အတင်းအကျပ် ပြော ခိုင်းရာ နောက်တစ်ခေါက် သင်္ဘောကြုံဖြင့် ကမ်းပေါ် တက်လာ ရန် ခွင့်ပြုချက်ရခဲ့လေသည်။
သို့သော် သင်္ဘောကြုံမရောက်မီ မုန်တိုင်းနှင့် ဦးစွာ တွေ့ ခဲ့လေသည်။ ထို့ထက်ဆိုးသည်က မုန်တိုင်းမတိုက်ခင် တင်ပါးကို ရေနွေးပူ လောင်လိုက်သေးသည်။ ဖြစ်ပုံက ပုစွန်ပြုတ်ဖို့ ရေနွေး တည်ထားသည့် အိုးကို သူ့နောက်လိုက်တစ်ဦးက ခလုတ်တိုက် လိုက်ရာ သူ့တင်ပါးကို ရေနွေးပူတွေ လာစင်ပြီး လောင်ကုန်ခြင်း ဖြစ်သည်။ လောင်လို့ ဆေးမကုရသေးခင် မုန်တိုင်း တိုက်သည့် အခါ ပင်လယ်ထဲ မျောရပြန်သည်။
ရန်ကုန်မြစ်ဝအထိရောက်သွားခဲ့သည်။ ရန်ကုန်ဆိပ်ကမ်း က မော်တော်ဘုတ်လေးများနှင့် လာကယ်ကြသည်။ သူ့ကို ကြည့် ပြီး ရန်ကုန်တွင် ဆေးရုံတက်မလားဟု မေးသေးသည် ။ သူက ဒဏ်ရာမပြင်းဟုဆိုကာ ဆေးရုံမတက်ဘဲ ရန်ကုန်မှ ကားနှင့် ပြန် လာခဲ့လိုက်သည်။
”ဒီလောက် ရေနွေးပူကတော့ ဆေးလိမ်းရင် ပျောက်တယ် ဆိုပြီး ပြန်ချလာတာ။ ဖင်ကတော့ မထိုင်နိုင်တော့ဘူး” သူက ရယ်လျက်ဆိုသည်။
ငါးမန်းက နောက်က လိုက်
မုန်တိုင်းအ္တရာယ်အပြင် နောက်ထပ် သတိထားရမည့် အ္တရာယ်တစ်ခုလည်းရှိသေးသည်။ ငါးမန်းများ၏ အ္တရာယ် ဖြစ် သည်။ ရေမိုင် ၅ဝ မှ ၈ဝ အထိရှိသော ပင်လယ်ထဲတွင် ငါးမန်း များလည်းပေါသည်။ တချို့ဆိုရင် ရေထဲဆင်းကာ ကျားပိုက်ကြိုး ချည်ရင်း မြုပ်ကာ ပျောက်ဆုံးသွားတတ်သည်။
”ရေကူးကျွမ်းကျင်တဲ့သူက ကြိုးလေးချည်ရင်း မြုပ်သွား စရာ အကြောင်းမရှိဘူး။ ငါးစားသွားလို့ပဲ” ဟုသူက ထင်မြင်ချက် ပေးသည်။
သူဆိုလျှင် ငါးမန်း တစ်ကြိမ်အလိုက်ခံရဖူးသည်။ ဖောင် ပေါ် အလုပ်ပါးချိန် ဟိုဘက်ဖောင်သို့ သွားလည်ချိန်တုန်းက ဖြစ် သည်။ ဖောင်တွေက တစ်ဖောင်နှင့် တစ်ဖောင် အနည်းဆုံး ပေ လေးဆယ်ခန့် ဝေးသည်ဟု ဆိုသည်။ ထိုဖောင်သို့ ရေကူးသွားခြင်း ဖြစ်သည်။
ကူးနေတုန်းတော့ ငါးမန်းကိုမတွေ့ရ။ ဟိုဘက်ဖောင်သို့ အရောက် ဖောင်ပေါ်တက်ပြီးခါရှိသေး သူ့နောက်တွင် ငါးမန်း တစ်ကောင် ထပေါ်လာတော့သည်။ ကံသီသဖြင့် ငါးမန်း အ္တရာယ်က လွတ်ခဲ့ခြင်းဖြစ်သည်။ သူလည်း အတော်ကြောက် လန့်သွားသည်။ သူ့ဖောင်ကို မပြန်ရဲတော့။ သင်္ဘောလာသည့် အခါမှသာ ဖောင်သို့ ပြန်ခဲ့ရသည်ဟု သူ့အတွေ့အကြုံကို ပြန် ပြောပြသည်။
ငါးမန်းအ္တရာယ်အပြင် နောက်ထပ် အ္တရာယ်များ ရှိ သေး၏။ ကျားပိုက်ဆင်းဖော်ရင်း ကျားပိုက်ထဲ လူပါဝင်သွားတတ် ခြင်းဖြစ်သည်။ ကျားဖော် ကျားချရာတွင် တစ်ခါတစ်ရံ ရေ အောက်တွင် ကျားပိုက်က သွားငြိတတ်သည်။ ထိုအခါ ရေငုပ်ကာ ဆင်းဖော်ရ၊ ကြိုးများကို ဖြတ်သင့်တန်ဖြတ် လုပ်ရသည်။
ထိုသို့ ဆင်းဖြုတ်ရသည့်အခါ ရေစီးငြိမ်ရင် အကြောင်း မဟုတ်၊ ရေစီးကြမ်းသည့်အခါ ရေစီးနှင့်အတူ ပိုက်ထဲသို့ ဝင်သွား တတ်သည်။ ငါးများဖမ်းမိသလို ပိုက်နှင့်ငြိကာ ထွက်မရတော့ဘဲ ”ပိုက်ထဲ ပြန်ဖော်တော့ သေနေပြီ” ဟု ဦးသစ်မင်းလှိုင်က ဆိုသည်။
သူလည်း ပိုက်နှင့် တစ်ခါ ငြိဖူးသည်။ နောက်မီးရွာမှာ သင်္ဘောမောင်းစဉ်တုန်းက ဖြစ်သည်။ သူများကျားဖောင် ငြိ နေသဖြင့် သူက ဝင်ကူညီပေးခြင်းဖြစ်သည်။ ရေငုပ်နေရင်း ပိုက်တွေနှင့် သူ့ခြေထောက်ကို ငြိသွားခဲ့သည်။ ရုန်းလေ ငြိလေ ပင် ဖြစ်သည်။ ကံကောင်းစွာဖြင့် သူ့လက်ထဲတွင် ဓားတစ်ချောင်း ပါလာခဲ့သည်။ ထိုဓားဖြင့် ပိုက်ကြိုးတွေကို ဖြတ်တောက်ပစ်လိုက် မှသာ သူလွတ်မြောက်ခဲ့လေသည်။
”ဓားယူသွားလို့၊ ဓားပါမသွားရင် သေတယ်”ဟု သူ့အဖြစ် အပျက်ကို ပြန်ပြောပြသည်။
ရွှေကရင်မောင်နှမ
ကျားပိုက်ချခြင်းအပြင် ကျားပိုက်ဖော်ရာတွင်လည်း အ္တရာယ်တစ်ခုရှိသေး၏။ ကျားပိုက်များကို လေးနာရီတစ်ကြိမ် ဖော်ရာတွင် ကြီးမားသော ပိုက်ကြီးများဖြစ်သဖြင့် လူအားနှင့် ဆွဲတင်၍မရ။ ကျားပိုက်ကြိုးကို ဖောင်ပေါ်ရှိ ဒလက်တုံးဖြင့် တပ် ဆင်ထားသည်။ ဒလက်တုံးဆိုသည်မှာ စွန်လွှတ်သည့် ရစ်ဘီး လုံးနှင့် ဆင်တူသည်။ ကြိုးနှင့် ရစ်ကာ တင်ရခြင်း ဖြစ်သည်။
ရစ်ရသည်မှာလည်း မလွယ်လှ။ ရေစီးထဲရှိနေသည့် ပိုက် ကို အားစိုက်ကာ ရစ်ပြီး ဆွဲတင်ရသည်။ ရေစီးကြမ်းသဖြင့် ပိုက် က ရုန်းလိုက်သည့်အခါမျိုးတွင် သတိမထားမိပါက လူလက်တစ် ပြန်လောက်ရှိသည့် ရစ်တံက အရှိန်နှင့် လည်ထွက်ကာ လူကို ရိုက်ချတော့သည်။ ထိုအခါ ထိမိသည့်နေရာ ကျိုးပဲ့ကုန်ပြီး ချက် ကောင်းကို ထိပါက အသက်သေဆုံးသည်အထိ ဖြစ်ရသည်။
ထိုလောက်နှင့်မပြီးသေး။ ရေစီးနှင့် ပိုက်ရုန်းသည့် အရှိန် ကြောင့် ဖောင်မှာ ရေအောက်သို့ ထိုးစိုက်တတ်သေးသည်။ ထို အခါ ကျားပိုက်ကြိုးကို ဓားဖြင့်ပြေးကာ ခုတ်ချသည့်အခါမှသာ ဖောင်မြုပ်မည့်ဘေးမှ လွတ်ကင်းတော့သည်။
ကျားပိုက်ထောင်ရာတွင် ”ဖောင်ဦးစီး တော်တော် နား လည် ကျွမ်းကျင်မှ”လူအသေအပျောက်နည်းသည်ဟု ဦးသစ် မင်းလှိုင်က ဆိုသည်။
ထိုကြောင့် ကျားဖောင်တစ်ခါလိုက်ပါက ”သေဖို့ ၇ဝ ရာ ခိုင်နှုန်းပဲ” ဟု သူက ဆိုသည်။
တချို့ဆို လုပ်ငန်းခွင်ထဲသို့ပင် မရောက်လိုက်ချေ။ ကမ်းမှ စထွက်ကတည်းက အရက်သေစာများ သောက်စားပြီး ဖောင် ပေါ်လိုက်ပါသွားခဲ့ရာ လုပ်ငန်းခွင်ရောက်ပြီဆိုခါမှ ထိုသူကို ရှာ မတွေ့တော့ချေ။ မူးရူးကာ ပင်လယ်ထဲ ပြုတ်ကျ ကျန်ရစ်ခဲ့ခြင်း ပင်ဖြစ်သည်။
ထိုသို့ အ္တရာယ်များလှသည့် လုပ်ငန်းခွင်အတွင်း ဦးသစ် မင်းလှိုင်တို့ ယုံကြည်သည့် ကိုးကွယ်မှုတစ်ခု ရှိသည်။ မည်သူတွေ စခဲ့သည်တော့ သူမသိ၊ သူကတော့ ယုံကြည်သည်။ သူတို့အခေါ် ရွှေကရင်မောင်နှမဟုခေါ်သည့် နတ်နှစ်ပါးက ကျားဖောင်သမား များကို စောင့်ရှောက်တတ်သည်ဟု ယုံကြည်ကြသည်။
ဖောင်ပေါ်စတက်ကတည်းက ထိုမောင်နှမကို ပူဇော်ပသ ရသည်။ ဆက်သရသည့် ပစ္စည်းက အစ်ကိုဖြစ်သူကို အရက်နှင့် ညီမဖြစ်သူကို အချိုရည် ဆက်သရသည်။
”အရက်တို့၊ အချိုရည်တို့ ဆက်ထားပါတယ်။ ဖောင်ကို လည်း စောင့်ရှောက်ပေးပါပေါ့။ ဝက်သားတော့ တင်လို့မရဘူး”ဟု ဦးသစ်မင်းလှိုင်က ဆိုသည်။
တကယ်လည်း စောင့်ရှောက်သည်ဟု ဦးသစ်မင်းလှိုင်က သူ့အတွေ့အကြုံကို ပြောပြသည်။ တစ်ခါက ကျားပိုက်ကြိုးငြိကာ ဖောင်မှောက်မလို ဖြစ်တုန်းက တစ်ခါ ကြုံခဲ့ရခြင်းဖြစ်သည်။
သူအိပ်ပျော်နေရင်း ”ဘေးကပဲ လှမ်းအော်နှိုးသလိုလို ဘာလိုလို တစ်ခါတလေကျရင် ဆွဲထူလိုက်သလိုပဲ” ဟု သူက ဆိုသည်။
ကျန်ရစ်သူတို့ သောကပွေ
ထို့သို့ အ္တရာယ်များလှသည့် လုပ်ငန်းခွင် အခြေအနေများ ကြောင့် ဖောင်တစ်ခါ ထွက်ပြီဆိုလျှင် အိမ်က သားမယားများမှာ ရင်တမမဖြင့် ကျန်ခဲ့ရသည်။ အလုပ်သိမ်းချိန်ဆိုလျှင် ကိုယ့် ယောက်ျား၊ ကိုယ့်သားတို့ ပြန်ပါလာတော့မှ သက်ပြင်းချနိုင် တော့သည်။
ဦးသစ်မင်းလှိုင် ဇနီးဖြစ်သူ အသက် ၄၇ နှစ်အရွယ် ဒေါ်ငယ်လေးဆိုလျှင် အိမ်ထောင်သက် ၁၆ နှစ်အတွင်း ဖောင် တစ်ခါထွက်တိုင်း ရင်ထဲမှာ ပူပန်နေရသည်ဟုဆိုသည်။
”လေတိုက်လာပြီဆို အောက်ဆင်းရမလို၊ အပေါ်တက်ရ မလိုနဲ့ သူတို့လုပ်စာသာ စားနေရတာ”ဟု ဆေးပေါ့လိပ် ဖွာနေ ရင်း သူက ဆိုသည်။
ကံကောင်းထောက်မသဖြင့် ခင်ပွန်းဖြစ်သူကတော့ နှစ်စဉ် အချိန်တန် အိမ်သို့ ပြန်ရောက်လာခဲ့စမြဲပင်။ သို့သော် သူ့သား အကြီးဆုံးဖြစ်သူကတော့ ယနေ့အထိ ပေါ်မလာတော့ချေ။ ထို အကြောင်းကို ပြောတိုင်း သူ့မျက်ဝန်းတွင် မျက်ရည်များ ဝိုင်း လာသည်။ သားသမီးငါးဦးအနက် ဆုံးပါးသွားသည့် သားဖြစ် သူက သူ့ကို အချစ်ဆုံးဖြစ်သည်။ မိခင်၏ ထဘီကအစ လျှော်ပေး ကာ အလိုက်သိသည့် သားလိမ္မာတစ်ဦးဟု သူက ဆိုသည်။ ယနေ့ အထိ စိတ်ထဲတွင် ဖြေမဆည်နိုင်သေး။
”သားသမီးပါသွားတုန်းကဆို အရူးမကြီးအတိုင်းပဲ ရွာရိုး စုန်ပြီး ဆံပင်စုတ်ဖွားနဲ့ ဟိုသင်္ဘောဝင်လာရင်သွားကြည့်၊ ငါ့သား လေးတော့ပါမှာပဲ၊ မပါပြန်တော့ချုံးပွဲချငို၊ တစ်ခါမှဒီလိုမျိုးလည်း မကြုံခဲ့ရဘူး”ဟု ဒေါ်ငယ်လေးက အဲဒီအချိန်က ခံစားခဲ့ရပုံကို မျက်ရည်တွေ ဝိုင်းလျက် ပြန်ပြောပြသည်။
ဆက်ပြီး ”ရင်ထဲမှာ မီးစကြီးနဲ့ ထိုးထားသလိုပဲ အခုပြော ရင် အခု”ဟုဆိုကာ ဝင်ပြောရင်း အသံက တိမ်ဝင်သွားသည်။
လုပ်ငန်းရှင်မှ လျော်ကြေးအဖြစ် ငွေကျပ်တစ်သိန်းခွဲပေး သည်။ အစိုးရကလည်း ငါးသောင်းပေးသည်။ စုစုပေါင်းနှစ်သိန်း ကို သားအတွက် အလှူလုပ်လိုက်သည်ဟု ဒေါ်ငယ်လေးက ဆိုသည်။ သူတို့ပေးသည့် ပိုက်ဆံမှာ နည်းပါးလွန်းပြီး အလှူလုပ် သည့်အခါ ကိုယ့်အိတ်ထဲမှပင် စိုက်ထုတ်ကာ လုပ်ရသည်ဟု ဒေါ်ငယ်လေးက မကျေမချမ်းပြောသည်။
ပြေးစရာမြေမရှိတဲ့ ပင်လယ်ထောင်
ထိုအဖြစ်အပျက်ဖြစ်ပွားပြီးကတည်းက ဦးသစ်မင်းလှိုင် တစ်ယောက် ကျားဖောင်သမားဘဝကို စိတ်ကုန်သွားခဲ့လေ သည်။ နှစ်စဉ် ရာသီချိန်ပြီး၍ အိမ်ပြန်ရောက်တိုင်း နောက်တစ်နှစ် မလိုက်တော့ရန် ဆုံးဖြတ်ချက်ချသည်။ သို့သော် ဖောင်တွေစ ထွက်တော့မည်ဆိုပါက ပြန်လိုက်ရစမြဲပင်။ မလိုက်လို့လည်းမဖြစ် သူ့မိသားစု စားဝတ်နေရေးအတွက် သူမှ မလုပ်လျှင် ငတ်ဖို့သာ ရှိတော့မည်။
”အိမ်က သားမယားက စားစရာမရှိတော့ ထွက်ရတာပဲ အသက်စွန့်ပြီးတော့”ဟု ဦးသစ်မင်းလှိုင်က ဆိုသည်။
အသက်စွန့်ရသည့်အပြင် ကျားဖောင်သမားတို့နေရသည့် ဘဝကလည်း ထောင်ကျတာထက်ပင် ဆိုးသည်ဟု ဦးသစ်မင်း လှိုင်က ဆိုသည်။ ပင်လယ်ထဲရောက်ပြီဆိုလျှင် ပြင်ပနှင့် လုံးဝ အဆက်အသွယ်မရှိတော့။ မိဘနှင့်အိမ်က သားမယား အခြေ အနေလည်း မသိရတော့ ။ သင်္ဘောကြုံ ရှိနေသော်လည်း အိမ်ကို စာထည့်ပေးလျှင် ဒါမှမဟုတ် အိမ်က စာပို့လျှင် ဘယ်တော့မှ မရောက်ဟု ဦးသစ်မင်းလှိုင်က ဆိုသည်။ စာကို လမ်းတစ်ဝက် မှာပင် ဖျောက်ဖျက်လိုက်ကြသည်ဟုဆိုသည်။
စာထဲတွင် အရေးအကြောင်းရှိပါက ပင်လယ်ထဲမှလူ အိမ် သို့ပြန်မည်ဆိုပါက လုပ်အားထိခိုက်မှာကို စိုးသောကြောင့် စာကို မပေးဘဲ ဖျောက်ပစ်သည်ဟု ဦးသစ်မင်းလှိုင်က သူ့အမြင်ကို ပြောပြသည်။ ထ့ိုကြောင့် ပြင်ပနှင့် အဆက်အသွယ် မရှိဘဲ ရှစ်လ နီးပါး ပင်လယ်ထဲ နေထိုင်ကြရတော့သည်။
”ဖောင်နဲ့ လုပ်ရတဲ့အလုပ်က တွက်ကြည့်မယ်ဆိုရင် ထောင်ကျတာထက်ဆိုးတဲ့ အလုပ်ဆိုတော့ လုပ်မစားသင့်ပါဘူး။ ထောင်ထဲမှာမှ စိတ်ချမ်းချမ်းသာသာရှိဦးမယ်။ ထောင်ကြီး အတွင်းမှာ ကျယ်ကျယ်ဝန်းဝန်း လျှောက်သွားနေလို့ရဦးမယ်။ ကိုယ်က ဒီလိုဟာလေး(ကျားဖောင်)ထဲမှာ သွားရမယ်။
”ဒီဖောင်လုပ်တယ်ဆိုတာ တိုးတက်ရာ တိုးတက်လမ်း ကြောင်း ဘာတစ်ခုမှ မရှိဘူး။ ပါးစပ်စားဖို့ တစ်ခုတည်းရှိတယ်”
ထို့ကြောင့် ဖောင်ပေါ်တွင် အပျင်းပြေစေရန် ရေဒီယိုကို မပြတ်ဖွင့်ထားရသည်။ ဖောင်နီးချင်းများတွင် စာအုပ်ပါတဲ့သူများ ရှိပါကလည်း ငှားဖတ်ရသည်ဟု ဆိုသည်။
”စာအုပ်ငှားဖတ်ရတာမလွယ်ဘူး လေးငါးခြောက်ထောင် တန်တဲ့ ငါးတစ်ကောင်ပေးမှ အဲဒီစာအုပ်က ဖတ်လို့ရတာ”
ဖောင်ကိုပင်မမြင်ချင်တော့
ယခုအချိန်မှာတော့ ဦးသစ်မင်းလှိုင်တစ်ယောက် ဖောင် သမားဘဝကို စွန့်ခွာနိုင်ခဲ့ပြီဖြစ်သည်။ ဖောင်မလိုက်တာ နှစ်နှစ် ခန့်ရှိပြီဟု သူက ဆိုသည်။ ဖောင်လုပ်နေရင်းကတည်းက တစ်နေ့ ဖောင်သမားဘဝက လွတ်ရမည်ဟူသော ရည်ရွက်ချက်ဖြင့် ငွေပို ငွေလျှံလေးများကို ခြစ်ကုပ်ကာ ဆယ်စုနှစ်တစ်ခုကျော် သူက စုစောင်းထားခဲ့သည်။
ထိုငွေအပြင် လိုအပ်သည့်ငွေကို အတိုးဖြင့် ချေးယူပြီး စက် လှေ အသေးကလေးတစ်စီးဝယ် ကျားပိုက်အသေးကလေး ခုနစ် ခုဖြင့် တစ်နိုင်တစ်ပိုင် ရေလုပ်ငန်းကို မနှစ်က စတင်လုပ်ကိုင်ခဲ့ သည်။ ဒီအလုပ်က ကျားဖောင်လို ပင်လယ်ထဲ လနဲ့ချီ လုပ်စရာ မလိုချေ။ ရာသီဥတု သာယာသည့် အခါမျိုးတွင်မှ အနီးအနားတွင် နေ့ချင်းပြန် လုပ်ကိုင်နိုင်၏။ သို့သော် ပင်လယ်သည် သူ့ကို အငြိုးထားသည်ထင့်။ သူ့အိမ်ထဲသို့ ဝင်ရောက်လာခဲ့ပြန်ပါသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်း ပင်လယ်ဒီရေများ ထိုးတက် ပြီး သူ့အိမ်အပါအဝင် သူနေထိုင်သည့် ဒေါ်ညိမ်းကျေးရွာအုပ်စု အတွင်းက ပင်လယ်ကမ်းစပ်မှာရှိသော နေအိမ်တွေကို ဖြိုဖျက် သွားခဲ့ပါသည် ။ လတ်တလော သူ့မှာ နေစရာ အိမ်မရှိတော့ချေ။ ထို့ကြောင့်သူ့ယောက္ခအိမ်ဘေးတွင် အဖီလေးဆွဲနေရန် သူက ပြင်ဆင်နေသည်။
ထို့အပြင် နောက်နှစ် ပင်လယ်ထွက်ရန် ပေါက်ပြဲနေသည့် ပိုက်များလဲဖို့နှင့် စက်လှေပြုပြင်ဖို့ အရင်းအနှီးလည်း လိုအပ်နေ ပြီဟု ဦးသစ်မင်းလှိုင်က ဆိုပါသည်။ ထိုသို့ အခက်အခဲများ ကြုံ တွေ့နေရသောကြောင့် ကျားဖောင် ပြန်လိုက်မလားဟု သူ့ကို မေးကြည့်သည်။ သူက ခေါင်းတခါခါဖြင့် ဖောင်သမားဘဝကို ဘယ်တော့မှ ပြန်မသွားတော့ဟု ခပ်ပြတ်ပြတ်ဆိုသည်။
ဖောင်သမားဘဝကို မည်မျှ စိတ်နာနေမည်ကို မပြော တတ်။ သူ့အိမ်တွင် ဝါးဖြင့် အလှလုပ်ထားသည့် ကျားဖောင်ပုံစံ အငယ်စားလေးတစ်ခု ရှိသည်။ သုံးပေခန့်ရှိမည်။ ထိုဖောင်ကို သူက စိတ်ပေါက်တိုင်း ကိုင်ပေါက်ကာ ထင်းစိုက်ဖို့ ကြိုးစားလေ့ ရှိသည်။ ဇနီးဖြစ်သူက အမှတ်တရပစ္စည်းဟုဆိုကာ လိုက်လိုက် ဆွဲထား၍သာ ပြာမဖြစ်ခဲ့ခြင်း ဖြစ်သည်။
အိမ်တွင် စီးပွားရေးကျပ်တည်းလာသဖြင့် ဇနီးဖြစ်သူက ဝင်ငွေရအောင် ကျားဖောင်များရိုက်သည့် လုပ်ငန်းခွင်တွင် ဖောင်မလိုက်ဘဲ နေ့စားဝန်ထမ်းအဖြစ် လုပ်ဖို့ပြောသည့်အခါတွင် လည်း သူက ယခုလို ခပ်တင်းတင်းပင် ဆို၏။
”မလုပ်ဘူး။ ငတ်ပါစေ”