ရန်ကုန် – ၂၀၂၄ နိုဝင်ဘာ ၁၂ (မော်ကွန်း)
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ဖာပွန် – ကမမောင်းကားလမ်းပေါ်က စစ်ကောင်စီတပ်ရဲ့ တံတားလုံခြုံရေးစခန်းတစ်ခုကို KNU တပ်မဟာ (၅) နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ မူတြော်ခရိုင်ရဲ့ သတင်းထုတ်ပြန်ရေးစာမျက်နှာ မူတြော်သတင်းစဉ်က ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
ဖာပွန်မြို့ရဲ့ တောင်ဘက် ခုနစ်မိုင်အကွာမှာရှိတဲ့ ကူးဆိပ်တံတား လုံခြုံရေးကင်းစခန်းကို အခုလ ၆ ရက်မှာ KNU ပူးပေါင်းတပ်တွေက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၉ ရက် ညနေပိုင်းမှာ စခန်းသိမ်းနိုင်ခဲ့တာလို့ ဆိုပါတယ်။
ဒီစခန်းဟာ လွန်ခဲ့တဲ့ ၁၉၅၄ ဝန်းကျင်ထဲက စစ်တပ်က တပ်စွဲထားတဲ့ သက်တမ်းရင့်စခန်းတစ်ခုဖြစ်ပြီး စစ်ကောင်စီအနေနဲ့ နှစ်ပေါင်း ၇၀ အတွင်းမှာ ဒီစခန်းကို KNU ဆီ လက်လွှတ်ခဲ့ရတာပါ။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေ၊ ခဲယမ်းအမြောက်အမြားနဲ့ ဒရုန်းကာကွယ် ရေး Jumper (ဆက်သွယ်ရေးဖြတ်စက်) တွေ သိမ်းဆည်းရမိတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ဒီလဆန်းပိုင်းကလည်း ဖာပွန်ဒေသက စစ်ကောင်စီတပ်ရဲ့ အင်အား ၁၀၀ ခန့်တပ်စွဲထားတဲ့ ခေါပုတ်တပ်စခန်းကို KNU ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်ပြီး သိမ်းပိုက်ခဲ့ပါသေးတယ်။
KNU ရဲ့ တပ်မဟာ ၅ နယ်မြေတွေရဲ့ ထိုးစစ်တွေမှာ KNLA တပ်တွေအပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်တွေ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တပ်တွေ ပူးပေါင်းတိုက်ခိုက်နေတာပါ။
KNU ရဲ့ တပ်မဟာ (၅) နယ်မြေဖြစ်တဲ့ ဖာပွန်ခရိုင်ထဲမှာ စစ်တပ်က အာဏာမသိမ်းခင်က တပ်စခန်းပေါင်း ၇၀ ကျော် ရှိခဲ့ပေမယ့် အာဏာသိမ်းပြီးသုံးနှစ်ကျော်အတွင်းမှာ KNU နဲ့ ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်တွေကြောင့် တပ်စခန်းအားလုံးရဲ့ ခုနစ်ပုံ တစ်ပုံခန့်ပဲ ကျန်ရှိတော့တယ်လို့ တပ်မဟာ ( ၅) ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက ဒေသတွင်း မီဒီယာတချို့ကို ပြောထားပါတယ်။
ဒါ့ပြင် KNU ပူးပေါင်းတပ်တွေဟာ ဖာပွန်မြို့မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ စစ်ဗျူဟာ တပ်စခန်းကို တဖြည်းဖြည်း ဝန်းရံပိတ်ဆို့ပြီး တိုက်ခိုက်နေပြီး ဒီဒေသမှာ အခြေစိုက်ထားတဲ့ တပ်စခန်းတွေကို တစ်ခုချင်းစီ တိုက်ခိုက်နေတာပါ။
ပုံစာ – သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ။
ဓါတ်ပုံ – မူတြော်သတင်းစဉ်

