အင်းတော်-၂၀၂၄ ဇွန် ၂၆ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နန့်သာရွာမှာ စစ်ကောင်စီတွေ တပ်စွဲထားပြီး ဒေသခံတွေကို ဖမ်းဆီးထားတဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီလေတပ် မှားယွင်းဗုံးကြဲမှုကြောင့်သေဆုံးတဲ့ဒေသခံဦးရေ ထပ်တိုးလာနေတယ်လို့ Indaw Revolution-IR က အဖွဲ့ဝင်တစ်ဦးက မော်ကွန်းကိုပြောပါတယ်။
လေကြောင်းကနေဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့သူတွေကို စစ်ကောင်စီတပ်က အပြင်ထွက်ခွင့်မပေးသလို ဆေးကုသခွင့်မပေးတာကြောင့် သေဆုံးသူဦးရေ ထပ်တိုးလာတာလို့ သူကပြောပါတယ်။
“ကျွန်တော်တို့ပထမဆုံးသိတာကတော့ ၁၇ ယောက်ပေါ့နော်။ (ဘုန်းကြီးကျောင်းထဲမှာ ဒေသခံတွေကို) ပိတ်ထားဆဲဖြစ်နေတော့ အရမ်းကြီး တိတိကျကျကြီးတော့ မသိရသေးဘူးဗျ။ အယောက် နှစ်ဆယ်ကျော်လောက်ရှိသွားတယ်ဗျ။ သုံးယောက်လောက်ထပ်တိုးတယ်။ ဆေးကုသခွင့်မရဘဲသေသွားတာ၊ နာမည်ရယ် အသက်ရယ်က မသိရသေးဘူး” လို့ သူကဆိုပါတယ်။
နန့်သာရွာမှာ ဘုန်းကြီးကျောင်းနှစ်ကျောင်းရှိပြီး တောင်ပေါ်ကျောင်းက တော်လှန်ရေးအဖွဲ့တွေရဲ့ နယ်မြေစိုးမိုးမှုရှိပြီး တောင်အောက်ကျောင်းမှာတော့ စစ်ကောင်စီတပ်တွေက ကတုတ်ကျင်း၊ ဘန်ကာတွေ အခိုင်အမာဆောက် တပ်စွဲထားတာပါ။
အခုလ ၂၂ ရက်က KIA၊ PDF နဲ့ စစ်ကောင်စီတပ်တွေ နန့်သာရွာမှာ တိုက်ပွဲဖြစ်ချိန်မှာတော့ ရွာမှာကျန်ခဲ့တဲ့ ဒေသခံ လေးဆယ်ဝန်းကျင်ကို စစ်ကောင်စီတပ်တွေက သူတို့တပ်စွဲထားတဲ့ တောင်အောက်ဘုန်းကြီးကျောင်းမှာ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားတယ်လို့ IR က ဆိုပါတယ်။
အဲဒီဘုန်းကြီးကျောင်းကို ၂၂ ရက်ညပိုင်းက စစ်ကောင်စီလေတပ်က မှားယွင်းဗုံးကြဲခဲ့တာကြောင့် ဓားစာခံအဖြစ်ခေါ်ဆောင်ခံထားရတဲ့ ဒေသခံလေးဆယ်ကျော်ထဲက ၁၇ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့ပါတယ်။
ဗုံးဒဏ်ကြောင့် သေဆုံးခဲ့သူတွေရဲ့ အလောင်းတွေကို နှစ်ရက်ကြာမှ စစ်တပ်ကသင်္ဂြိုဟ်ခွင့်ပြုခဲ့တာဖြစ်ပြီး ဒဏ်ရာရသူတွေနဲ့ ကျန်တဲ့ဒေသခံတွေကို ဆေးကုသခွင့်မပေးသလို လက်ရှိအချိန်ထိ ဘုန်းကြီးကျောင်းထဲကနေ ထွက်ခွင့်မပြုဘူးလို့ IR တာဝန်ရှိသူက ပြောပါတယ်။
နန့်သာရွာကို စစ်ကောင်စီတပ်တွေက မနှစ်ကမတ်လကတည်းက တပ်စွဲထားတာကြောင့် အင်းတော်-ဗန်းမောက် ကားလမ်းမဘေးကရွာတွေဖြစ်တဲ့ နန့်သာ၊ အောင်ကုန်း၊ အင်ပင်၊ မော်တိတ်နဲ့ ရွာသာယာ စတဲ့ရွာတွေက ဒေသခံငါးထောင်ကျော်ဟာ တစ်နှစ်ကျော် စစ်ရှောင်နေရတာဖြစ်ပြီး နန့်သာရွာမှာ လူနည်းစုသာ ကျန်ခဲ့တာလို့ သူကဆိုပါတယ်။
လက်ရှိအချိန်မှာတော့ နန့်သာရွာနဲ့ အနီးနားမှာလည်း စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေ စစ်ရေးတင်းမာနေတယ်လို့ သူကပြောပါတယ်။
မနေ့ကလည်း အင်းတော်မြို့နယ်ထဲမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်က အင်းတော်မြို့ရဲ့ တောင်ဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ နားခါရွာက အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ပါတယ်။
ပုံစာ-စစ်ကောင်စီလေတပ်ဗုံးကြဲတိုက်ခိုက်တာခံခဲ့ရတဲ့ အင်းတော်မြို့နယ်ထဲက ဘုန်းကြီးကျောင်းတစ်ခု။
ဓာတ်ပုံ-Indaw Revolution-IR

