နမ့်ခမ်း – ၂၀၂၁ အောက်တိုဘာ ၁၂ (မော်ကွန်း)
ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့၊ နမ့်စမ်းရွာမှာ လက်နက်ကြီးကျည်ကျတာကြောင့် ငါးနှစ်အရွယ်ကလေးတစ်ဦးအပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ဆေးရုံပို့ဆောင်နေစဉ် အသက် ၁၂ နှစ် အရွယ် ကလေးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” ညနေ ၄နာရီလောက် ကလေးတွေက ထင်းသယ်ပြီးတော့ မောလို့ဆိုပြီး ခဏထိုင်နေတာ၊ ထိုင်နေတဲ့နားကို လက်နက်ကြီးက ကျည်ဆံပြုတ်ကျပြီးကွဲတာ၊ ကျောကိုထိသွားတဲ့တစ်ယောက်က ဆေးရုံလာနေရင်းနဲ့လမ်းမှာသေ သွားတယ်၊ ကလေးတွေဆိုတော့ မခံနိုင်ကြဘူး “လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
လက်နက်ကြီးကျည်ထိမှန်တဲ့ ကလေးတွေ ရှိတဲ့နေရာအနီးတဝိုက်မှာ လက်နက်ကိုင်အဖွဲ့အနေနဲ့ စစ်ကောင်စီတပ်ပဲ မြင်တွေ့ရပြီး ပစ်ခတ်သူကိုတော့ ခုထိ မသိရှိရဘူးလို့ ဒေသခံကဆိုပါတယ်။
” ရွာက ပလောင်ရွာ၊ လူကြီးတွေက အလုပ်သွားကြတော့ ညနေ ၄ နာရီလောက်မှ ပြန်ရောက်ကြတယ်။ ရွာကတောလမ်းနဲ့နီးတော့ လက်နက်က ဘယ်နားက ကျလာလဲဆိုတာ ဘယ်သူမှမမြင်လိုက်ရဘူး “လို့ ဒေသခံက ဆိုပါတယ်။
ဒဏ်ရာအပြင်းအထန်ရတဲ့ ကလေးသုံးဦးကို မူဆယ်ဆေးရုံကို ခေါ်ဆောင်လာချိန်မှာ ကျောဘက်ကို ထိမှန်ထားတဲ့ ၁၂ နှစ်အရွယ် မိန်းကလေးဟာ သေဆုံးခဲ့ပြီး ကျန်တဲ့ ငါးနှစ်နဲ့ ၁၉ နှစ်အရွယ်တွေဟာ ဆေးကုသမှုခံယူနေရပါတယ်။
#Dailynews

