ဂွ – ၂၀၂၄ ဩဂုတ် ၂၁ (မော်ကွန်း)
ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ်က ဒေသခံအများစုဟာ စစ်ဘေးရှောင်နေကြပြီး မြို့ပေါ်မှာ လူမရှိသလောက်ဖြစ်နေပြီလို့ ကျန်ရစ်ခဲ့သူ မြို့ခံတချို့ကပြောပါတယ်။
ရခိုင်ပြည်နယ်ရဲ့ တောင်ဘက်အစွန်ဆုံးမြို့ဖြစ်တဲ့ ဂွမြို့နယ်ထဲက ကျိန္တလီမြို့အထိ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တွေရဲ့တိုက်ပွဲတွေ ရောက်ရှိလာပြီးနောက်မှာ ဂွမြို့အပါအဝင် အဲဒီမြို့နယ်ထဲက ဆပ်သွား၊ ကျိန္တလီမြို့ခံတွေပါ စစ်ဘေးရှောင်နေရတာပါ။
ဂွမြို့နယ်နဲ့ကပ်လျှက်က သံတွဲကို AA ဝင်သိမ်းတဲ့အခါ စစ်ရှောင်လာကြသူတွေလည်း အခု ဂွဒေသခံတွေနဲ့အတူ ထပ်မံ စစ်ဘေး ရှောင်ကြရတယ်လို့ ဒေသခံတချို့ ပြောပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ ကျိန္တလီမြို့ဟာ ဂွမြို့နဲ့ မိုင် ၄၀ နီးပါးကွာဝေးသေးတဲ့ မြို့ခွဲတစ်ခုပါ။
ဒီလ ဒုတိယအပတ်ကစတင်ပြီး ကျိန္တလီမြို့ပေါ်ထိ တိုက်ပွဲတွေပြင်းထန်ခဲ့ကာ စစ်ကောင်စီက မြို့ကိုဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဈေးတွေနဲ့ နေအိမ်အဆောက်အအုံတွေ ပျက်စီးတာတွေရှိတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ကျိန္တလီမြို့ကနေ ဂွမြို့ကို ဆက်သွယ်ထားတဲ့ကားလမ်းတစ်လျှောက်မှာ အင်အားဖြည့်တင်းထားပြီး ခံစစ်ပြင်ထားသလို ဒေသခံတွေဟာလည်း တိုက်ပွဲဖြစ်လာမယ့် အခြေအနေတွေကြောင့် ကြိုတင်တိမ်းရှောင်နေကြတာလို့ ဂွမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
ဂွမြို့ပေါ်က ဆေးရုံတွေ၊ စာသင်ကျောင်းတွေအပြင် ဈေးဆိုင်ခန်းတွေလည်း ပိတ်ထားလိုက်ပြီဖြစ်ပြီး မြို့ပေါ်မှာ အိမ်စောင့်နေထိုင်တဲ့ လူအနည်းငယ်ပဲကျန်တယ်လို့ ဂွမြို့ခံတစ်ဦးက ပြောပါတယ်။
“သူတို့က နှစ်ဖက်စစ်ပြင်တာတော့ တစ်ချိန်မဟုတ်တစ်ချိန်ဖြစ်လာမှာလို့ သိနေပြီလေ။ အခြေအနေကို ကြောက်လန့်ပြီး ကြိုရွှေ့နေကြပြီပေါ့။ မြို့ပေါ်မှာ ရောင်းမယ့်ဈေးဆိုင်တွေကလည်း ပိတ်နေပြီ။ မြို့ပေါ်မှာ အိမ်တွေလည်း လူတွေမရှိတော့ဘူး။ အစောင့်သဘောနည်းနည်းပါးပါး ဆိုင်ကယ်နဲ့ ပြေးနိုင်တဲ့လူလောက်ပဲ ကျန်တော့တာ” လို့ ဂွမြို့ခံတစ်ဦးကပြောပါတယ်။
ရခိုင်တောင်ပိုင်းက စစ်ရှောင်အများစုဟာ ဧရာဝတီတိုင်းထဲ ရေကြည်၊ အသုတ်၊ ငါးသိုင်းချောင်းနဲ့ ပုသိမ် မြို့တွေဘက်ကို စစ်ရှောင်ကြသလိုရန်ကုန်မြို့အထိ တိမ်းရှောင်လာသူတွေလည်း ရှိနေပါတယ်။
လက်ရှိမှာ စစ်ဘေးရှောင်မယ့်သူတွေအတွက် ဂွမြို့ကနေ ဧရာဝတီတိုင်းထိကို ကားစင်းလုံးငှားတဲ့ ဈေးတွေဟာလည်း မြင့်တက်နေတယ်လို့ အဲဒီကစစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးတချို့က ပြောပါတယ်။
“တချို့ကလည်း ရေကြည်၊ အသုတ်၊ ငါးသိုင်းချောင်းလောက်ကို ကိုယ့်ဆိုင်ကယ်နဲ့ကိုယ်လာကြတယ်။ ဆိုင်ကယ်တွေလည်း အသိအိမ်တွေမှာ အပ်ခဲ့ပြီးတော့ ရန်ကုန်ရောက်အောင်ဆက်သွားတဲ့သူက သွားကြတယ်။ ကားသမားတွေကတော့ သူတို့ကိုက်မယ့်ဈေးတောင်းတာပေါ့။ စင်းလုံးငှား Light Truck တစ်စီးကို ဧရာဝတီတိုင်းထိဆို အနည်းဆုံးတော့ (ကျပ်)ငါးသိန်း၊ ခြောက်သိန်းပေါ့” လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။
ရခိုင်တောင်ပိုင်းက သံတွဲမြို့တွေကို လက်လွှတ်လိုက်ရတဲ့ စစ်ကောင်စီဟာ ဂွမြို့နယ်မကျရေးအတွက် ဧရာဝတီတိုင်းက ပုသိမ်အခြေစိုက် တပ်တွေအပါအဝင် ကြည်း၊ ရေ၊ လေ တပ်အများအပြားသုံးကာ ခုခံကာကွယ်နေပြီး ဂွမြို့ကို ခံစစ်ပြင်ထားတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
အာရက္ခတပ်တော် (AA) ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကနေ စတင်ခဲ့တဲ့ တကျော့ပြန်စစ်ပွဲမှာ ရခိုင်မြောက်ပိုင်းက မြို့အများအပြားကို သိမ်းနိုင်ခဲ့ပြီး ဒီနှစ်ပိုင်းတွေမှာတော့ AA ရဲ့ ထိုးစစ်ဟာ ရခိုင်တောင်ပိုင်းမြို့တွေအထိ ရောက်ရှိလာတာပါ။
ဇူလိုင်လထဲမှတော့ AA တပ်တွေဟာ ရခိုင်တောင်ပိုင်းက သံတွဲနဲ့ ငပလီကမ်းခြေဒေသတွေကို သိမ်းပိုက်ထိန်းချုပ်လိုက်နိုင်ပြီး ကျန်ရှိနေတဲ့၊ ကျိန္တလီ၊ ဂွမြို့တွေကို ဆက်လက်ထိုးစစ်ဆင်နေတာပါ။
ပုံစာ – ရခိုင်တောင်ပိုင်း ဂွမြို့နယ်အနီးမှာရှိတဲ့ သံတွဲဒေသခံတွေ စစ်ဘေးရှောင်နေကြတဲ့မြင်ကွင်း
ဓာတ်ပုံ – LPA
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #Dailynews

