ရန်ကုန် – ၂၀၂၅ စက်တင်ဘာ ၁၅ (မော်ကွန်း)
တအာင်းတပ် (TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို စစ်ကော်မရှင်တပ်က ဒီရက်ပိုင်းမှာ ထိုးစစ်ဆင်လာနေပြီး နောင်ချို-ကျောက်မဲလမ်းပိုင်းကကျေးရွာတွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်လို့ ကျောက်မဲဒေသခံစစ်ဘေးရှောင်တချို့က ပြောပါတယ်။
စစ်ကော်မရှင်တပ်ဟာ ဂုတ်ထိပ်လမ်းပိုင်းကို ပြီးခဲ့တဲ့လပိုင်းမှာ ထိန်းချုပ်လိုက်ပြီး နောင်ချို-နောင်ပိန်-ကျောက်မဲ ကားလမ်းအတိုင်း ကျောက်မဲမြို့ဘက်ကို အင်အားအလုံးအရင်းနဲ့ ပို့လွှတ်နေတာပါ။
ဒီလမ်းပိုင်းက နားအိုက်ခန့်၊ ပန်ဟိုက်နဲ့ ခိုက်တုန်ဟုန်းရွာတွေမှာ မနေ့စပြီး တိုက်ပွဲတွေပြင်းထန်ခဲ့ကာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေလည်း ရှိခဲ့တယ်လို့ ကျောက်မဲစစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
“ကျောက်မဲမဝင်ခင် အဲဒီလမ်းတစ်လျှောက် TNLA ထိန်းထားတဲ့ ရွာတွေအများကြီးရှိသေးတယ်။ အဲဒီရွာတွေကို အပြင်ကနေ လက်နက်ကြီးတွေ၊ ဗုံးကြဲတာတွေ ဆက်တိုက်လုပ်လာတယ်။ ပြီးမှ မြေပြင်စစ်ကြောင်းလည်း ဝင်လာမယ့်ပုံစံရှိတယ်။ TNLA ကလည်း ခံစစ်ပြင်ထားတော့ ကျောက်မဲ တိုက်ပွဲကတော့ ဆက်ဖြစ်နေတယ်။ ပြင်းထန်လာမယ့်အခြေအနေရှိတယ်” လို့ ၎င်းဒေသခံက ပြောပါတယ်။
ဒါ့အပြင် ဒီလမ်းပိုင်းက ကျေးရွာပေါင်း ၁၀ ရွာထက်မနည်းက ဒေသခံထောင်နဲ့ချီပြီး သီပေါနဲ့လားရှိုးမြို့တွေကို စစ်ဘေးရှောင်နေကြရပါတယ်။
ရှမ်းမြောက်က အဓိက တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်တဲ့ မူဆယ်-မန္တလေး ကားလမ်းပြန်ဖွင့်နိုင်ဖို့ စစ်ကော်မရှင်တပ်ဘက်က အင်အားသုံးကာ ထိုးစစ်ဆင်နေပြီး ဒီလမ်းပိုင်းမှာ အဓိကျတဲ့ ကျောက်မဲ၊ သီပေါမြို့တွေကို ပြန်ထိန်းချုပ်ဖို့ စစ်ကော်မရှင်ဘက်က လုပ်ဆောင်နေတာလို့ စစ်ရေးလေ့လာသူတချို့က သုံးသပ်ပါတယ်။
လက်ရှိမှာ စစ်ကော်မရှင်တပ်ဟာ ကျောက်မဲစစ်မျက်နှာကို တောင်ခမ်းနဲ့ နောင်ချိုမြို့တွေက လက်ကျန်တပ်တွေအပါအဝင် တပ်ရင်း ၂၀ နီးပါးထိ အင်အားတွေပို့လွှတ်ထားပြီး နောင်ပိန်ရွာအနီးထိ လက်နက်ကြီးတပ်တွေကို နေရာချထားပြီး ထိုးစစ်ဆင်လာတယ်လို့ စစ်ရေးလေ့လာသူ CDM အရာရှိ ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပါတယ်။
“အကြမ်းဖက်တပ်ဘက်က ဒရုန်းတွေနဲ့ စိုးမိုးထားနိုင်တဲ့ အခြေအနေရှိတဲ့အပြင် လေကြောင်းအရေးသာမှုရယူကာ တိုက်ပွဲအခြေအနေကို ပြောင်းလဲဖို့ ကြိုးစားလာခဲ့တာကို တွေ့ရပါတယ်” လို့ ကျောက်မဲစစ်မျက်နှာအခြေအနေနဲ့ ပတ်သက်ပြီး ၎င်းကသုံးသပ်ထားပါတယ်။
ပြီးခဲ့တဲ့လပိုင်းကစပြီး TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲနဲ့ သီပေါမြို့တွေကို ဗုံးကြဲတာတွေနဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံဦးရေ ရှစ်ထောင်ထိရှိလာတယ်လို့ ဒေသတွင်း အချက်အလက်ကောက်ယူရေးအဖွဲ့တွေက အသိပေးထားပါတယ်။
ဩဂုတ်လ ၁၈ ရက်ကနေ ၃၀ ရက်အတွင်း ကျောက်မဲမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းနဲ့ မြေပြင်မှပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၂၉ ဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းအချက်အလက်ကောက်ယူရေးအဖွဲ့ ရှမ်းအလူ့အခွင့်ရေးမဏ္ဍိုင်က ထုတ်ပြန်ထားပါတယ်။
ပုံစာ – စစ်ကော်မရှင်တပ်နဲ့ တိုက်ပွဲဖြစ်နေတဲ့ TNLA တပ်ဖွဲ့ဝင်တချို့
ဓါတ်ပုံ – TNLA

