၂ဝ၁၉၊ မတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၃)မှ feature ဖြစ်ပါသည်။
အိရွှေဖြူ ရေးသည်၊ ဟေမာန်ပြည့် ပံ့ပိုးသည်။
အုတ်ကျင်း (မတ်၊ ၂၀၁၉)
လွန်ခဲ့နှစ်၂၀ လောက်က ဦးမြင့်စိုးရဲ့ ယာမြေမှာ ကုလားပဲစိုက်တဲ့အခါ တစ်ဧကကို ပဲ တင်း ၂၀ ထွက်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာ အထွက်နှုန်းဟာသုံးချိုးတစ်ချိုးအထိ ကျဆင်းသွားပါတယ်။
အကြောင်းကတော့ သူပိုင်တဲ့ မြေ ၁၇ ဧကမှာ ၂၀၀၆ က နေ ၂၀၀၈ လောက်အထိ သခွားမွှေးတွေစိုက်တုန်းက ဓာတ်မြေ သြဇာတွေကို အလွန်အကျွံ သုံးခဲ့တာကြောင့် မြေပျက်စီးသွား တာလို့ဆိုပါတယ်။ မော်ကွန်းက သူ့ကုလားပဲခင်းကို သွားလေ့လာ ရာမှာတော့ အပင်တွေ ဟိုတစ်စုဒီတစ်စုနဲ့ ကွက်တိကွက်ကျားဖြစ် နေတာကို မြင်ခဲ့ရပါတယ်။
ကျေးလက်တွေမှာ သဘာဝမြေသြဇာအဖြစ်သုံးကြတဲ့ နွားချေးတွေကို ယာခင်းထဲ ထည့်ကြည့်ပြီးမြေကို ပြုပြင်ပေမယ့် ထူးခြားမလာဘူးလို့ ဆိုတယ်။
““မြေတွေ ပျက်ပြီး ဘာမှ စိုက်လို့ကိုမရတော့ဘူး””လို့ မြေ ကွက်တွေကို ကြည့်ရင်း သူက ဆိုတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ အုတ်ကျင်းရွာ က အခြားတောင်သူတွေလည်း ဦးမြင့်စိုးလိုပဲ သီးနှံအထွက်နှုန်း ကျဆင်းတဲ့ ပြဿနာနဲ့ ကြုံနေကြရပါတယ်။
မြန်မာနိုင်ငံမှာ ဓာတ်မြေသြဇာသုံးစွဲမှုဟာ တဖြည်းဖြည်းမြင့်တက်လာနေတာကြောင့် စိုက်ပျိုးမြေတွေ တစ်စတစ်စ ပျက် စီးလာနေကြပြီး နိုင်ငံရဲ့ အနာဂတ် စားနပ်ရိက္ခာဖူလုံမှု မထိခိုက် အောင် အမြန်ဆုံး ပြုပြင်ကုသဖို့လိုနေပြီလို့ ပညာရှင်တွေက သတိပေးကြပါတယ်။
““ဘာစိုက်စိုက် အပင် မဖြစ်ထွန်းတဲ့အခါ အစာရေစာရှား ပါးတာမျိုး ဖြစ်နိုင်ပြီး ငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်ရမယ်””လို့ ရန်ကုန်နည်းပညာတက္ကသိုလ် အစားအသောက်နှင့် အာဟာရ ဌာနမှ ဧည့်ပါမောက္ခ ဒေါက်တာကျော်ငြိမ်းအေးက ဆိုပါတယ်။
ပိုသုံးလာရတဲ့ ဓာတ်မြေသြဇာ
တောင်သူတွေကို မော်ကွန်းက မေးမြန်းချက်အရ ဓာတ် မြေသြဇာသုံးတာဟာ တစ်နှစ်ထက်တစ်နှစ်ပိုသုံးလာရတယ်လို့ ဆိုပါတယ်။ ပိုမသုံးဘူးဆိုရင်တော့ သီးနှံအရွယ်အစားလည်း သေးသလို အထွက်နှုန်းလည်းကျတယ်လို့ ဆိုပါတယ်။
ဦးမြင့်စိုးလိုပဲ ဘုတလင်မြို့နယ်ထဲက မြို့သစ်ရေလှောင် တမံကုန်းမှာ ဖရဲစိုက်နေတဲ့ တောင်သူဦးဇော်မင်းသိန်းဟာ ၂၀၀၀ ပြည့်နှစ်တုန်းက ပဲစင်းငုံ၊ ပြောင်း၊ နှမ်း၊ ကုလားပဲ၊ နေကြာ စတဲ့ ယာသီးနှံမျိုးစုံကို စိုက်ပျိုးတုန်းက ဓာတ်မြေသြဇာ အနည်း ငယ်သာ သုံးခဲ့ပေမယ့် အကျိုးအမြတ်ကြီးတဲ့ ဒေသအခေါ် ခရဲ (ဖရဲ)သီးနဲ့ သခွားမွှေးကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကပြောင်းလဲစိုက်ပျိုးပြီးနောက်ပိုင်း ဓာတ်မြေသြဇာတွေ အများကြီး သုံးဖြစ် တော့တာပဲလို့ ဆိုတယ်။
ဖရဲ စစိုက်တုန်းက တစ်ဧကကို တစ်ရာသီသုံးလအတွက် ဓာတ်မြေသြဇာတစ်အိတ်၊ နှစ်အိတ်လောက်ပဲ သုံးခဲ့ရပေမယ့် လက်ရှိမှာတော့ တစ်ဧကကို ၁၀ အိတ်ကနေ ၁၅ အိတ်အထိ သုံး နေရတယ်လို့ဆိုပါတယ်။ တစ်အိတ်ကို ကျပ်လေးသောင်းခွဲကျော် ရှိတာကြောင့် အသုံးစရိတ်တွေလည်း မြင့်လာပေမယ့် အဲဒီလိုမှ မသုံးရင် ဖြစ်ထွန်းမှုလည်းနှေးသလို အသီးအရွယ်အစားမှာလည်း ဈေးကွက်ထဲ မဝင်နိုင်တော့ဘူးလို့ ဆိုပါတယ်။
ဓာတ်မြေသြဇာတွေ နင်းကန်ကျွေးနေရတာနဲ့ပတ်သက်ပြီး ““မြေကြီးက ဆေးစွဲနေတာ”” လို့ သူက ခိုင်းနှိုင်းပြောဆိုပါတယ်။
photo-ei shwe phyu ညောင်ကန်ရွာက စိုက်ခင်းတစ်ခု
အုတ်ကျင်းရွာကဦးမြင့်စိုးကလည်း အခုလို ဓာတ်မြေ သြဇာတွေ အလွန်အကျွံ သုံးနေရတာကို ထောက်ကြည့်ခြင်း အားဖြင့် မြေဆီလွှာတွေ ဘယ်လောက်ထိပျက်စီးနေလဲဆိုတာ ခန့်မှန်းလို့ရတယ်လို့ ဆိုပါတယ်။ သူဆိုရင် သူ့ရဲ့ မြေ ၁၇ ဧကမှာ မြေတွေ ပျက်စီးလာတာကြောင့် အခြားတောင်သူတွေရဲ့ မြေ နေရာကို ငှားရမ်းစိုက်ပျိုးနေတာ ဆယ်စုနှစ်တစ်ခုရှိလာပါပြီ။
အဲဒီလိုစိုက်ပျိုးတဲ့အခါ ဓာတ်မြေသြဇာကို မသုံးမဖြစ် သုံး နေရတာကြောင့် ““နှစ်နှစ်လောက် စိုက်ပြီးရင်ကို မြေတွေက ခဲသွားပြီ”” လို့ သူက ပြောပြတယ်။ အဲဒီလိုမြေတွေ ကျပ်ခဲသွားလို့ စိုက်ပျိုးလို့ မရတော့ဘူးဆိုရင် အဲဒီမြေကို မစိုက်တော့ဘဲ အခြား မြေနေရာအသစ်ကိုပြောင်းရွှေ့ စိုက်ပျိုးတယ်လို့ဆိုတယ်။
သူဆိုရင် ဆယ်စုနှစ်အတွင်း မုံရွာ၊ ရွှေဘို၊ ဝက်လက်၊ ခင်ဦး စတဲ့ မြို့နယ်တွေမှာ လှည့်လည်စိုက်ပျိုးခဲ့ရပြီး လက်ရှိမှာတော့ စစ်ကိုင်းမှာ မြေငှားစိုက်ပျိုးနေတယ်လို့ သူက ဆိုပါတယ်။
အဲဒီလိုစိုက်ပျိုးနေတာတွေကြောင့် သူ့ကိုမိတ်ဆွေတွေက သဘာဝမြေတွေကို ပျက်စီးအောင် ခင်ဗျားလုပ်တာဆိုပြီး အပြောခံရဖူးတယ်လို့ စိတ်မကောင်းစွာနဲ့ အခုလို ပြန်ပြောပါတယ်။
““သားက မွေးတဲ့ မြေးတွေ လက်ထက်ကျရင် လူအ ကြီး၊ သဘာဝမြေတွေကို ပျက်စီးအောင် ခင်ဗျားလုပ်တာဆိုပြီး အပြော ခံရမှာတဲ့””
အဲဒီလိုအပြောခံရတဲ့အခါ ရှက်လည်းရှက်သလို အမှန် တကယ်လည်း ဖြစ်နေတာကြောင့် ငြိမ်ခံနေရတယ်လို့ ပြောနေ ရင်း သူ့အသံက တဖြည်းဖြည်းတိုးသွားပါတယ်။
ဦးမြင့်စိုးတို့လို တောင်သူတွေ ဓာတ်မြေသြဇာသုံးစွဲနှုန်း တစ်နှစ်ထက်တစ်နှစ် မြင့်မားလာနေတာကို ကမ္ဘာ့ဘဏ်ရဲ့ အချက်အလက်တွေကလည်း ထောက်ခံနေသလိုဖြစ်နေပါတယ်။ မြန်မာနိုင်ငံရဲ့ ဓာတ်မြေသြဇာသုံးစွဲမှုအခြေအနေဟာ ၁၄ နှစ် အတွင်း လေးဆမြင့်တက်လာခဲ့တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ဝက်ဘ် ဆိုက်မှာ ထုတ်ပြန်ထားတဲ့ နိုင်ငံအလိုက် ဓာတ်မြေသြဇာသုံးစွဲမှု ဇယားမှာ ဖော်ပြထားပါတယ်။
၂၀၀၂ တုန်းကစိုက်ပျိုးမြေတစ်ဟက်တာ (တစ်ဟက်တာ တွင်၂ ဒဿအ ၄၇ ဧက) မှာဓာတ်မြေသြဇာ ၄ ဒဿမ၂၉ ကီလို ဂရမ်သုံးခဲ့ပြီး ၂၀၁၆ မှာတော့ ၁၇ ဒဿမ ၈၇ ကီလိုဂရမ်ထိ မြင့် တက်လာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်က အပြည်ပြည်ဆိုင်ရာဓာတ်မြေသြဇာဖွံ့ဖြိုး ရေးဌာန ( International Fertilizer Development Center — IFDC) ကထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံနဲ့ ဆိုင်တဲ့ စာတမ်းတစ် စောင်အရ မြန်မာနိုင်ငံမှာ ဓာတ်မြေသြဇာသုံးစွဲမှုဟာ ၂၀၁၄ မှာ တန်ပေါင်း ၁ ဒဿမ ၂ သန်း ရှိခဲ့ပြီး ၂၀၁၆ မှာတော့ တန်ပေါင်း ၁ ဒဿမ ၅ သန်း ကနေ ၁ ဒဿမ ၆ သန်း အထိ မြင့်တက်လာ တယ်လို့ ဖော်ပြထားပါတယ်။
photo-ei shwe phyu ကိုနေလင်းဦးရဲ့ ဖရဲစိုက်ခင်းက ပျိုးပင်များ
စိုက်ပျိုးမြေဧကသန်း ၃၀ ရှိတဲ့ မြန်မာနိုင်ငံမှာ ဓာတ်မြေ သြဇာကို စတင်မိတ်ဆက် အသုံးပြုလာတာကတော့ ၁၉၇၀ ပြည့် နှစ်ကျော်လောက်က အကောင်အထည်ဖော်ခဲ့တဲ့ မြစိမ်းရောင်စီမံကိန်းကနေ စတင်ခဲ့တာဖြစ်ပါတယ်။
သဘာဝပစ္စည်းတွေနဲ့မဟုတ်ဘဲ ဓာတုပစ္စည်းတွေနဲ့ စီမံ ထားတဲ့ ဓာတ်မြေသြဇာဟာ သီးနှံအထွက်တိုးရေးအတွက် အထောက်အကူပြုပေမယ့် လူ့စိတ်သဘောအရအထွက်များများ လိုချင်၊ သီးနှံအရွယ်အစားကြီးတာကို လိုချင်တဲ့အခါ လိုတာထက် ပိုသွားခဲ့ရင် ဘေးဖြစ်သွားတတ်တယ်လို့ ဒေါက်တာကျော်ငြိမ်း အေးက ပြောပါတယ်။
““ကြည့်လိုက်ရင် ဟုန်းခနဲတက်လာတာမျိုး လိုချင်တယ်။ အဲဒီအခါမျိုးမှာ လိုတာထက် ပိုသုံးတာမျိုး ဖြစ်လာနိုင်တယ်””လို့ သူက ပြောပါတယ်။
ဓာတ်မြေသြဇာတွေ လွန်လွန်ကျွံကျွံသုံးရင် သုံးရင် မြေဆီ လွှာထဲမှာ အပင်ကို အကျိုးပြုတဲ့ အဏုဇီဝပိုးမွှားတွေ သေဆုံး သွားပြီး မြေဆီတွေက သဘာဝအတိုင်း မဟုတ်တော့တာကြောင့် အပင်ကြီးထွားဖို့ ပေးစွမ်းနိုင်တဲ့ စွမ်းအား လျော့နည်းသွားတတ် တယ်လို့ ဒေါက်တာကျော်ငြိမ်းအေးက ထောက်ပြပါတယ်။
မြန်မာသြဂဲနစ် စိုက်ပျိုးထုတ်လုပ်သူများအသင်း တည် ထောင်သူ စိုက်ပျိုးရေးပညာရှင် ဒေါက်တာသန်းသန်းစိန်က မြေ ဆီလွှာဆိုတာ နိုင်ငံရေးတမျှ အရေးကြီးတာကြောင့် ကာကွယ် စောင့်ရှောက်ရမှာဖြစ်ပြီး မြေဆီလွှာကို ဖျက်ဆီးတဲ့နိုင်ငံဟာ ကိုယ့်နိုင်ငံကို ဖျက်ဆီးတဲ့ နိုင်ငံ ဖြစ်တယ်လို့ ပြောပါတယ်။
““မြေဆီလွှာကျန်းမာမှ ကျန်းမာတဲ့အပင်နဲ့ ကျန်းမာတဲ့ လူသားတွေကို ဖန်တီးပေးမှာ””လို့ သူကဆိုတယ်။
အတိုင်းအဆမရှိ
မြန်မာနိုင်ငံမှာတောင်သူတွေဟာ ဓာတ်မြေသြဇာ သုံးတဲ့ အခါမှာ အပင်နဲ့မြေကြီးက ဘာဓာတ် လိုအပ်တယ်ဆိုတာကို ဆန်းစစ်မှုမရှိဘဲ သုံးနေကြတာဖြစ်တဲ့အပြင် ပညာရှင်တွေနဲ့ တိုင် ပင်တွက်ချက်စိုက်ပျိုးကြတာလည်း မရှိဘူးလို့ စိုက်ပျိုးရေး ပညာရှင် ဒေါ်သန်းသန်းစိန်က မှတ်ချက်ပြုပါတယ်။
တကယ်ဆိုရင် တောင်သူတွေအနေနဲ့ သူတို့စိုက်ပျိုးမြေရဲ့ မြေချဉ်ငန်ဓာတ်ကိုတိုင်းထွာပြီးမှ လိုအပ်တဲ့ဓာတ်မြေသြဇာကို ထည့်သွင်းစိုက်ပျိုးရမှာဖြစ်တယ်လို့ သူက ဆိုပါတယ် ။ လွန်ခဲ့တဲ့ နှစ် နှစ်က နယ်သာလန်နိုင်ငံက Soil Cares အဖွဲ့နဲ့ Wageningen University and Research Centre (WUR) တို့ စီစဉ်တဲ့မြန်မာ့မြေဆီလွှာ ကျန်းမာရေးပရောဂျက် (Project Soil Health Myanmar) စစ်တမ်းဖော်ပြချက်ကလည်း တောင်သူ တွေဟာ ဓာတ်မြေသြဇာသုံးရာမှာ လိုအပ်တဲ့ သွင်းအားဓာတ်ကို တိုင်းတာပြီး ထည့်တာမျိုး မဟုတ်ဘူးလို့ ထောက်ပြထားပါတယ်။
ဖရဲစိုက်တောင်သူဦးဇော်မင်းသိန်းကတော့ မြေတွေဘာ ဓာတ်လိုနေလဲဆိုတာကိုသိဖို့ မြေချဉ်ငန်ဓာတ်ကိုတစ်ခါမှ မတိုင်း တာဖူးဘူးလို့ဆိုပါတယ်။ တိုင်းတာဖို့ သိရှိပေမယ့် ကိရိယာ တွေ၊သို့မဟုတ် တိုင်းတာနိုင်တဲ့နည်းစနစ်တွေ မရှိတာကြောင့် အစိုးရအနေနဲ့ ထောက်ပံ့ပေးစေချင်တယ်လို့ ဆိုပါတယ်။
အဲဒီလိုတိုင်းတာနိုင်ရင် လိုအပ်တဲ့ဓာတ်မြေသြဇာသာ ထည့်ရမှာဖြစ်တဲ့အတွက် စရိတ်လည်း လျော့ကျသွားမှာ ဖြစ် သလို မလိုအပ်ဘဲ ပိုကျွေးစရာမလိုတော့တဲ့အတွက် မြေကြီးရဲ့ ချဉ်ငန်ကိန်း ပြောင်းလဲတာကိုနည်းစေမယ်လို့ သူက ဆက်ပြော ပါတယ်။
တောင်သူတွေကို ဓာတ်မြေသြဇာသုံးတာနဲ့ ပတ်သက်ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာနခွဲက ပညာပေးတာ တွေ၊ မြေကို ဓာတ်ခွဲစမ်းသပ်ပြီးသီးနှံအလိုက် ဓာတ်မြေသြဇာ အသုံးပြုပုံတွေကို အကြံပြုတာတွေ လုပ်နေပေမယ့် ကျယ်ကျယ် ပြန့်ပြန့် ထိထိရောက်ရောက်လုပ်ဖို့ စိန်ခေါ်မှုတွေရှိနေပါတယ်။
အကြံပေးတဲ့အတိုင်းအမှန်တကယ် သုံး၊ မသုံးဆိုတာက တောင်သူတစ်ဦးတစ်ယောက်ချင်းစီပေါ် မူတည်တယ်လို့ မြေ အသုံးချရေးဌာနခွဲက ညွှန်ကြားရေးမှူး ဒေါ်သူဇာမြင့်က ပြော ပါတယ်။
မြန်မာနိုင်ငံမှာ စိုက်ပျိုးမြေဧကသန်း ၃၀ ရှိပြီး စိုက်ပျိုးရေး ဌာနမှာ မြေကို ဓာတ်ခွဲစမ်းသပ်ပေးတဲ့ ဓာတ်ခွဲခန်း ကိုးခုပဲရှိတာ ကြောင့် တစ်နိုင်ငံလုံးကို မလွှမ်းခြုံနိုင်သေးဘူးလို့ သူက ဆိုပါ တယ်။ ““တစ်ဧက(မြေ) တစ်ထုတ်ဆိုရင်တောင် ဘယ်လိုစမ်းနိုင် မှာလဲ။ တစ်ဦးချင်းစီကို (စမ်း)မပေးနိုင်ဘူး။ လက်လှမ်းမီ သလောက်ကို စမ်းပေးနေတာ”” လို့ သူက ဆက်ပြောပါတယ်။
ရွေ့လျားဓာတ်ခွဲခန်းတွေ အကောင်အထည်ဖော်နိုင်မယ်ဆိုရင်တော့ စိုက်ခင်းတွေအထိ သွားစစ်ဆေးပေးနိုင်မှာဖြစ် တယ်လို့ သူက ပြောပါတယ်။ ဒီလိုဓာတ်ခွဲခန်းတွေကို မြှင့်တင် ဖို့အတွက် လူ့စွမ်းအားအရင်းအမြစ်ကို မြှင့်တင်ပေးရမှာဖြစ် သလို ဘတ်ဂျက်ပါ မြှင့်တင်ပေးဖို့ လိုတယ်လို့ ဆိုပါတယ်။
ဓာတ်မြေသြဇာအသုံးပြုမှုနဲ့ပတ်သက်ပြီးတောင်သူတွေရဲ့သိနားလည်မှုက ပြည့်စုံမှုမရှိသလို လူအင်အားနည်းပါးစွာနဲ့ ပညာပေးရတာကြောင့် သတင်းအချက်အလက် မှန်မှန်ကန်ကန် မရောက်နိုင်သလို ရောက်ပြန်ရင်လည်း တောင်သူတွေက လိုက် နာဖို့ အားနည်းကာ လက်တွေ့အသုံးချနိုင်မှုအခြေအနေကနည်းပါတယ်လို့ စိုက်ပျိုးရေးသုတေသီ ဦးစံသိန်းကပြောပါတယ်။
““ဓာတ်မြေသြဇာသုံးပါဆိုတာကို အနှစ် ၃၀ လောက်ကြာ အောင် ပြောယူရတာလေ။ သုံးပြန်တော့လည်း တလွဲဆံပင် ကောင်းနေတယ်။ မှန်မှန်ကန်ကန် သုံးနိုင်တဲ့ အဆင့် ရောက်ဖို့က နောက်ထပ် ၁၀ နှစ်လောက် ချီတက်ရဦးမယ်””လို့ သူက ပြော ပါတယ်။
photo-ei shwe phyu အုတ်ကျင်းရွာက သခွားမွှေးစိုက်ခင်းြမေ
ပြန်လည်ကုစားပါ မြေဆီလွှာ
စိုက်ပျိုးမရအောင် မြေတွေ ပျက်စီးတာကိုခံစားရမှာက ဘယ်တော့မှန်းမသိပေမယ့် ဓာတ်မြေသြဇာမထည့်ရင် လက်ရှိမှာ အပင်မဖြစ်တော့ဘဲ စားဝတ်နေရေးပြဿနာကို ရင်ဆိုင်ရမှာ ဖြစ်တဲ့အတွက် ဓာတ်မြေသြဇာ သုံးစရာမလိုဘဲ စိုက်ပျိုးလို့ရမယ့် အစားထိုးနည်းလမ်းပေးဖို့ ဘုတလင်မြို့နယ်၊ ပဲပြစ်တောရွာက ဖရဲစိုက် တောင်သူ ကိုနေလင်းဦးက ပြောပါတယ်။
လက်ရှိမြန်မာနိုင်ငံအနေအထားအရ ဓာတ်မြေသြဇာသုံး တာကို ချက်ချင်းရပ်ပစ်လိုက်ဖို့ မဖြစ်နိုင်တာမို့ အပင်ကြွင်းကျန် တွေနဲ့ မြေဆွေးလုပ်ပြီး ထည့်တာ၊ သဘာဝမြေသြဇာကိုသုံးပြီး စိုက်ပျိုးတဲ့ သြဂဲနစ်စိုက်ပျိုးရေးစနစ်နဲ့ ဓာတ်မြေသြဇာတွဲသုံးတဲ့ စနစ်ကိုကျင့်သုံးဖို့ စိုက်ပျိုးရေးပညာရှင်တွေက အကြံပြုပါတယ်။
တဖြည်းဖြည်းချင်း အနောက်ကို ပြန်သွားဖို့လိုပြီး နှစ်အိတ် သုံးရာကနေတစ်အိတ်၊ တစ်အိတ်ကနေ တစ်ဝက်၊ တစ်ဝက်က နေ လုံးဝမသုံးတော့ဘဲ သဘာဝနည်းအတိုင်း၊ဓာတ်မြေသြဇာတွေ မသုံးခင်က စိုက်ပျိုးခဲ့တဲ့အချိန်ကို ရောက်အောင် ပြန်သွားဖို့ လို တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး သြဂဲနစ်စိုက်ပျိုးထုတ်လုပ်သူ များအသင်း ဥက္ကဋ္ဌဦးဝင်းနိုင်က ပြောပါတယ်။
ဒေါက်တာကျော်ငြိမ်းအေးကလည်းစိုက်ပျိုးရေးလုပ်သူ တွေအနေနဲ့ အခုလက်ရှိ ပစ္စုပ္ပန် ကောင်းစားရေးကိုပဲ မကြည့်ဘဲ နောင်လာမယ့် မျိုးဆက်တွေရဲ့ ကောင်းကျိုးအတွက်ကိုပါ ထည့် စဉ်းစားဖို့လည်း လိုတယ်လို့ ဆိုပါတယ်။ ဒီအတွက် ရေရှည်ဖွံ့ ဖြိုး ရေးအသိတွေနဲ့ အဖွဲ့လိုက် လူမဝတ္တရားကျေပွန်ရမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
အဲဒီလိုမှ မဟုတ်ဘူးဆိုရင် နောင်လာမယ့်အနှစ် ၅၀ လောက်ကျရင် နိုင်ငံတော်သီချင်းကို ရင်နာနာနဲ့ ဆိုရတဲ့ဘဝကို ရောက်မယ်လို့ သူက အခုလို ဥပမာပေး ပြောဆိုပါတယ်။
““တို့ဘိုးဘွားအမွေနှစ်မို့ ချစ်မြတ်နိုးပေဆိုတာမျိုးလေ။ တို့ ပိုင်တဲ့ဒီမြေကြီးက ဘာမှ သုံးစွဲလို့မရတဲ့ မြေကြီးဖြစ်တဲ့အခါမှာ ဘယ်လိုမှ ချစ်မြတ်နိုးစရာကောင်းတော့မှာ မဟုတ်ဘူး””