ရန်ကုန်၊ ဖေဖော်ဝါရီ-၇၊ ၂၀၂၀
ဂေထော၊ ထက်မြက်အောင်
မနက်တုန်းက ဓါးပြတိုက်ခံခဲ့ရတဲ့ မြောက်ဒဂုံဘဏ်ခွဲကို နေ့လည် နှစ်နာရီဝန်းကျင်မှ စတင်ကာ ပုံမှန်အတိုင်း ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ပြန်ပေးနေပြီလို့ CB Bank (သမဝါယမဘဏ်)က ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၇ ရက်၊ မနက် ၉ နာရီ ၁၅ မိနစ်ခန့်မှာ မြောက်ဒဂုံမြို့နယ်၊ ပင်လုံလမ်းမှာရှိတဲ့ ဘဏ်ခွဲကို လက်နက်နဲ့ ဗုံးတွေသုံးပြီး အမျိုးသားတစ်ဦးက ဓါးပြတိုက်ခဲ့တဲ့အတွက် ဒီဘဏ်ခွဲက ငွေကျပ်သိန်း ၆၀၀ ခန့် ဓါးပြနောက်ကို ပါသွားတယ်လို့ သူတို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဲဒီမြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်ကတော့ အာဏာပိုင်တွေ စစ်ဆေးပြီး တဲ့နောက် အဲဒီဘဏ်မှာ ဓါးပြအသုံးပြုခဲ့တဲ့ ဗုံးဟာ အတုကြီးလို့ ပြောပါတယ်။
ဒီဘဏ်ဓါးပြတိုက်မှုနဲ့ ပတ်သက်လို့ မြောက်ဒဂုံမြို့မ ရဲစခန်းမှာ စစ်ဆေးနေပေမယ့် အသေးစိတ်သတင်းအချက် အလက်ကိုတော့ ရဲတပ်ဖွဲ့ဘက်က မထုတ်ပြန်သေးပါဘူး။
ဘဏ်ဘေးက မျက်မြင်သက်သေတွေရဲ့အဆိုအရ မနက် ၉ နာရီဝန်းကျင်မှာ လျှာထိုးဦးထုပ်ဆောင်းပြီး မျက်နှာကိုအုပ်ထားတဲ့ အမျိုးသားတစ်ဦးဟာ အထုပ်တစ်ထုပ်ဆွဲကာ ဘဏ်အတွင်းက ထွက်လာတာကို မြင်ခဲ့ ရပြီး ပရိုဘောက်အမျိုးအစား အငှားယဉ်နဲ့ ထွက်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။
#Dailynews