အောင်ပိုင်
ရန်ကုန် – ၂၀၂၀ ဖေဖော်ဝါရီ ၁၇ (မော်ကွန်း)
ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် တပ်မတော်၏ တရားစွဲဆိုခြင်းခံထားရသော ဒေါင်းတို့မျိုး ဆက်သံချပ်အဖွဲ့ဝင်ခုနစ်ဦးအနက် သုံးဦးကို ဗိုလ်တထောင်မြို့နယ်တရားရုံးက ချုပ်ရက်ခံစားခွင့်ပါ အလုပ်နှင့် ထောင်ဒဏ်ခြောက်လ ကျခံစေရန် ယနေ့အမိန့်ချလိုက်သည်။
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကိုပိုင်ဖြိုးမင်း၊ မဆုရတနာမြင့်နှင့် မကေခိုင်ထွန်းတို့ သုံးဦးသည် ပြီးခဲ့သည့်နှစ် သင်္ကြန်အတွင်း ဒေါင်းတို့မျိုးဆက်သံချပ်ထိုးရာတွင် ပါဝင်သည့် တပ်မတော်ကိုထိခိုက်စေသောပုံများကို လူမှုကွန်ယက်တွင် ဖြန့်ဝေခဲ့သည်ဟုဆိုကာ ထောင်ဒဏ်ချမှတ်ခဲ့ပြီး ကျန်လေးဦးအား တရားသေလွှတ်ပေးခဲ့သည်။
၎င်းတို့အား ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး မျိုးမင်းဦးက တရားလိုပြုလုပ်၍ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ် တရားရုံး၌ ပြီးခဲ့သည့်နိုဝင်ဘာက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်၊ ဒဂုံတက္ကသိုလ်ကျောင်းသား ကိုငြိမ်းချမ်းစိုးက “တပ်မတော်ကတော့ အနာရှိ ရင်စပ်မှာပဲ။ လက်ထိပ်တွေ ဘယ်လောက်ပဲခတ်ခတ်၊ သံခြေချင်းတွေ ခြေထောက်မှာ ဘယ်လောက်ပဲခတ်ထားပါစေ။ ဒေါင်းတို့မျိုးဆက်ကတော့ အသံပိုကျယ်လာဖို့ပဲရှိတယ်။” ဟု ပြောသည်။
ထို့ကြောင့် လာမည့်သင်္ကြန်ကာလတွင်လည်း ၎င်းတို့အဖွဲ့အနေနဲ့ သံချပ်လှည့်လည်ဖျော်ဖြေသွားဦးမည် ဖြစ်ကြောင်း သူကဆက်ပြောသည်။
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များကို ဗိုလ်တထောင်မြို့နယ် တရားရုံး၊ မရမ်းကုန်းမြို့နယ် တရားရုံးနှင့် ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်လေးခုတွင် တပ်မတော်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နှင့် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ-၆၆ (ဃ) တို့ဖြင့် ၂၀၁၉ ခုနှစ်ကတည်းက တရားစွဲဆိုထားရာ အမှုစုစုပေါင်းရှစ်မှုရှိနေပြီး သက်ဆိုင်ရာတရားရုံးများက ယနေ့အမိန့်ချမှတ်သည့် အမှုအပါဝင် လေးမှုကို အပြစ်ရှိသည်ဟုဆိုကာ အလုပ်နှင့် ထောင်ဒဏ်များ အသီးသီးချမှတ်ခဲ့ပြီးဖြစ်သည်။
#Dailynews