ဒီခေတ်မှာ ကြိုးမိန့် တကယ်စီရင်နိုင်သလား

ဒီခေတ်မှာ ကြိုးမိန့် တကယ်စီရင်နိုင်သလား

“ဥပဒေအခွင့်အရေးတွေ၊ လူမှုရေးအခွင့်အရေးတွေ၊ နိုင်ငံသားအခွင့်အရေးတွေ အကုန်လုံးကုန်ဆုံးသွားပြီး သမ္မတကနေ အသနားခံစာပယ်လိုက်တဲ့အဆင့်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကနေ သေဒဏ်အတည်ပြုမိန့်ပေးပြီးမှသာလျှင် သူကိုကြိုးပေးသတ်တာပါ”

၂၀၁၉ ဖေဖော်ဝါရီ ၁၅ ရက်မှာ တရားလွှတ်တော်ရှေ့နေဦးကိုနီနဲ့ အငှားယာဉ်မောင်းဦးနေဝင်းကို ပစ်သတ်ခဲ့တဲ့ သေနတ် သမားကြည်လင်းနဲ့ စေခိုင်းသူအောင်ဝင်းဇော်ကို မသေမချင်းကြိုးကွင်းစွပ်သတ်ဖို့ အင်းစိန်တရားရုံးက အမိန့်ချလိုက်တာနဲ့ ပတ်သက်လို့ ဒီနေ့ခေတ်မှာ ကြိုးမိန့်ဆိုတာ တကယ်ကြိုးပေးပြီးသတ်တာဟုတ်၊ မဟုတ်။ နောက်ပြီး ကြိုးပေးတဲ့ပြစ်ဒဏ်ကို ဘယ်လိုကျင့်သုံးနေသလဲဆိုတာ ပြည်သူတွေက မေးခွန်းတွေထုတ်လာကြပါတယ်။ ဒါကြောင့် ထောင်မှူးကြီး အငြိမ်းစား လည်းဖြစ်၊ ဥပဒေအကြံပေးလည်းဖြစ်တဲ့ ဦးခင်မောင်မြင့်ကို မော်ကွန်းက မေးမြန်းထားတာကို ကောက်နူတ်ဖော်ပြလိုက် ပါတယ်။

မော်ကွန်း။ ။ တရားလွှတ်တော်ရှေ့နေဦးကိုနီနဲ့ အငှားယာဉ်မောင်းဦးနေဝင်းကို ပစ်သတ်ခဲ့တဲ့ သေနတ်သမားကြည်လင်းနဲ့ စေခိုင်းသူအောင်ဝင်းဇော်ကို မသေမချင်းကြိုးကွင်းစွပ်သတ်ဖို့ တရားရုံးကအမိန့်ချလိုက်တယ်။ အဲ့ဒီတော့ ဒီနေ့ခေတ်မှာ မသေမချင်းကြိုးကွင်းစွပ်ပြီးသေဒဏ်ပေးတဲ့အမိန့်ကို အကျဉ်းထောင်က အမှန်တကယ်ပဲ ကြိုးပေးသတ်တာလား။ ဘယ်လို မျိုးကိုင်တွယ်စီရင်လေ့ရှိပါသလဲ။

ဦးခင်မောင်မြင့် ။ ။ ၁၉၈၈ မတ်လလောက်အထိ ကြိုးဒဏ်စီရင်မှုတွေရှိခဲ့ပါတယ်။ နောက်ပိုင်းမှာကျတော့ နဝတတို့ နအဖတို့ စစ်အစိုးရတွေတက်လာတယ်။ သူတို့ကပြည်သူလူထုရဲ့ ဆန္ဒမဲနဲ့ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတွေ မဟုတ်တဲ့အတွက် နိုင်ငံတကာဥပဒေအရ ကြိုးဒဏ်အတည်ပြုတဲ့အမိန့် တစ်နည်းအားဖြင့် ကြိုးပေးကွပ်မျက်တဲ့အမိန့်ကို အတည်ပြုပေးလို့မရဘူး။ စီရင်ပိုင်ခွင့်မရှိဘူး။ ဒါကြောင့် ၁၉၈၈နဲ့ ၂၀၁၁ ကြားထဲမှာ ဆိုင်ရာတရားရုံးတွေက ပြစ်ဒဏ် အလိုက် သေဒဏ်တွေဘယ်လိုချချ ကြိုးပေးကွပ်မျက်တဲ့ သေဒဏ်အတည်ပြုမိန့်တွေ ထုတ်ပေးခဲ့ခြင်းမရှိဘူး။ ထုတ်ပေး လို့လဲမရဘူး။ သို့သော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူလူထုကရွေးကောက်တင်မြှောက်လိုက်တဲ့ ဦးသိန်းစိန် အစိုးရနဲ့ NLD အစိုးရက ကြိုးပေးကွပ်မျက်တဲ့အမိန့်ကိုပေးလို့ရပြီ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စု တရား လွှတ်တော်ချုပ်ကို အပ်နှင်းလိုက်ပြီဖြစ်တဲ့အတွက် သေဒဏ်အတည်ပြုမိန့်ပေးလို့ရပြီ။ အဲ့ဒီအမိန့်ရရင်တော့ အကျဉ်း ထောင်တွေက ကြိုးပေးကွပ်မျက်ခြင်းကို လုပ်လို့ရပြီပေါ့။

သို့သော်လည်း ဒီကနေ့အထိတော့ ၁၉၈၈ ကနေ ၂၀၁၁ကြားထဲမှာလည်းပဲ အကျဉ်းထောင်တွေမှာ ကြိုးပေးကွပ်မျက်ခြင်း မရှိခဲ့ဖူးဘူး။ ၂၀၁၁ နဲ့ ၂၀၁၉ ဒီနေ့ကြားထဲမှာလည်းပဲ မရှိခဲ့ဖူးဘူး။ ၁၉၈၈ ကနေ ၂၀၁၁ ကြားထဲမှာက ဥပဒေအရကို စီရင် ပိုင်ခွင့်မရှိလို့။ ၂၀၀၁ နောက်ပိုင်းမှာကြတော့ သေဒဏ်တွေချထားတာတွေရှိတယ်။ အဲ့ဒီလူတွေကတော့ အဆင့်အဆင့် အယူခံလုပ်ငန်းတွေဆောင်ရွက်နေဆဲဖြစ်တယ်။ အယူခံတွေမပြီးဆုံးသေးဘူး။ သမ္မတဆီမှာ အသနားခံစာတင်တဲ့အထိကို မရောက်သေးဘူး။ ဒါကြောင့် သေဒဏ်ပေးတာမရှိသေးတာပါ။ ရှိလာခဲ့မယ်ဆိုရင်တော့ ၁၉၈၈ ကနေ ၂၀၁၉ ကြားထဲမှာ ပထမဆုံးဖြစ်မှာပေါ့။ ဒါပေမဲ့ ကြည်လင်းနဲ့ အောင်ဝင်းခိုင်တို့ အမိန့်က ဒီနေ့မှချတာ။ သူ့ရှေ့မှာပဲ အယူခံအဆင့်အဆင့် တင်နေတဲ့သူတွေအများကြီးရှိတဲ့အတွက် သူတို့ကတော့ ပထမဦးဆုံးတော့ ဖြစ်နိုင်ဖို့ခဲယဉ်းပါတယ်။ အယူခံအဆင့်ဆင့် တင်တာကလည်း ၅ နှစ်ကနေ ၇ နှစ်တွေအထိ ကြာတတ်သေးတာကိုး။

မော်ကွန်း ။ ။ ကြည်လင်းနဲ့ အောင်ဝင်းခိုင်တို့ကို ချလိုက်တဲ့ အမိန့်က သေဒဏ်အတည်ပြုလို့ရတဲ့အထဲမှာပါလား။ ပြစ်ဒဏ်လျှော့ပေါ့နိုင်တဲ့ အခွင့်အရေးဘယ်လိုရှိဦးမလဲ။

ဦးခင်မောင်မြင့် ။ ။ ပါပါတယ်။ ဒါပေမဲ့ တစ်ခုထောက်ရှုရမှာက များသောအားဖြင့် မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်စနစ်မှာ သေဒဏ်ချမှတ်တိုင်း သေတာမဟုတ်ဘူး။ တရားရုံးကပြစ်ဒဏ်ချမှတ်လိုက်ပေမယ့် ၂၀၀၉ ရှေ့ပိုင်းမှာ ဆယ်နှစ်တစ်ကြိမ် နီးပါးလောက် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ (ခ) အရ သမ္မတ ကနေ ကာလုံနဲ့ညှိနှိုင်းပြီးတော့ အထွေထွေလွတ်ငြိမ်းချမ်းသာပေးခွင့်ရှိတယ်။ အဲဒီအခါကျရင် သေဒဏ်အကျဉ်းသားတွေက တစ်သက်တစ်ကျွန်းအပြစ်ဒဏ်ကို ပြောင်းလဲသွားတယ်။ ဒီနေ့ချလိုက်တဲ့ ပုဂ္ဂိုလ်တွေသည် သေဒဏ်ကျမလားမေးရင် သမ္မတရဲ့ အသနားခံစာမကျသေးခင်ကြားထဲမှာ အထွေထွေလွတ်ငြိမ်းချမ်းသာအမိန့်လာခဲ့သော် တစ်သက်တစ်ကျွန်းကို ပြောင်းပြီး သေဒဏ်ကလွတ်နိုင်တဲ့ အခွင့်အရေးရှိပါသေးတယ်။ အကျဉ်းထောင်သမိုင်းကို ပြန်ကြည့်ရင် ၁၀နှစ်တစ်ကြိမ် လောက် အထွေထွေလွတ်ငြိမ်းချမ်းသာကို ပေးတာများတယ်။

မော်ကွန်း။ ။ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ရပြီး တစ်သက်တစ်ကျွန်းဆိုရင်ရော ဘယ်လိုပြစ်ဒဏ်မျိုးဖြစ်သွားပါသလဲ။

ဦးခင်မောင်မြင့် ။ ။ တစ်သက်တစ်ကျွန်းဆိုတာကတော့ နှစ်မျိုးရှိတယ်ဗျ။ ထောင်မှာကျတော့ Sentence For Life ပေါ့။ ထောင်ဒဏ်တစ်သက်လွတ်ရက်မရှိဆိုတာ မပါဘူး။ ကိုကိုးကျွန်းတို့၊ ပေါ့ဘလဲကျွန်းတို့ကိုပို့တဲ့ Sentence For Transpor -tation ပေါ့။ တစ်ကျွန်းပို့တဲ့ ထောင်ဒဏ်မျိုးကို ခေါ်ပါတယ်။ အဲဒါကို ထောင်မှာကျတော့ (က) ကနေ (ဂ) အထိ အတန်းအစားကို တရားသူကြီးကနေ သတ်မှတ်ပေးရတယ်။ (က) အတန်းအစား တစ်သက်တစ်ကျွန်းဆိုရင် ထောင်ဒဏ် ၂၅ နှစ်၊ (ခ) ဆိုရင် နှစ် ၂၀၊ (ဂ) ဆိုရင် (၁၅) နှစ်၊ (ဃ) ကျတော့ အရပ်ဘက်တရားရုံးတွေကို ချခွင့်မရှိဘူး။ စစ်တရား ရုံံးတွေက ၁၄ နှစ် ပြောင်းလဲပေးရတယ်။ တစ်ကျွန်းပို့ဖို့ ကိုကိုးကျွန်းလည်း ဖျက်သိမ်းလိုက်တဲ့အခါမှာ အဲ့လိုပြစ်ဒဏ်တွေနဲ့ ပြောင်းလဲပြီး ကျခံပေးတယ်။

မော်ကွန်း။ ။ ကြိုးမိန့်ချလိုက်လို့ အကျဉ်းထောင်မှာ သေဒဏ်ပေးတာနဲ့ ပတ်သက်ပြီး ပြည်သူတွေ ရှင်းရှင်းလင်းလင်း သိရအောင် နောက်ထပ်ဘာများ ဖြည့်စွက်ပြောချင်ပါသေးသလဲ။

ဦးခင်မောင်မြင့် ။ ။ တကယ်ဥပဒေအရသွားနေတာနဲ့ လက်ရှိအကျဉ်းထောင်က သွားနေရတဲ့စနစ်နဲ့ ပြည်သူတွေ နားလည်တာနဲ့က တချို့ဟာတွေ မတူတာတွေ၊ လွဲမှားပြီးတော့ သိနေတာတွေရှိပါတယ်။ မသေမချင်းကြိုးကွင်းစွပ်၍ သတ်စေ Till Dead ဆိုတာ ဘာနားလည်မှုလွဲလဲ ဆိုတော့ တစ်အချက်က ထောင်ရောက်ရင် ကြိုးပေးပြီး အသတ်ခံရမယ့် သူလို့ ဒီလိုထင်တယ်။ တကယ်တမ်းကတော့ သူရဲ့ ဥပဒေအခွင့်အရေးတွေ၊ လူမှုရေးအခွင့်အရေးတွေ၊ နိုင်ငံသား အခွင့်အရေးတွေ အကုန်လုံးကုန်ဆုံးသွားပြီး သမ္မတကနေ အသနားခံစာပယ်လိုက်တဲ့အဆင့်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကနေ သေဒဏ်အတည်ပြုမိန့်ပေးပြီးမှသာလျှင် သူကိုကြိုးပေးသတ်တာပါ။

နောက်တစ်ခုက ကျတော့ ကြိုးပေးတဲ့နေရာမှာ ပေးတဲ့ကြိုးက မခိုင်လို့ပြတ်ကျသွားရင် အရှင်းလွှတ်လိုက်ရတယ်ဆိုတော့ လွဲမှားမှုပေါ့။ အမိန့်ထဲမှာက မသေမချင်းကြိုးကွင်းစွပ်သတ်ပါလို့ပြောတဲ့အတွက် သူ့ကို ကြိုးပေးဖို့စီစဉ်ကတည်းက အပိုကြိုးနှစ်ချောင်းပါထားပြီးသား။ ဒီတစ်ချောင်းမခိုင်ခန့်ရင်နောက်တစ်ချောင်းပေါ့။ သေသည်အထိပြောင်းလဲပြီး ပြစ်ဒဏ် ပေးရတယ်။ တက်ရောက်လာတဲ့ ထောင်ဆရာဝန်၊ မြို့နယ်ဆရာဝန်တွေက သေပါပြီလို့ အတည်ပြုတဲ့လက်မှတ် Dead of Certificate ရမှပဲ ပြစ်ဒဏ်ပေးခြင်းက ပြီးဆုံးပါတယ်။

နောက်တစ်ခုလွဲတာကျတော့ အခု ကြည်လင်းကိုချတဲ့အမှုမျိုးပေါ့။ သေဒဏ်တစ်မှုပါတယ်၊ နှစ် ၂၀ တစ်မှုပါတယ်။ နှစ် ၂၀ ကို အရင်ကျခံရင် သေဒဏ်ကနောက်မှလို့ ထင်ကြတာလည်းပါတယ်။ တကယ်တမ်းက ဥပဒေအရအရေးယူကြတဲ့အခါမှာ သီးခြားဆီကြခံဖို့ ပေးထားရင် အမြင့်ဆုံးချမှတ်ထားတဲ့ ပြစ်ဒဏ်ကိုအရင်ကျခံရပါတယ်။ ကြည်လင်းဆိုရင် သေဒဏ်ကို အရင်ကျခံရပါတယ်။ ကုန်ဆုံးပြီးမှ နှစ် ၂၀ ကို ကျခံရပါတယ်။ နောက်တစ်ခါ ဘာထပ်လွဲပြန်လည်းဆိုတော့ သေဒဏ် ပေးလိုက်လို့ သေသွားပြီ၊ သူ့ကိုထောင်ကလွှတ်မပေးဘူး၊ ကျန်တဲ့ထောင်ဒဏ်တွေကို ကျခံတဲ့အတွက် ဝိဉာဉ်ကို ထောင်က ထပ်ချုပ်ထားတယ်ဆိုပြီး အယူအဆလွဲပြန်တယ်။ တကယ်တမ်းက သေဒဏ်အမိန့်ပြီးလို့ ကြိုးပေးပြီးတာနဲ့ အဲဒီ Dead Body ကို မိသားစုက သဂြိုလ်ချင်တယ်ဆိုရင် ထောင်ဗူးတံခါးကြီးထဲမှာပဲ သတ်မှတ်တဲ့စည်းကမ်းချက်နဲ့အညီ လွှဲပြောင်း ပေးအပ်ပါတယ်။

မိသားစုက သဂြိုလ်ချင်တဲ့ဆန္ဒမရှိဘူးဆိုရင် အကျဉ်းထောင်ရဲ့အစီအစဉ်နဲ့ သူ့ရဲ့ဘာသာရေး ထုံးဓလေ့ အတိုင်း သဂြိုလ်ရတယ်။ အဲ့အချိန်မှာ သူကျခံရတဲ့ ပြစ်ဒဏ်တွေအားလုံးကနေ လွတ်မြောက်တဲ့လက်မှတ် Release Ticket ကို Dead Body နဲ့ အတူ တစ်ခါတည်းထည့်ပေးရတယ်။ ထောင်မှတ်တမ်းတွေမှာလည်း သူ့ကို အဲနေမှာ အလွတ်ပြ ပေးရတယ်။ ဒါနဲ့တင်မလုံလောက်သေးဘူး အကျဉ်းထောင်မှာရှိတဲ့ အပိုင်း ၂ အမိန့်စာ Part-2 Order ထုတ်ပြန်ရတယ်။ သူက ဒီနေ့မှာ ကြိုးပေးပြီးတော့ သူ့ပြစ်ဒဏ်တွေကုန်ဆံုံးသွားပြီ ဖြစ်တဲ့အတွက် အကျဉ်းထောင်နဲ့မပတ်သက်တော့ဘူး၊ အကျဉ်းထောင်နယ်မြေထဲမှာလည်း နေထိုင်ခွင့်မရှိတော့ဘူး၊ ဒါကြောင့် သင့်သွားလိုရာသွားနိုင်သည်ဆိုပြီး အမိန့်ပြန်ပေး ရပါတယ်။ ဒါလေးတွေကတော့ ဆက်စပ်ပြီးတော့ အရပ်ဘက်ကနားလည်မှုလွဲတာတွေနဲ့ ပတ်သက်ပြီး ဗဟုသုတအဖြစ် ပြောပြပေးရတာပေါ့နော်။

မော်ကွန်း ။ ။ ကျေးဇူးတင်ပါတယ်ခင်ဗျ ။

#mawkun #magazine #chronicle #interview




 

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."