စစ်ကိုင်း – ၂၀၂၃ ဇွန် ၁၅ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲက ပေါက်မ(တောင်)ရွာကို စစ်ကောင်စီတပ် အင်အားအများအပြားနဲ့ ဒီနေ့မနက် ၁၀ နာရီဝန်းကျင်က စီးနင်းမီးရှို့ခဲ့ပြီး ဒေသခံကာကွယ်ရေးအဖွဲ့တွေနဲ့လည်း ထိတွေပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့ ပေါက်မရွာခံတွေက မော်ကွန်းကိုပြောပါတယ်။
“စစ်ကောင်စီတပ်က အင်အားအတော်များတယ်။ နှစ်ဖွဲ့လာတာ။ မီးခိုးတွေဆို လုံးခဲနေတာပဲ၊ လှမ်းမြင်နေရတာ။ လောလောဆယ်တော့ ရွာခံတွေအဖမ်းခံရတာ မကြားရသေးဘူး။ အကုန်လုံးအပြင်ထွက်ပြေးရတာ။
PDF တွေနဲ့လည်း သူပစ်ကိုယ်ပစ် ပစ်နေကြတာ။ လက်နက်ကြီးတွေနဲ့လည်း ထုတယ်” လို့ ပေါက်မ(တောင်)ရွာခံတစ်ဦးက ပြောပါတယ်။
မီးရှို့ခံရတဲ့ ပေါက်မ(တောင်)ရွာဟာ အိမ်ခြေငါးရာဝန်းကျင်ရှိပြီး စစ်ကိုင်း-ရွှေဘို ကားလမ်းမကြီးဘေးမှာရှိတာပါ။ ပေါက်မ(တောင်)ရွာကို ဒီနေ့မနက်မီးရှို့တဲ့စစ်ကောင်စီစစ်ကြောင်းဟာ အခုလ ၁၃ ရက်ကလည်း ပေါက်မ(တောင်)ရွာ အနီးက သာဇင်ရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့စစ်ကြောင်းဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
မီးရှို့မှုကြောင့် သာဇင်ရွာမှာ အိမ်ခြေခြောက်ရာကျော်ပျက်စီးခဲ့ပြီး အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးလည်း အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
“သာဇင်ရွာကိုဝင်ပြီးမှ ကျွန်တော်တို့ရွာကိုလာတာ။ ကျွန်တော်တို့က မနေ့ညကတည်းကပြေးရတာ အခုတောထဲမှာ။ စစ်ကောင်စီတပ်တွေက မနေ့ကတည်းကရွာနားရောက်တာ။ ဒီနေ့မနက်မှရွာကိုဝင်တာ။
ကျွန်တော်တို့လည်း ဘာမှ မသယ်နိုင်ဘူး။ အဝတ်စားနဲ့ ထမင်းစားစရာလေးတွေလောက်ပဲသယ်နိုင်တာ။
အိမ်မှာ အကုန်ပစ်ထားခဲ့ရတာ၊ ပဲတွေ ဂျုံတွေ အကုန်လုံးပဲ” လို့ ပေါက်မ(တောင်)ရွာသားတစ်ဦးကပြောပါတယ်။
ဒါ့အပြင် သူတို့ရွာအနီးဝန်းကျင်က ရွာတွေဖြစ်တဲ့ ပေါက်မ (မြောက်)၊ ကန်တော်ရိုး၊ မြိုင်ကုန်း၊ အောင်မြေသာစည်ရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံတွေလည်း စစ်ရှောင်နေရတယ်လို့ သူက ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ ရွာကိုမီးရှို့ပြီး ကင်းပုန်းတွေချထားဆဲဖြစ်လို့ လက်ရှိအချိန်ထိ ရွာကို ပြန်မဝင်နိုင်သေးတာကြောင့် ပျက်စီးဆုံးရှုံးမှုတွေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ အချက်အလက်တွေအရ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် ၂၀၂၁ မေ ၁ ရက်ကနေ ၂၀၂၃ မေ ၃၁ ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နေအိမ်ပေါင်း ခုနစ်သောင်းကျော် မီးရှို့ဖျက်ဆီးခံထားရပါတယ်။
အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက မီးရှို့ဖျက်ဆီးခံရတာ အများဆုံးဖြစ်ပြီး နေအိမ် ငါးသောင်းကျော်အထိ ဖျက်ဆီးခံထားရပါတယ်။
ပုံစာ-သာဇင်ရွာကိုစစ်ကောင်စီတပ်တွေမီးရှို့ဖျက်ဆီးခဲ့တဲ့မြင်ကွင်း
ဓါတ်ပုံ-စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေး
#Dailynews

