ဒီပဲယင်း-၂၀၂၃ အောက်တိုဘာ ၃၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေ အခုလ ၂၁ ရက်ကနေ ဒီနေ့အထိ စစ်ကြောင်းထိုးနေပြီး ဒေသခံရှစ်ဦးကို သတ်ဖြတ်ကာ ၂၁ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒီပဲယင်းဒေသခံတွေက မော်ကွန်းကို ပြောပါတယ်။
“သတ်ခံရတဲ့သူတွေက ရက်ရက်စက်စက်သတ်ခံရတာ။ ဗိုက်ကိုဓားနဲ့ဖွင့်၊ ခေါင်းတွေဖြတ်သတ်ခံထားရတာ။ သူတို့စစ်ဆေးမေးပြီးမှ သတ်ခံရတာလို့ ယူဆရတယ်။ ဖမ်းခံရသူတွေအကုန် အမျိုးသားတွေချည်းပဲ။ အသက်မပြည့်သေးတဲ့ သူတွေလည်းပါတယ်။ သူတို့အကုန်အသက်အန္တရာယ်စိုးရိမ်ရတယ်” လို့ ဒီပဲယင်းဒေသခံတစ်ဦးကပြောပါတယ်။
သတ်ဖြတ်ခံရသူရှစ်ဦးရဲ့အလောင်းတွေကို သိမ္ဘာကျေးရွာအနီးမှာ လေးဦး၊ ဘုတ္ထန်းကျေးရွာမှာတစ်ဦး၊ ရှမ်းတောရွာအနီးမှာနှစ်ဦးနဲ့ မင်းတဲကုန်းရွာအနီးမှာတစ်ဦး ပြန်တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က မနေ့ကထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးတဲ့ လမ်းတစ်လျှောက်က ဖမ်းဆီးခံရတဲ့ ဒေသခံတွေဟာ ကျွန်းတော်ကြီးရွာကငါးဦး၊ အုန်းတင်ရွာကတစ်ဦး၊ ကံပြားရွာက နှစ်ဦး၊ ရှမ်းတောရွာက ၁၂ ဦးနဲ့ မင်းတဲကုန်းရွာကတစ်ဦး စုစုပေါင်းအမျိုးသား ၂၁ ဦးဖြစ်တယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဒီပဲယင်းမြို့နယ်ထဲကို အခုလ ၂၁ ရက်ကစလို့ နယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့ စစ်ကြောင်းထိုးနေတာဖြစ်ပြီး သူတို့စစ်ကြောင်းထိုးရာလမ်းတစ်လျှောက်မှာရှိတဲ့ ကျေးရွာသုံးရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။
မနေ့ကညပိုင်းကလည်းစစ်ကောင်စီတပ်တွေဟာ ရေဦး-ဒီပဲယင်းအစပ်မှာရှိတဲ့ မစိုးရိမ်ရွာကို လက်နက်ကြီး၊လက်နက်ငယ်တွေ ပစ်ခတ်စီးနင်းခဲ့တာကြောင့် ဒေသခံတွေ ညပိုင်းမှာထွက်ပြေးခဲ့ရတယ်လို့ ဒီပဲယင်းညီနောင်များအဖွဲ့က ဆိုပါတယ်။
ဒီပဲယင်းမြို့နယ်ထဲကို စစ်ကောင်စီတပ်တွေ နေ့စဉ်စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံနှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး နေ့စဉ်စစ်ရှောင်ဦးရေ တိုးလာတာကြောင့် စားနပ်ရိက္ခာအကူအညီတွေလည်း လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေက ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA ရဲ့ နောက်ဆုံးအချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူဦးရေဟာ နှစ်သန်းနီးပါးအထိရှိလာပြီး အဲဒီထဲက ၁ ဒဿမ ၇ သန်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေဖြစ်တယ်လို့ ဆိုထားပါတယ်။
ပုံစာ-စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးနေလို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒီပဲယင်းဒေသခံများ
ဓာတ်ပုံ-ဒီပဲယင်းမြို့နယ်ညီနောင်များ

