ဒီပဲယင်း – ၂၀၂၁ နိုဝင်ဘာ ၃၀ (မော်ကွန်း)
ဒီပဲယင်းမြို့နယ်၊ ညောင်လှကျေးရွာနဲ့ ဆည်တောကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေဟာ နေအိမ်တွေကိုဝင်ရောက်ဖျက်ဆီးမှုတွေ ဆက်လက်ပြုလုပ်နေပြီး ဆန်၊ ရေနဲ့ လျှပ်စစ်တွေကို အဓိကထားဖျက်ဆီးနေကြောင်း ဒေသခံတွေကပြောပါတယ်။
မနေ့က ဒီပဲယင်းမြို့နယ်၊ ပနောက်နှောအုပ်စု၊ဆည်တောရွာကို စစ်ကောင်စီတပ်တွေဝင်ရောက်လာပြီး ရေကန်များ ဖြိုခြင်း၊ ရေပိုက်များဖြတ်တောက်ခြင်း၊ ဆိုလာလျှပ်စစ်ခုံများဖျက်ဆီးခြင်း၊ ဆန်အိတ်များဖောက်ကာဖြန့်ကြဲခြင်းနဲ့ အိမ်တွေ၊ပရိဘောဂတွေကိုပါ ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
ညောင်လှကျေးရွာကိုတော့ ဒီကနေ့ မနက်ပိုင်းမှာပဲ ထပ်မံဝင်ရောက်လာပြီးကျေးရွာအတွင်း ကျန်ခဲ့တဲ့ ပြည်သူတွေရဲ့ဆိုင်ကယ်တွေကို အစုလိုက်အပြုံလိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒိုင်နက်ကျေးရွာကိုလည်း လက်နက်ကြီးများ ၊ သေနတ်များနဲ့ ဆက်တိုက်ပစ်ခတ် ဝင်ရောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီပဲယင်းမြို့နယ်အတွင်း စစ်ဘေးရှောင် ကျေးရွာ (၁၀) ရွာခန့် နဲ့ စစ်ဘေးရှောင်ဒေသခံ ငါးထောင်ကျော်ရှိနေပါတယ်။
ဒီပဲယင်းနယ် ညောင်လှရွာနဲ့ ဆည်ကြီးရွာဘက်ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်များနဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့များ နိုဝင်ဘာလ ၂၈ ရက် နံနက်မှစ၍ ထိတွေ့မှုဖြစ်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိကြောင်း ရွှေဘိုမိုးကြိုးမုန်တိုင်းအဖွဲ့က အသိပေးထားပါတယ်။
ပုံစာ – ညောင်လှရွာကဖျက်ဆီးခံရတဲ့ဆိုင်ကယ်များနဲ့ ဆည်တောရွာကအပျက်အစီးများ
ဓါတ်ပုံ-ဒေသခံ
#Dailynews

