ရွှေဘို – ၂၀၂၂ ဇန်နဝါရီ ၂၇ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွာစိုးရွာနဲ့ ပေါက်ချိုင်ရွာမှာ အိမ်ပေါင်း ၇၀ ကျော် မီးရှို့ဖျက်ဆီးခံရပြီး ပြည်သူလေးဦး သတ်ဖြတ်ခံခဲ့ရကာ ကျေးရွာဆယ်ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။
ရွာစိုးရွာကို အာဏာသိမ်းစစ်တပ်က ဇန်နဝါရီ ၂၄ ရက်မှာ လက်နက်ကြီးနဲ့ပစ်ခတ်ကာ ဝင်ရောက်မီးရှို့ခဲ့ပါတယ်။
မီးရှို့ခံတဲ့ အိမ် ၂၀ ကျော်ရှိကာ ပြည်သူ နှစ်ဦး အသတ်ခံရကြောင်း ဒေသခံက ပြောပါတယ်။
ပေါက်ချိုင်ရွာကိုတော့ ဇန်နဝါရီလ ၂၅ ရက်နေ့ ညပိုင်းမှာ ဝင်ရောက်မီးရှို့ခဲ့တာဖြစ်ပြီး အိမ် ၅၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကာ ပြည်သူနှစ်ဦးလည်းသတ်ဖြတ်ခံလိုက်ရကြောင်း ဒေသခံများက ပြောပါတယ်။
“ရွှေဘိုအနောက်ဖက်ကျေးရွာတော်တော်များများကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက် လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလုပ်နေပါတယ်။ ဘေးလွတ်ရာကိုတိမ်းရှောင်နေကြရတဲ့သူတွေလဲတစ်ရက်ထက်တစ်ရက် များလာပါတယ်”လို့ ရွှေဘိုဒေသခံတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပျူစောထီးတွေနဲ့အတူ ဝင်ရောက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြပြီး စုစုပေါင်း အင်အား ၂၀၀ ခန့်ရှိကာ လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
မီးရှိူ့ခံရတဲ့ ကျေးရွာနှစ်ရွာအပါအဝင် ၎င်းတို့ စစ်ကြောင်းထိုးရာ တစ်လျှောက် ကျေးရွာ စုစုပေါင်း ၁၀ ရွာထက်မနည်းရှိပြီး အဲဒီကျေးရွာတွေက လူဥဦးရေ ၃၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံကပြောပါတယ်။
စစ်ကြောင်းမဝင်သေးတဲ့ရွာတချို့မှာ မှီခိုနေထိုင်စားသောက်နေရတာကြောင့် စားဝတ်နေရေးအခက်အခဲတွေရှိနေကြောင်း အကူအညီပေးနေသူတွေ ပြောပါတယ်။
ဇန်နဝါရီလ ၂၄ ရက်နေ့ မနက်ပိုင်းက ဇီးဖြူကုန်းရွာနဲ့ ရွာစိုးရွာကြားမှာ တစ်နာရီလောက် ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက်က အများအပြားသေဆုံးကာ ဒဏ်ရာရရှိသွားသူတွေလည်း ရှိခဲ့ပါတယ်။
ပုံစာ – မီးရှို့ဖျက်ဆီးခံရသောနေအိမ်များ
ဓါတ်ပုံ-ဒေသခံ
#Dailynews

