ရန်ကုန်- ၂၀၂၃၊ အောက်တိုဘာ ၂၁ (မော်ကွန်း)
ဘင်္ဂလာပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ ဟမွန်း (HAMOON) ဆိုက်ကလုန်းမုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ် မှာ မိုးရက်ဆက်တိုက်ရွာကာ လေပြင်းတိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ မိုးတွေအုံ့မဲနေတယ်။ လေပြင်းတွေကလည်း တစ်ချက်တစ်ချက်တိုက်တယ်။ ငါးဖမ်းလှေတွေလည်း မထွက်တော့ဘူး၊ လှိုင်းကြမ်းနေလို့။ ကျွန်တော်တို့အသင်းအနေနဲ့ကတော့ ကူညီဖို့အဆင်သင့် ပြင်ထားတယ်။” လို့ စစ်တွေမြို့ပေါ်က လူမှုကူညီရေးအသင်း ရွှေဂရုဏာဖောင်ဒေးရှင်းရဲ့ တာဝန်ခံကပြောပါတယ်။
ဘင်္ဂလားပင်လယ်အော် အနီးတည်ရှိတဲ့ ပေါက်တောမြို့နယ်က တံငါရွာဖြစ်တဲ့ ကြိမ်ခွေမော်ပိုက်ဆိပ်ကျေးရွာမှာ လက်ရှိ လေပြင်းတွေတိုက်၊ လှိုင်းတွေကြီးနေလို့ ငါးဖမ်းလှေတွေရပ်နား ထားရတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ မနေ့ကစပြီး မိုးက ဆက်တိုက်ရွာနေတာ မရပ်သေးဘူး။ လေပြင်းတွေလည်း တိုက်တယ်။ ငါးဖမ်းလှေတွေဆို အကုန်သိမ်းထားကြတယ်။ သွားလို့မရဘူး။ လှိုင်းတစ်အားကြမ်းတယ်။ ငါးဖမ်းပိုက်တွေဆိုလည်း ပြန်တင်ထား ရတယ်။” လို့ ကြိမ်ခွေမော်ပိုက်ဆိပ်ကျေးရွာက တံငါသည်တစ်ဦးက ပြောပါတယ်။
အားကောင်းတဲ့ ဟမွန်းဆိုက်ကလုန်းမုန်တိုင်းဟာ မြန်မာနိုင်ငံကို ဦးတည်ရွေ့လျားဖို့မရှိပေမယ့် ဆိုက်ကလုန်းမုန်တိုင်းရဲ့ အဝန်းအဝိုင်းထဲမှာ ရှိနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်မှာ မုန်တိုင်းရဲ့ သက်ရောက်မှုကို ခံစားရနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ပြီးခဲ့တဲ့ နာရီပိုင်းမှာထုတ်ပြန်ပါတယ်။
ဒီဆိုက်ကလုန်းမုန်တိုင်းအရှိန်ကြောင့် ဒီနေ့နဲ့မနက်ဖြန်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းတွေကျရောက်ပြီး လှိုင်းကြီးနိုင်တယ်လို့ဖော်ပြထားပါတယ်။ ရုတ်တရတ်ရေကြီးတာ၊ မြေပြိုတာတွေဖြစ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီးနေထိုင်သူတွေ၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နေထိုင်သူတွေ သတိပြုကြဖို့လိုသလို ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ နဲ့ သင်္ဘောတွေအနေနဲ့လည်း ကြိုတင်သတိပြုရှောင်ရှားကြဖို့ မိုးဇလက အကြံပြုထားပါတယ်။
ရခိုင်ပြည်နယ်ကို မေလ ၁၄ ရက်ကလည်း မိုခါဆိုက်ကလုန်းမုန်တိုင်း ဝင်ရောက်ခဲ့လို့ လူဦးရေ ၁ ဒဿမ ၅ သန်းကျော် လေဘေးသင့်ခဲ့ရတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA က ထုတ်ပြန်ထားပါတယ်။
ပုံစာ- ပေါက်တောမြို့နယ်၊ ကြိမ်ခွေမော်ပိုက်ဆိပ်ကျေးရွာ ဒီနေ့မြင်ကွင်း
ဓာတ်ပုံ – U Kaung

