ရန်ကုန် – ၂၀၂၃ မေ ၂၈ ( မော်ကွန်း)
ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း နိုင်ငံရေးအကျဉ်းသားအနည်းဆုံး ၁၂ ဦးကို အကျဉ်းထောင်အာဏာပိုင်တွေနဲ့ စစ်ကောင်စီတပ်သားတွေပါဝင်တဲ့ အဖွဲ့က ခေါ်ထုတ်သွားခဲ့ပြီး ထိုသူတွေနဲ့အဆက်အသွယ်မရဖြစ်နေတယ်လို့ ပဲခူးတိုင်း၊ ဒိုက်ဦးဗဟိုအကျဉ်းထောင်နဲ့နီးစပ်သူတစ်ဦးက မနေ့က ပြောပါတယ်။
” အိပ်ဆောင် ၁ က ခုနစ်ယောက်၊ အိပ်ဆောင် ၂ က ငါးယောက်ပေါ့။ ဒါက ကျွန်တော်တို့သိတဲ့ စာရင်းပဲ။ အခြားအိပ်ဆောင်တွေ၊ တိုက်တွေမှာလည်းရှိသေးတယ်လေ။ အဲဒီဘက်ခြမ်းမှာ ဘာဖြစ်လဲဆိုတာမသိရသေးဘူး” လို့ အမည်မဖော်လိုတဲ့ အကျဉ်းထောင်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေကို သံခြေကျင်းတွေခတ်၊ လက်ထိပ်တွေခတ်ပြီး လာရောက်ခေါ်ထုတ်သွားတာဖြစ်ပြီး ဘယ်ကိုခေါ်သွားတယ်၊ ဘာလုပ်မယ်ဆိုတာကို အကျဉ်းထောင်အာဏာပိုင်တွေကမပြောဘူးလို့ သူကဆိုပါတယ်။
ဒါအပြင် ယခုရက်သတ္တပတ်တွေအတွင်း တချို့ရက်တွေမှာ အိပ်ဆောင်တွေကိုမဖွင့်ပေးတာ၊ အချိန်အကန့်အသတ်နဲ့သာတန်းဖွင့်ပြီး ပြန်ပိတ်တာ၊ ရှာဖွေရေးခေါင်းစဉ်နဲ့ဝင်ရောက်ရှာဖွေပြီး အကျဉ်းသားတွေရဲ့ စားသောက်စရာ၊ အဝတ်အထည်နဲ့ တကိုယ်ရေသုံးပစ္စည်းတွေကို ဖျက်ဆီးတာတွေကို ထောင်အာဏာပိုင်တွေက လုပ်ဆောင်ခဲ့တယ်လို့ သူကပြောပါတယ်။
ပဲခူးတိုင်းအရှေ့ခြမ်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်စကော ရဲဘက်စခန်းနဲ့ကပ်လျက်တည်ရှိတဲ့ ဒိုက်ဦးဗဟိုအကျဉ်းထောင်မှာ အိပ်ဆောင်ခြောက်ဆောင် ရှိပါတယ်။
အိပ်ဆောင် အမှတ် ၁ မှာ နိုင်ငံရေးအကျဉ်းသား အများစုထားရှိပြီး အမှတ် ၂ နဲ့ အမှတ် ၃ မှာလည်း အခြားအမှုတွေနဲ့အတူ နိုင်ငံရေးအကျဉ်းသားတွေကိုရောနှောထားတယ်လို့ သူကဆိုပါတယ်။ အိပ်ဆောင် အမှတ် ၆ ဟာ အမျိုးသမီးထောင်ပါ။
ဒါအပြင် ထောင်ရဲ့ ပြစ်ဒဏ်တိုက်တွေမှာတော့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံအပါအဝင် ပဲခူးတိုင်းအစိုးရအဖွဲက ဝန်ကြီးနဲ့လွှတ်တော်ကိုယ်စားလှယ်တွေ၊ သေဒဏ်ကျခံထားရသူတွေကို ထားပါတယ်။
ဒီထောင်မှာ နိုင်ငံရေးအကျဉ်းသား ၆၀၀ ခန့်ရှိတယ်လို့ သူကဆိုပြီး ၂၀၂၁၊ ဧပြီလက ပဲခူးမြို့၊ မဂ္ဂတစ်လမ်းပေါ်ကသပိတ်ကို စစ်ကောင်စီက သတ်ဖြတ်ဖြိုခွင်းဖမ်းဆီးစဉ်က မိခဲ့သူတွေဟာလည်း ဒီထောင်မှာပဲ အုပ်စုလိုက်အဖမ်းခံထားရတယ်လို့ ဆိုပါတယ်။
၈၈ ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ လွှတ်တော်ကိုယ်စားလှယ် ကိုဇေယျာသော် တို့အပါအဝင် နိုင်ငံရေးသမားလေးဦးကို စစ်ကောင်စီက သေဒဏ်ပေးသတ်ဖြတ်တဲ့အခါ အဲဒီအထဲက တစ်ဦးဟာ ဒိုက်ဦးဗဟိုအကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံနေရသူဖြစ်တယ်လို့ သူကပြောပါတယ်။
အခုလို နိုင်ငံရေးအကျဉ်းသားတွေကို ခွဲထုတ် ခေါ်ယူညှင်းပန်းနေတာဟာ မေ ၁၈ ရက်က တောင်ငူအကျဉ်းထောင်ကိုဖောက်ပြေးသွားနိုင်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ဆက်စပ်နိုင်မယ်လို့ ထင်ပေမယ့် အတိအကျမသိရသေးဘူးလို့ အကျဉ်းထောင်နဲ့ နီးစပ်သူကဆိုပါတယ်။
တောင်ငူထောင်ဖြစ်စဉ်ဖြစ်ပွားပြီးနောက် မြင်းခြံထောင်က နိုင်ငံရေးအကျဉ်းသားတွေကိုလည်း စစ်ကောင်စီတပ်ဖွဲဝင်တွေက သီးခြားခေါ်ထုတ်ကာ အခြားသူတွေနဲ့ အဆက်သွယ်ဖြတ် ညှင်းပန်းနေတဲ့အတွက် အဲဒီကနိုင်ငံရေးအကျဉ်းသားတွေဟာ အစာငတ်ခံဆန္ဒပြနေပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၂,၇၀၀ ကျော် အဖမ်းခံရပြီး အခုအထိ ၁၈,၅၀၀ ခန့် အကျဉ်းထောင်တွေမှာ အဖမ်းခံရဆဲဖြစ်ကာ လူပေါင်း ၃၆၀၀ လောက် အသတ်ခံခဲ့ရပြီလို့ စာရင်းပြုစုထားတဲ့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က မေ ၂၇ မှာ ထုတ်ပြန်ပါတယ်။
#Dailynews

