ရန်ကုန် – ၂၀၂၅ ဖေဖော်ဝါရီ ၁၇ (မော်ကွန်း)
စစ်ကောင်စီဟာ မတ္တရာမြို့နယ်အရှေ့ခြမ်းမှာရှိတဲ့ကျေးရွာတချို့ကို လေကြောင်းကနေ နှစ်ရက်ဆက်တိုက်ပစ်ခတ်ခဲ့ပြီး မြေပြင်စစ်ကြောင်းလည်းထိုးနေတာကြောင့် ဒီဒေသတွေမှာ အခြေစိုက်ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဒီဒေသခံတချို့က ပြောပါတယ်။
မနေ့က နေ့လယ်ပိုင်းမှာ မတ္တရာအရှေ့ခြမ်းက မြို့စိုးကုန်းနဲ့ဘိုကုန်းကျေးရွာတွေရှိရာ အနီးတစ်ဝိုက်ကို စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့ ဒီဒေသခံတချို့က ပြောပါတယ်။
ဒီနေ့မနက်ပိုင်းမှာလည်း မတ္တရာအရှေ့ခြမ်းကိုပဲ ဂျက်ဖိုက်တာ Mi-35 ရဟတ်ယာဉ်တွေကို အသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ထက်မနည်း ထပ်မံလုပ်ဆောင်ခဲ့တယ်လို့ မတ္တရာဒေသခံ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
“မနေ့က ညနေပိုင်းလောက်ကတော့ တိုက်ပွဲတွေလည်းဖြစ်နေတယ်။ လက်နက်ကြီးသံရော လက်နက်ငယ်သံတွေပါ ဆက်တိုက်ကြားနေရတယ်။ အရှေ့ခြမ်းကို တောက်လျှောက် နယ်မြေရှင်းဖို့လုပ်နေတယ်လို့လည်း ပြောကြတယ်” လို့ ၎င်းဒေသခံကပြောပါတယ်။
လက်ရှိလေကြောင်းတိုက်ခိုက်မှုကြောင့် ဒီရွာတွေမှာနေထိုင်တဲ့ ဒေသခံအများအပြား နေရပ်ကနေ စွန့်ခွာနေကြရပြီး အရပ်သားတချို့လည်း လက်နက်ကြီးထိမှန်ဒဏ်ရမှုတွေရှိတယ်လို့ ဒေသခံတချို့ကပြောပါတယ်။
မတ္တရာမြို့နယ်အတွင်း တော်လှန်တပ်တွေစိုးမိုးထားတဲ့နယ်မြေတွေကို ပြန်လည်ရရှိဖို့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့လကုန်ပိုင်းကစပြီး အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေပြီး တိုက်ပွဲတွေလည်း ခပ်စိပ်စိပ်ဖြစ်လာပါတယ်။
မတ္တရာမြို့အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်တွေ အလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်နေသလို မတ္တရာမြို့ပေါ်အပါအဝင် စစ်ကောင်စီက လက်နက်ကြီးတွေဆင်ထားတဲ့ကျေးရွာတွေကနေ ဆက်တိုက်ပစ်ခတ်မှုတွေလည်း ရှိနေခဲ့တာပါ။
မန္တလေး PDF တပ်တွေနဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေဟာ ပြီးခဲ့တဲ့နှစ်ထဲမှာ စတင်ခဲ့တဲ့ ရှမ်းမန်းစစ်ဆင်ရေးနဲ့အတူ မန္တလေးတိုင်းထဲက မိုးကုတ်၊ စဉ့်ကူး၊ သပိတ်ကျဉ်းနဲ့ မတ္တရာမြို့နယ်တွေထဲက နယ်မြေအများအပြားကို စစ်ကောင်စီလက်ထဲကနေ သိမ်းယူနိုင်ခဲ့ပါတယ်။
မတ္တရာမြို့နယ်ထဲက စစ်ကောင်စီရဲ့ လေကြောင်းရန် ကာကွယ်ရေးတပ်စခန်း၊ အယ်လ်ဖာ ဘိလပ်မြေစက်ရုံက တပ်စခန်း၊ ဆည်တော်ကြီးရဲစခန်းနဲ့ ဖယောင်းတောင် ရဲစခန်းတွေအပါအဝင် တပ်စခန်းပေါင်း ၄၀ ကျော် သိမ်းယူခဲ့တာပါ။
ပုံစာ – မန္တလေးတိုင်းအတွင်း လှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ
ဓါတ်ပုံ – MDY (PDF)

