ဒဂုံအရှေ့ပိုင်းက ရပ်ကွက်အချို့ ရေလွှမ်းခံနေရ

ရန်ကုန်- ၂၀၂၃၊ အောက်တိုဘာ ၁၆ (မော်ကွန်း)

ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်က ရပ်ကွက် ကိုးခုမှာ ရေလွှမ်းနေရတာကြောင့် အကူအညီတွေလိုအပ်နေတယ်လို့ ဒဂုံမြို့သစ်(အရှေ့ပိုင်း) က လူမှုကူညီရေးအသင်းတာဝန်ခံကပြောပါတယ်။

“လှည်းကူးဘက်ကရေတွေကျလာပြီး ဒီမှာရေကြီးတာပါ။ ရေကရေသေလိုဖြစ်နေတယ်။ ပြန်မကျဘူး။ ပဲခူးတို့၊ လှည်းကူးတို့လို အလုံးအရင်းနဲ့ အိမ်တွေရေမြုပ်ကုန်တဲ့အထိတော့မဟုတ်ပါဘူး။ အနိမ့်ပိုင်းတွေမှာရေက ပေါင်လောက်ထိတက်တယ်။ အစားအစာနဲ့ ဆေးဝါးအကူအညီတွေလိုတယ်ဆိုလို့ ကျွန်တော်တို့တွေ ထမင်းထုပ်တွေလိုက်ဝေနေပါတယ်။” လို့ သူကပြောပါတယ်။

လက်ရှိဒဂုံမြို့သစ် (အရှေ့ပိုင်း) က ၁၁၈၊ ၁၁၉၊ ၁၃၀၊ ၁၃၁၊ ၁၃၂၊ ၁၃၆၊ ၁၃၈၊ ၁၅၅ နဲ့ ၁၅၆ စတဲ့ ရပ်ကွက်တွေ ရေလွှမ်းခံနေရတယ်လို့ လူမှုကူညီရေးအသင်းတွေကပြောပါတယ်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ရေတက်လာတာနဲ့ ပတ်သက်ပြီး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ညွှန်ကြားရေးမှူး ဦးလှထွန်းက “ ရန်ကုန်မြစ်တို့ ငမိုးရိပ်ချောင်းတို့ကို ရေအမှတ်တိုင်းတာတဲ့စနစ်တော့မရှိပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းကရေကြီးခဲ့တဲ့ လှည်းကူးမြို့နယ်ကရေတွေဟာ ငမိုးရိပ်ချောင်းအတိုင်းစီးဆင်းလာပြီး ဒဂုံအရှေ့ပိုင်းမှာ ရေကြီးတာဖြစ်နိုင်တယ်” လို့သုံးသပ်ပါတယ်။

ဒဂုံအရှေ့ပိုင်းမြို့နယ် အပါအဝင် ရန်ကုန်မြို့က လူမှုကူညီရေးအသင်းတစ်ချို့ကလည်း ကူညီကယ်ဆယ်ရေး လုပ်ဖို့ ဒဂုံမြို့သစ်(အရှေ့ပိုင်း) ရပ်ကွက်တွေဆီသွားနေကြပြီလို့ပြောပါတယ်။

နှစ် ၆၀ အတွင်း စံချိန်တင်မိုးရွာသွန်းခဲ့တဲ့ ပဲခူးတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်တို့မှာ အခုလ ၇ ရက်က မိုးများပြီး ရေတက်လာတာကြောင့် လူဦးရေ ၁၂၀,၀၀၀ ကျော်ရေဘေးသင့်ခဲ့တယ်လို့ ကုလသမဂ္ဂအဖွဲ့အစည်း ရဲ့ မြန်မာနိုင်ငံသတင်းအချက်အလက်စီမံခန့်ခွဲမှုယူနစ်က ထုတ်ပြန်ထားပါတယ်။

ပုံစာ- ဒဂုံမြို့သစ်(အရှေ့ပိုင်း) ရေလွှမ်းမှုမြင်ကွင်း။
ဓာတ်ပုံ – Shwe Lei

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."