ကျော်ဇေယျ
ဒီဇင်ဘာ-၁၈
ကန်ထရိုက်တိုက် ဝယ်နေတဲ့သူတွေဟာ အပြီးအပြတ်အရောင်းအဝယ်နဲ့နေကြတာမို့ နေထိုင်စဉ်ကာလ ဖြစ်ပေါ်လာတဲ့ အဆောက်အအုံပြဿနာတွေကို သူတို့ဘာသာဖြေရှင်းရမှာဖြစ်ပြီး အစိုးရအနေနဲ့ ကြားဝင်စိုက်ထုတ် ကုန်ကျခံဖို့ လတ်တလောမှာ အစီအစဉ်မရှိဘူးလို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြည်သူ့လွှတ်တော်မှာ ပြောပါတယ်။
တာမွေမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတိုးဝင်းက ပြီးခဲ့တဲ့ နိုဝင်ဘာတုန်းက ရန်ကုန်မှာ လှုပ်ခဲ့တဲ့ ငလျင် ကြောင့် အဆောက်အအုံအများအပြား တိမ်းစောင်းသွားသလို တစ်ချို့မြို့နယ်တွေမှာဆိုရင် လူနေထိုင်ရန်မသင့်တော့တဲ့ အဆောက်အဦတွေမှာ ဆက်လက်နေထိုင်နေရတဲ့ အခြေအနေတွေရှိနေတာကြောင့် အစိုးရအနေနဲ့ ပြည်သူတွေအတွက် ကြားဝင်ဆောင်ရွက်ပေးနိုင်မယ့် အစီအစဉ်ရှိ၊မရှိမေးမြန်းတာကို သူက ပြန်ဖြေခဲ့တာပါ။
“ ကန်ထရိုက်တိုက်ဟုခေါ်ဆိုသော စုပေါင်းပိုင်အဆောက်အအုံများမှာ နေထိုင်ကြသူတွေ အနေဖြင့် မိမိတို့ အဆောက် အအုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး နေထိုင်ကြသူအားလုံးမှာ တာဝန်ရှိပြီး နေထိုင်သူအားလုံးက ပြင်ဆင်စရိတ်ကို အညီအမျှ ခွဲဝေကျခံရမှာဖြစ်ပါတယ်” လို့ ဦးကျော်လင်းက အကြံပြုတယ်။ သဘာဝဘေးဒဏ်ကြောင့်ဖြစ်စေ၊ အိုဟောင်းဆွေးမြေ့လို့ ဖြစ်စေ၊ အဆောက်အအုံချို့ယွင်းမှုတွေကို ပြင်ဆင်နိုင်တဲ့ နည်းပညာတွေက အသင့်ရှိတယ်လို့လည်း သူက ရှင်းပြပါတယ်။
ကြံ့ခိုင်တဲ့ အဆောက်အဦးတွေဖြစ်ဖို့ Building Code လို့ခေါ်တဲ့ အဆောက်အအုံဆောက်လုပ်မှုဆိုင်ရာ သတ်မှတ်ချက် တွေကို ထုတ်ပြန်ထားပေမယ့် လိုက်နာမှုမရှိတာကြောင့် အရည်အသွေးမမှီတဲ့ ကန်ထရိုက်တိုက်တွေ ရှိနေတာလို့လည်း သူက ဆိုပါတယ်။
ဒီလို သတ်မှတ်ချက်တွေကို လိုက်နာလာအောင်လုပ်ဖို့ အခုအခါ ဆောက်လုပ်ရေးဝန်ကြီးဌာနက အဆောက်အအုံနှင့် ဆောက်လုပ်မှုကဏ္ဍဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ရေးဆွဲနေတယ်လို့ သူကဆိုပါတယ်။ ဒီဥပဒေထွက်လာရင်တော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တစ်ပြေးညီစံသတ်မှတ်နိုင်မှာလို့ သူက ပြောတယ်။
အခုအခါမှာတော့ ဒီလိုဥပဒေမရှိသေးတဲ့အတွက် တစ်နိုင်ငံလုံးက အဆောက်အအုံဆောက်လုပ်မှုတွေအပေါ် လွှမ်းခြုံတဲ့ သတ်မှတ်ချက်တွေ မရှိသေးဘူးလို့ ဦးကျော်လင်းက ပြောတယ်။
နေထိုင်ဖို့မသင့်တော့တဲ့ တိုက်ခန်းတွေမှာ ဆက်လက်နေထိုင်နေရပြီး အခြားနေစရာလည်းမရှိတဲ့သူတွေအဖို့ သူတို့ အဆောက်အအုံတွေကို ပြင်ဆင်နိုင်ဖို့ အရစ်ကျချေးငွေလိုမျိုး ငွေကြေးထောက်ပံ့မှုအစီအစဉ်တွေကို အစိုးရက လုပ်မပေးနိုင်ဘူးလားလို့ ဦးတိုးဝင်းကလည်း လွှတ်တော်မှာ ထပ်မေးခဲ့ပါတယ်။
ဒါကိုတော့ ဒုတိယဝန်ကြီးက သက်ဆိုင်ရာဌာနတွေနဲ့ ဘဏ်တွေအကြား ညှိနှိုင်းဖို့လိုပြီး အကျိုးအကြောင်းကို ကိုယ်စား လှယ်ထံ သီးခြားပြောကြားပေးမယ်လို့ ဖြေခဲ့ပါတယ်။
နိုဝင်ဘာ ဒုတိယအပတ်က ရန်ကုန်မှာ လှုပ်ခဲ့တဲ့ ငလျင်ဟာ အင်အား ရစ်စတာစကေး ၄ ကျော်ရုံသာရှိပေမယ့် မြို့နယ်တစ်ချို့မှာ ရှိတဲ့ ကန်ထရိုက်တိုက်အဆောက်အအုံ ၂၀ ကျော် တိမ်းစောင်းခဲ့ပါတယ်။
#mawkun #magazine #chronicle #dailynews