ထိပ်ပိုင်းခေါင်းဆောင်တွေ အဆင်မပြေတော့တဲ့အခါ…

ထိပ်ပိုင်းခေါင်းဆောင်တွေ အဆင်မပြေတော့တဲ့အခါ…

(NEWS ANALYSIS)

ရှမ်းပြည်နယ် အရှေ့မြောက်ဘက်၊ လောက်ကိုင်ဒေသမှာ မြန်မာစစ်တပ်နဲ့ ဖုန်ကျားရှင် ဦးဆောင်တဲ့ ကိုးကန့်တပ်တို့ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ တွေမှာ ကျဆုံးသွားတဲ့ မြန်မာစစ်သားတွေရဲ့ ဓာတ်ပုံတွေနဲ့ ဒဏ်ရာရစစ်သားတွေရဲ့ဓာတ်ပုံတွေ ပုံစံအမျိုးမျိုးနဲ့ လူမှုကွန်ယက် ဖေ့စ်ဘွက်ခ် စာမျက်နှာပေါ်တက်လာတဲ့အခါမှာတော့ မြန်မာပြည်သူအပေါင်းတို့ရဲ့ နှလုံးသားဟာ ဆွဲကိုင်လှုပ်ခါခံလိုက်ရသလို ထိထိခိုက် ခိုက်ဖြစ်သွားခဲ့ကြပါတယ်။

သေဆုံးသူ၊ ဒဏ်ရာရသူတွေရဲ့ပုံတွေကို ကြည့်ပြီး ပြည်သူတွေဟာ ဝမ်းနည်းကြေကွဲကြတယ်။ ဂရုဏာသက်ခဲ့ကြတယ်။ စစ်တပ်ရဲ့အုပ်ချုပ်မှုအောက်မှာ နှစ်ပေါင်း ၅၀ကျော်ကြာနေခဲ့ရတာတွေ၊ စစ်အုပ်ချုပ်ရေးကြောင့် တိုင်းပြည်ဆင်းရဲတွင်းနက်ခဲ့ရတာတွေ၊ အရေးအခင်း တွေမှာ ကျောင်းသူ၊ ကျောင်းသား၊ ပြည်သူအပေါင်းတို့ အသတ်ခံခဲ့ရတာတွေ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေ၊ ပြည်သူတွေ အဖမ်းအဆီးခံ၊ အနှိပ်အစက်ခံခဲ့ရတာတွေစတဲ့ နာကျည်းစရာ အဖြစ်အပျက်တွေ ဟာ နေရောင်လာလို့ လွင့်စင်ပျောက်ကွယ် သွားတဲ့မြူနှင်းလေးတွေလိုပါပဲ။

ပြည်သူတွေရဲ့ရင်ထဲမှာ အမုန်းတရားတွေအစား မေတ္တာစေတနာဂရုဏာတွေ အစားထိုးဝင်ရောက်လာတယ်ဆိုတာ လူမှုကွန်ယက်ဖေ့စ်ဘွက်ခ် စာမျက်နှာတွေမှာလည်း တွေ့နိုင်သလို အစိုးရပိုင် နေ့စဉ်သတင်းစာတွေမှာလည်း သီးသန့်စာမျက်နှာ တစ်ခုပေးပြီး အကျယ်တဝင့် မလွတ်တမ်း ဆက်တိုက်ဖော်ပြနေတာကို တွေ့ရမှာပါ။ တပ်မတော်သားတွေအတွက် အလှူငွေနဲ့ ပစ္စည်းတွေ ဆက်သွယ်လှူဒါန်းနိုင်တဲ့ နေရာတွေကိုလည်း ဖေ့ဘွက်စာမျက်နှာနဲ့ အစိုးရပိုင် သတင်းစာတွေ မှာ တွေ့ရမှာပါ။ ပြည်သူ တွေ ကိုယ်တိုင်ကလည်း လှူဒါန်းမှုတွေလုပ်ကြပါတယ်။

သရုပ်ဆောင် အနုပညာရှင်တွေဆိုရင်လည်း ဝမ်းနည်းကြေကွဲရကြောင်း စာသားနဲ့ လက်မှတ်တွေရေးထိုးပြီး ဝမ်းနည်းမှုတွေကို ထုတ်ဖော် ကြပါတယ်။ ယခင် စစ်အစိုးရလက်ထက်က ရုပ်ရှင်ရိုက်ခွင့်ပင် ပိတ်ပင်ခံခဲ့ရတဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)က ဦးကျော်သူ ကိုယ် တိုင်လည်း ရှေ့တန်းရောက်စစ်သားတွေအတွက် လှူဒါန်းမှုတွေလုပ်ခဲ့ပြီး ဒဏ်ရာရတဲ့ စစ်သားတွေကို တွေ့ဆုံအားပေးစကားတွေ ပြောခဲ့တာကို တွေ့ရပါတယ်။ ပြောရရင်တော့ အခုဖြစ်တဲ့ ကိစ္စမှာ ပြည်သူတွေအများစုက တပ်မတော်ဘက်က ရပ်တည်ကြတာတော့ အမှန်ပါ။

ဒီလိုဖြစ်ရတာဟာ ပြည်ပကကျူးကျော်တဲ့အသွင်ဆောင်နေသလိုလိုဖြစ်နေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ အစိုးရကိုယ်တိုင်ကတော့ သူထုတ်ပြန်တဲ့ ကြေညာချက်တစ်ခုမှာ “နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို ကာကွယ်စောင့် ရှောက်နေသော တပ်မတော်၏ ဆောင်ရွက်မှုများကိုလည်းကောင်း ထောက်ခံဂုဏ်ပြုချီးကျူးအပ်ပါတယ်” လို့ရေးပါတယ်။

ထိပ်ပိုင်းခေါင်ဆောင်ကြီးတွေ အဆင်ပြေနေတဲ့ အချိန်တုန်းကတော့ အားလုံးက အေးဆေးပါ။ ပြည်သူဆိုတာကိုလည်း သတိ တောင်ရတာ မဟုတ်ပါဘူး။ စစ်တပ်အုပ်ချုပ်တဲ့အောက်မှာ ပြည်သူဟာ အဖိနှိပ်ခံ လူတန်းစားတစ်ရပ်ပါပဲ။

အဲတော့ ဘယ်လိုပဲခေါင်းစဉ်တပ်တပ်ပါ ဒီနေရာမှာ ထောက်ပြစရာတစ်ခုတော့ ရှိပါတယ်။ အခု မြန်မာစစ်တပ်နဲ့ တိုက်နေတဲ့ ကိုးကန့်တပ် ကို ခေါင်းဆောင်တဲ့ ဖုန်ကျားရှင်ဆိုတာ ယခင်စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ ဘိန်းဘုရင်တစ်ယောက်ပါ။ ပြောရရင် ယခင်စစ် အစိုးရလက်ထက်က ကျင်းပခဲ့တဲ့ အမျိုးသားညီလာခံကိုတောင်တက်ခဲ့တဲ့ သူတစ်ယောက်ပါ။

အခုစစ်တိုက်နေရတဲ့ မြန်မာနိုင်ငံလူမျိုးစုများ ဒီမိုကရေစီမဟာမိတ်တပ်ပေါင်းစု(MNDAA)ဆိုတာကလည်း စစ်အစိုးရနဲ့ပူးပေါင်းခဲ့တဲ့ တိုင်း ရင်းသားအဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ အဲဒီတုန်းကတော့ တစ်ဖက်နဲ့ တစ်ဖက်ဟာ မိတ်ဖက်၊ စီးပွားဖက်တွေပါပဲ။

အဲဒီလို ထိပ်ပိုင်းခေါင်းဆောင်ကြီးတွေ အဆင်ပြေနေတဲ့ အချိန်တုန်းကတော့ အားလုံးက အေးဆေးပါ။ ပြည်သူဆိုတာကိုလည်း သတိ တောင်ရတာ မဟုတ်ပါဘူး။ စစ်တပ်အုပ်ချုပ်တဲ့အောက်မှာ ပြည်သူဟာ အဖိနှိပ်ခံ လူတန်းစားတစ်ရပ်ပါပဲ။  ဒါကြောင့်လည်း စစ်အာဏာ ရှင်စနစ်ကို ပြည်သူတွေက မုန်းပြီး ဒီစနစ်ကြီးကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ခေတ်အဆက်ဆက် အသက်တွေပေးလုပ်ခဲ့ကြတာပါ။ အဲဒီလို ဖြတ်သန်းခဲ့ရတဲ့ကာလဟာ နှစ်ပေါင်း ၅၀နီးပါးပါ။

ထိပ်ပိုင်းခေါင်းဆောင်တွေ အဆင်မပြေကြတော့ဘူးဆိုရင်တော့ အောက်ခြေမှာရှိတဲ့ တပ်မတော်သားတွေပဲ အသက်တွေပေး၊ ဘဝတွေ ပေးဆပ်ရတာပါ။

ပြည်သူတွေဆိုရင်လည်း ဘယ်လိုတွေပင်ဖြစ်ခဲ့ပါစေ၊ အခုလိုမျိုးအရေးကြုံလာရင်တော့ မြန်မာစစ်တပ်ဘက်က အသင့်ရှိနေတာပါပဲ။ တကယ်တော့ မြန်မာပြည်သူတွေဟာ တပ်မတော်၊ တပ်မတော်သားတွေကို မုန်းတာမဟုတ်ပါဘူး။ စစ်အာဏာရှင်စနစ်ကိုပဲ မုန်းတာပါ။

အခုလို အရေးကြုံလာရင် တပ်မတော်၊ တပ်မတော်သားတွေဘက်ကရှိတယ်၊ တပ်မတော်သားတွေကို စေတနာမေတ္တာထားတယ်။ ဒါဟာ တပ်မတော်အပေါ်မှာထားရှိတဲ့ ပြည်သူတွေရဲ့တကယ့်စေတနာ အရင်းခံပါ။ အဲတော့ တပ်မတော်ကလည်း ပြည်သူတွေအပေါ်မှာ စေတနာ၊ မေတ္တာတွေ တန်ပြန်ထားနိုင်ကြပါစေ၊ ပြည်သူကို စောင့်ရှောက်တဲ့ တပ်မတော်ဖြစ်ပါစေလို့ မော်ကွန်းမဂ္ဂဇင်းက ဆန္ဒပြုပါတယ်။

[ends]

 

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."