ထန်တလန်တိုက်ပွဲပြင်းထန်ပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဘက်က အနည်းဆုံး ၁၁ ဦး ကျဆုံးထား

ထန်တလန် – ၂၀၂၃ ဩဂုတ် ၂၉ (မော်ကွန်း)

မနေ့နံနက်အစောပိုင်းက စတင်ဖြစ်ပွားခဲ့တဲ့ ချင်းပြည်နယ်၊ ထန်တလန်မြို့တိုက်ပွဲဟာ ပြင်းထန်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ၁၁ ဦးအနည်းဆုံးကျဆုံးထားတယ်လို့ ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA)ရဲ့ ပြောခွင့်ရ ဆလိုင်းထက်နီက မော်ကွန်းကိုပြောပါတယ်။

“ထန်တလန်မြို့ပေါ်က ခလရ -၂၆၉ ၊ အဲဒီနေရာက သူတို့က ခြေကုပ်အခိုင်အမာနဲ့တည်ဆောက်ထားတော့ ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေအတွက် ဗျူဟာအရတော့ အင်မတန်မှအရေးကြီးတယ်၊ အဲဒါကို သူတို့က အခိုင်အမာအင်အားပြန်တည်ဆောက်နိုင်ဖို့ ကြိုးစားနေတာဖြစ်တယ်၊ ခုမြို့ထဲမှာတော့ သူတို့နဲ့ ကျွန်တော်တို့ နှစ်ဖွဲ့ရှိနေတယ်၊ သူတို့လည်း ကျွန်တော်တို့ကို မချုပ်နိုင်၊ ကျွန်တော်တို့လည်း သူတို့ကို မချုပ်နိုင်၊ အဲဒီအနေအထား အရေးကြီးနေတဲ့ တပ်ကုန်းကြီးတစ်ခုဖြစ်တဲ့အတွက် ကျွန်တော်တို့က သွားရောက်တိုက်ခိုက်တာဖြစ်တယ်” လို့ CNF/CNA ရဲ့ ပြောခွင့်ရ ဆလိုင်းထက်နီက ပြောပါတယ်။

မနေ့က နံနက် ၅း၀၀ နာရီလောက်ကနေ တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထန်တလန်မြို့ပေါ်က ခလရ – ၂၆၉ တပ်ရင်းဌာနချုပ်ရဲ့ စခန်းလေးနေရာကို ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်တာပါ။

တိုက်ပွဲစပြီး တစ်နာရီခွဲလောက် ကြာတဲ့အချိန်မှာ အာဏာသိမ်းစစ်တပ်ဘက်က လေယာဉ်နဲ့ ဗုံးကြဲစတင်တိုက်ခိုက်ခဲ့ပြီး နေ့လယ်ပိုင်းမှာလည်း နောက်ထပ်လာရောက်ဗုံးကြဲခဲ့ကာ ထန်တလန်နဲ့ ၁၈ မိုင်လောက်ပဲဝေးတဲ့ ဟားခါးမြို့စစ်ဗျူဟာကလည်း ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့ပါတယ်။

ဒီတိုက်ပွဲကို CNF/ CNA၊ CDF ထန်တလန် ၊ CDF ဟားခါး နှင့် CDF ဇိုဖေ တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးတွေကြောင့် ကျဆုံးသူတွေလည်းရှိကာ ၁၀ ဦးကျော် ကျဆုံးထားပါတယ်။

“၁၁ ယောက်တော့ အတည်ပြုလို့ရတယ်၊ ကျန်တဲ့သူတွေကတော့ ထိခိုက်ကျဆုံးတာလား၊ ဘယ်လိုလားဆိုတာ အတည်ပြုလို့မရနိုင်သေးလို့ သတင်းအရ ၁၃ ယောက်ရှိနိုင်တယ်လို့ ပြောတာဖြစ်တယ်၊ ‌၁၁ ယောက်တော့ သေချာတယ်ပေါ့”လို့ ဆလိုင်းထက်နီကပြောပါတယ်။

တပ်ရင်းစခန်းအပါအဝင် စခန်းလုံခြုံရေး၊ မြို့တွင်းစခန်းတွေအပါအဝင် လေးနေရာကို ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက်က ၃၀ ဝန်းကျင် သေဆုံးနိုင်တယ်လို့ ဆလိုင်းထက်နီက ခန့်မှန်းပါတယ်။

“စစ်ရေးအရ သုံးသပ်ပြီးတော့သော်လည်းကောင်း၊ ဟားခါးကလာတဲ့ စစ်ကူယာဉ်တန်းကို လမ်းမှာဖြတ်တိုက်တာ အဲဒီမှာအားလုံးက ရှေ့ဆက်မသွားနိုင်တော့ဘူး၊ နှစ်စီးကတော့ ထန်တလန်မြို့ထဲဝင်သွားတယ်၊ ဝင်သွားပြီးတော့ အဲဒီမှာ လူနာတွေကို အပြည့်တင်သွားတာတွေ့ရတယ်၊ လမ်းမှာဖြတ်တိုက်တာနဲ့ စခန်းတိုက်တာမှာ စစ်ကောင်စီဘက်က ၃၀ ဦးထက်မနည်းကျဆုံးတယ်လို့ ခန့်မှန်းရတယ်” လို့ ဆလိုင်းထက်နီကပြောပါတယ်။

ချင်းတောင်မှာရှိတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အထိုင်စခန်းတွေဟာ မြို့ပြင်ကို မထွက်ရဲတော့ဘဲ စခန်းထဲမှာပဲ အခိုင်အမာတည်ဆောက်ထားရပြီး အင်အားလည်း ချိနဲ့နေတာဖြစ်တဲ့အတွက် တပ်မ ၁၁၊ ၂၂ တွေကနေ အင်အားပေးပို့ ဖြည့်ထားရတယ်လို့ ဆလိုင်းထက်နီကပြောပါတယ်။

ထန်တလန်မြို့နယ်ဟာ ဟားခါးခရိုင်အောက်ကဖြစ်ပြီး နွေဦးတော်လှန်ရေးမှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းနဲ့ မြေပြင်အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် တစ်မြို့လုံးကပြည်သူတွေ နေရပ်စွန့်ခွာထွက်ပြေးကြရကာ မြို့ပျက်တစ်ခုအနေနဲ့ ကျန်ရှိခဲ့တာပါ။

လက်ရှိမှာတော့ ထန်တလန်မှာ အာဏာသိမ်းစစ်တပ်နဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ မနေ့ကဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."