တောင်ငူ-၂၀၂၄ မေ ၁၀ (မော်ကွန်း)
စစ်ကောင်စီတပ်ရဲ့ တောင်ငူ(ကေတုမတီ)လေတပ်စခန်းကို ဒီနေ့မနက် ၄ နာရီဝန်းကျင်က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့ပြီးနောက်စစ်ကောင်စီတပ်တွေက အနီးနားပတ်ဝန်းကျင်ကို လက်နက်ကြီးနဲ့ပစ်တာ၊ ရှာဖွေတာတွေလုပ်ဆောင်နေတယ်လို့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ Mountain Knights Civilian Defense Force (MKCDF) အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက မော်ကွန်းကိုပြောပါတယ်။
“ပထမ ငါးလုံးပစ်လိုက်တဲ့အချိန်မှာပဲ စစ်ခွေးတွေဘက်ကလည်း လက်နက်ကြီးနှစ်လုံး တန်ပြန်ပစ်ပါတယ်။ နောက်ငါးလုံးထပ်ပစ်ပြီး ပြန်ဆုတ်ခဲ့တယ်။ လမ်းတလျှောက်လည်း စစ်ခွေးတွေဘက်က လက်နက်ကြီးနဲ့တရစပ်ပစ်ခတ်ပါတယ်၊ လေယဥ်နဲ့လည်း ပစ်ခတ်သူတွေကို ပါတ်ပြီးရှာတယ်။ ထိခိုက်မှုပြင်းထန်နိုင်တယ်လို့ ခန့်မှန်းရပါတယ်” လို့ သူက ပြောပါတယ်။
တောင်ငူလေတပ်စခန်းဟာ ကရင်နီဒေသနဲ့ ကရင်ပြည်နယ်က ပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေကို လေကြောင်းကနေတိုက်ခိုက်ရာမှာ စစ်ကောင်စီက အဓိကအသုံးပြုတဲ့ စခန်းဖြစ်တာကြောင့် တိုက်ခိုက်ခဲ့တာလို့ MKCDFက ဆိုပါတယ်။
လေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၀ လုံးနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီး ခုနစ်လုံးအောင်မြင်စွာပစ်ခတ်နိုင်ခဲ့တယ်လို့ MKCDF က ဒီနေ့လယ်ပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။
“K-8 hangar(လေယာဉ်ထားတဲ့အဆောက်အဦ) တစ်လုံးမီးလောင်ပျက်စီး၊ လေယာဉ်ထိခိုက်မှုရှိနိုင်တယ်။ ခဲယမ်းစတိုအနီးကျရောက်ပေါက်ကွဲ၊ ဓာတုဗုံးတွေရွှေ့ပြောင်းနေတယ်လို့ သိရပါတယ်။ သတင်းမထွက်စေရေး ကန့်သတ်နေတယ်” လို့ စုံစမ်းသိရှိရတယ်လို့ MKCDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
တောင်ငူလေတပ်စခန်းတိုက်ခိုက်ခံရပြီး နောက်စစ်ကောင်စီတပ်တွေက လက်ရှိအချိန်ထိ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်နေပြီး ဂျက်ဖိုက်တာလေယာဉ်ပတ်ဝဲနေတယ်လို့ MKCDF က ပြောပါတယ်။
တောင်ငူကေတုမတီမြို့သစ်မှာနေထိုင်သူတစ်ဦးကလည်း မနက်အစောပိုင်း ပေါက်ကွဲသံတွေကြားရပြီး စစ်ကောင်စီတပ်တွေက အစစ်ဆေးတင်းကြပ်နေတယ်လို့ ဆိုပါတယ်။
တောင်ငူလေတပ်စခန်းတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ စီမံမှုနဲ့ MKCDF၊ Fighter Sar Kae အဖွဲ့၊ စစ်ဒေသ ၃၁ ပါတီရဲဘော်တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ MKCDF က ပြောပါတယ်။
MKCDF နဲ့ ပူးပေါင်းအဖွဲ့တွေဟာ မတ်လ ၁၄ ရက်က တောင်ငူလေတပ်စခန်းကို တစ်ကြိမ်၊ ဧပြီ ၁၁ ရက်က နေပြည်တော်၊ ဧလာလေဆေိပ်ကို တစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး လေတပ်စခန်းတွေ ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
ပုံစာ-တောင်ငူလေတပ်စခန်းနဲ့ နေပြည်တော်ဧလာလေတပ်စခန်းကို တိုက်ခိုက်ခဲ့တဲ့ ရှော့တိုက်ဒုံးများ။
ဓာတ်ပုံ-MKCDF