တိုးသထက်တိုးလာတဲ့ အမြဲတမ်းစစ်ရှောင်အရေး အကူညီပေးဖို့အရေးပေါ်လိုအပ်လာ

စစ်ကိုင်း – ၂၀၂၄ ဇွန် (မော်ကွန်း)

စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတော်လှန်ရေးအဖွဲ့တွေကြားက တိုက်ပွဲတွေအတွင်း အသက်လုနေရတဲ့ ဒေသခံတွေကို ‘ငါတို့မှာ ငါတို့ပဲရှိတယ်’ဆိုတဲ့ ကြွေးကြော်သံနဲ့ကူနေကြသူတွေဟာ ကြာလာတာနဲ့အမျှ မနိုင်ဝန်ထမ်းရသလို ဖြစ်လာနေကြပြီလို့ ကူညီနေသူတချို့ကဆိုကြပါတယ်။

တော်လှန်ရေးသုံးနှစ်‌ကျော်ကြာလာတဲ့အခါ “အလှူရှင်နည်းလာတယ်၊ ကူရတဲ့ပစ္စည်းတွေက ဈေးနှုန်းတွေကြီးလာတယ်။ ဒုက္ခရောက်နေတဲ့ပြည်သူတွေက များတယ်၊ ကူနိုင်တဲ့ပမာဏက နည်းတယ်။ အဲဒီတော့ ဆင့်ပါးစပ်နှမ်းပက်သလို ဖြစ်နေတာ” လို့ စစ်ကိုင်းတိုင်းမှာ စစ်ရှောင်တွေကိုကူညီနေတဲ့ ကိုပြည့်အောင်နိုင်က ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဘေးဒုက္ခသည်ပေါင်းဟာ ယခုနှစ် မေ ၂၀ ရက်အထိဆိုရင် သုံးသန်းကျော်အထိရှိနေပြီး အဲဒီအထဲက ၁ ဒသမ ၂ သန်းကျော် (ထက်ဝက်နီးပါး) က စစ်ကိုင်းတိုင်းမှာရှိနေတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) က ဖော်ပြပါတယ်။

ပြည်တွင်းသုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က ပြီးခဲ့တဲ့နှစ်နိုဝင်ဘာမှာထုတ်ပြန်တဲ့ ‘ဒုက္ခရယ်အဖုံဖုံ၊ လက်နက်ကယ်အစုံစုံနဲ့’ ဆိုတဲ့စာတမ်းထဲမှာတော့ ပြည်တွင်း စစ်ပြေးဒုက္ခသည် လေးသန်းကျော်ရှိနေပြီလို့ခန့်မှန်းထားပြီး ကုလသမဂ္ဂခန့်မှန်းထားတာထက် ပိုများပါတယ်။ ဒီအဖွဲ့က နိုင်ငံတွင်းက မြို့နယ်ပေါင်း ၁၁၀ မှာ အချက်အလက်တွေစုဆောင်းပြီး ပြည်တွင်းစစ်ကိုစောင့်ကြည့်နေတဲ့အဖွဲ့ပါ။

ကိုပြည့်အောင်နိုင်တို့ရဲ့ စစ်ကိုင်းတိုင်းဟာ စစ်ပြေးဒုက္ခသည် ၂ ဒသမ ၃ သန်းနီးပါးနဲ့ ဒုက္ခသည်အများဆုံးရှိတဲ့ဒေသလို့ ISP-Myanmar က ခန့်မှန်းထားတယ်။ ဒါဟာ စစ်ကိုင်းတိုင်းထဲက ဒေသခံတွေရဲ့ထက်ဝက်လောက် စစ်ပြေးဒုက္ခသည် ဖြစ်နေတဲ့သဘောပါ။

၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းအရ စစ်ကိုင်းတိုင်းမှာ လူဦးရေ ၅ ဒသမ ၃ သန်းကျော် နေထိုင်ပါတယ်။ စစ်ပြေးဒုက္ခသည်တွေထဲက ၁၂၀,၀၀၀ ကျော်က စစ်ကောင်စီကိုအထိနာစေခဲ့တဲ့ နာမည်ကျော် ‘၁၀၂၇’ စစ်ဆင်ရေးနောက်ပိုင်းမှာမှ စစ်ကိုင်းတိုင်းထဲမှာ တိုးလာတဲ့အရေအတွက်လို့ ISP-Myanmar က ဖော်ပြပါတယ်။

ယာယီစစ်ရှောင်နဲ့ အမြဲတမ်းစစ်ရှောင်

စစ်ဘေးရှောင်တွေထဲမှာ ယာယီစစ်ရှောင်နဲ့ အမြဲတမ်းစစ်ရှောင်ဆိုပြီး နှစ်မျိုးရှိတာပါ။ ယာယီဆိုတာကတော့ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးတဲ့အခါ ဘေးလွတ်ရာကို ရွာကနေခေတ္တတိမ်းရှောင်၊ ပြီးရင်ကိုယ့်ရွာကိုယ် ပြန်နေကြသူ တွေကိုခေါ်တာပါ။

အမြဲတမ်းစစ်ရှောင်ကတော့ စစ်ကောင်စီတပ်တွေက ရွာကိုမီးရှို့လိုက်တဲ့အခါ၊ သို့မဟုတ် ရွာမှာတပ်စွဲအထိုင်ချလိုက်တဲ့အခါ ပြန်စရာ၊ နေစရာမရှိသူတွေပါ။ ကူညီသူတွေခေါင်းခဲလာတာက တစ်နေ့တခြားတိုးလာနေတဲ့ အမြဲတမ်း စစ်ရှောင်တွေအရေးပါ။

စစ်ကောင်စီမီးရှို့ခဲ့သည့် ယင်းမာပင်မြို့နယ်၊ မြောက်နုံးရွာ (Photo – ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး)

စစ်ကောင်စီအာဏာသိမ်းပြီးကတည်းက တစ်နိုင်ငံလုံးမှာ စစ်ကြောင်းထိုး၊ ဗုံးကြဲပြီး မီးရှို့ထားတဲ့အိမ်အရေအတွက်က ပြီးခဲ့တဲ့ ဧပြီလအထိဆိုရင် ၈၈,၃၃၀ ကျော်အထိ ရှိလာနေပြီလို့ အချက်အလက်ကောက်ယူနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Data for Myanmar အဖွဲ့က ထုတ်ပြန်ထားတယ်။ အိမ်အများဆုံးမီးရှို့ခံထားရတဲ့ဒေသက စစ်ကိုင်းတိုင်းပါ။ အဲဒီအဖွဲ့ရဲ့ ၂၀၂၃ နိုဝင်ဘာလအထိစာရင်းဖော်ပြချက်အရ စစ်ကိုင်းတိုင်းမှာ အိမ်ခြေ ၅၈,၀၀၀ ကျော် မီးရှို့ခံထားရတယ်လို့ ဖော်ပြပါတယ်။

ဒီလို စစ်ကောင်စီတပ်တွေ မီးတိုက်ပြာချခံရတဲ့ စစ်ကိုင်းတိုင်းထဲက သောင်းနဲ့ချီတဲ့အိမ်တွေထဲ အသက် ၇၀ အရွယ် ဒေါ်ကြည်ရဲ့အိမ်လည်း ပါတာပေါ့။

သူက စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက ညောင်ပင်ကြီးဆိုတဲ့ရွာမှာ နေထိုင်တာပါ။ ဒီရွာက မုံရွာမြို့ တစ်ဖက်ကမ်း၊ ချင်းတွင်းမြစ်ကမ်းနဖူးမှာရှိပြီး အိမ်ခြေ ၅၀၀ ကျော်လောက် ရှိတဲ့ရွာပါ။

“သူတို့(စစ်ကောင်စီစစ်ကြောင်း) လာပြီဆို ပြေးရတာပဲ။ နှစ်ရက်၊ သုံးရက်လောက်နေရင် (စစ်ကြောင်းပြန်သွားရင်) ပြန်ဝင်လို့ ရတယ်။ ပြန်ဝင်ပြီးရင် မုန့်ဟင်းခါးလေးပြန်ရောင်း။ နှစ်ရက်၊ သုံးရက်နေရင် ပြေးရပြန်ပြီ။ အခုကျ နောက်ဆုံးအကြိမ်ပေါ့” လို့  ဒေါ်ကြည်ကဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန် ၉ ရက်ညမှာ စစ်ကောင်စီတပ်ဖွဲ့တစ်ဖွဲ့ဟာ သူတို့ရွာကိုရောက်လာခဲ့ပါတယ်။ သူအပါအဝင် ထောင်နဲ့ချီတဲ့ရွာသားတွေ ထွက်ပြေးကြတာပေါ့။

“ဖိနပ်လည်းမပါဘူး၊ ပြေးရတာ။ ကားလည်းမရှိ၊ ဆိုင်ကယ်လည်းမရှိတော့ အန်တီတို့ နှစ်မိုင်ကျော်ကျော်လောက် ခြေလျင် ပြေးရတာ။ ပြေးရင်းအပေါ်က လေယာဉ်ပျံကဝဲတော့ ပိုဆိုးတာပေါ့၊ ဗုံးတွေပါကြဲတာ” လို့ ဒေါ်ကြည်ကပြန်ပြောပြပါတယ်။

အဲဒီနောက် စစ်ကြောင်းဟာ စစ်ကိုင်းတိုင်းထဲက တခြားရွာတွေမှာလုပ်ခဲ့သလိုပဲ ညောင်ပင်ကြီးရွာကအိမ်တွေကို မီးရှို့ပါတော့ တယ်။ အိမ်ခြေ ၂၀၀ ကျော်မီးရှို့ခံခဲ့ရတဲ့အထဲမှာ တစ်နှစ်လောက်သာနေရသေးတဲ့ သူ့အိမ်လေးလည်း ပါသွားတယ်လို့ အမြဲတမ်းစစ်ရှောင်ဖြစ်သွားရပုံကို ဒေါ်ကြည်ကပြောပြတယ်။

“အိမ်ကလေးက အုတ်ခုံပဲကျန်တော့တာ” လို့ သူက အသံတုန်ယင်စွာပြောရင်း ငိုပါတော့တယ်။

ဒီအိမ်ကို သူ့တစ်သက်လုံး ကုတ်ခြစ်ရှာဖွေလာတဲ့ငွေရယ်၊ သူ့သမီးရဲ့ ယာထဲကိုင်းထဲ အငှားလိုက်လို့ရထားတဲ့ စုဆောင်းငွေ ရယ်၊ မုံရွာမြို့ဘက်ကိုကူးပြီး ပန်းရံလုပ်ရင်း သမက်ဖြစ်သူရှာဖွေထားတဲ့ငွေတွေရယ်ပေါင်းကာ အိမ်ဟောင်းကိုဖျက်၊ အိမ်သစ် ဆောက်ပြီးကာမှ အခုလိုဖြစ်ခဲ့ရတာလို့ ဒေါ်ကြည်ကပြောပြတယ်။

အမြဲတမ်းစစ်ရှောင်တွေ တိုးသထက်တိုးလာနေ

ကူညီပေးသူတွေကတော့ ဒေါ်ကြည်တို့လို ပြန်စရာအိမ်မရှိတော့တဲ့ အမြဲတမ်းစစ်ရှောင်တွေဟာ တိုးသထက်တိုးလာနေလို့ ရေရှည်မှာ ဒုက္ခသည်အကျပ်အတည်းဆိုက်လာမှာကို စိုးရိမ်နေကြတာပါ။

ဒေသခံတွေဟာ စစ်ရှောင်ရချိန်ကြာလာတာနဲ့အမျှ အစားအသောက်နဲ့ဆေးဝါးတွေ တိုးပြီးလိုအပ်လာသလို အမိုးအကာ မလုံခြုံမှုကြောင့် ရာသီဥတုဒဏ်ကိုပါ ခံနေကြရတယ်လို့ ဆားလင်းကြီး-ယင်းမာပင်ဒေသက ကျေးရွာပေါင်းစုံ လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သလို စစ်ရှောင်တွေကို မြေပြင်မှာကူညီနေသူ ကိုလွမ်းသူက ပြောပါတယ်။

“လွင်ပြင်ဒေသဖြစ်တဲ့အခါကျတော့ စစ်ရှောင်စခန်းရယ်လို့ ဆောက်ဖို့ခက်ခဲတယ်။ အဲဒီလိုမျိုးစစ်ရှောင် စခန်း မဆောက်နိုင်တဲ့အနေအထားမှာ သက်ဆိုင်ရာ၊ နီးစပ်ရာ လွတ်ကင်းမယ်ထင်တဲ့ ကျေးရွာတွေရဲ့ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေမှာ အဆင်သင့်သလို ရှောင်တိမ်းကြရတာပေါ့လေ” လို့ ကိုလွမ်းသူက ပြောတယ်။

“(စစ်ပွဲတွေ) ဒီထက်ပိုကြာမယ်ဆိုရင် စားနပ်ရိက္ခာ ဘယ်လိုတွေ လာမယ်မသိဘူး” လို့ သူကဆက်ပြောပါတယ်။

သူတို့ရွာတွေဘက်မှာ စစ်ကောင်စီက လာရောက်တပ်စွဲနေတာကြောင့် ယင်းမာပင်မြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းအနီးမှာရှိတဲ့ ထန်းတောကြီးရွာက ဒေါ်သန်းဆွေဆိုရင် အိမ်မပြန်နိုင်တာ တစ်လလောက်ရှိနေပြီလို့ ပြောပါတယ်။ ဒီကာလအတွင်း သူနဲ့ မိသားစုဝင်တွေဟာ တောထဲမှာတဲထိုးပြီး ဖြစ်သလိုနေထိုင်နေကြရတာပါ။

“စားစရာက အလှူရှင်လာချိန် စားရတာပဲ။ မလာနိုင်တဲ့အခါတွေတော့ ထွက်ပြေးတုန်းကယူလာတဲ့ စားစရာလေးတွေ ချွေတာ စားရတာပေါ့။ တစ်ခါတလေကျ တောထဲကအပင်တွေ၊ အရွက်တွေခူးပြီး ချက်စားလိုက်တာပဲ။ ဆေးကတော့ မရှိဘူး။ လာကူကြတဲ့ အဖွဲ့တွေကလည်း ဆေးမလောက်တော့ ကုမပေးနိုင်ဘူးလေ။ ကိုယ့်ရှိတဲ့ ဆေးမြီးတိုလေးတွေနဲ့ပဲ ဖျားရင်နာရင် ကုရတာပေါ့” လို့ ဒေါ်သန်းဆွေက ပြောပါတယ်။

ဆားလင်းကြီးမြို့နယ်ထဲမှ စစ်ရှောင်များ ( Photo – အညာပစ်တိုင်းထောင်လေးများ)

တရုတ်တွေ‌ ကြေးနီလာတူးထုတ်လုပ်နေတဲ့ လက်ပံတောင်းနဲ့ ကြေးစင်တောင်စီမံကိန်းတွေကို စစ်ကောင်စီတပ်တွေက  လုံခြုံရေးလာယူတိုင်းထွက်ပြေးကြရတဲ့ ယင်းမာပင်မြို့နယ်၊ အောင်မိုးရွာက ဦးလှမြင့်ကတော့ စစ်ရှောင်ချိန်ကြာမြင့်လာတဲ့ အခါ ဝမ်းရေးပါခက်ခဲလာတယ်လို့ ပြောပါတယ်။

“ပြီးခဲ့တဲ့လကစပြီး လမ်းကြောင်းလုံခြုံရေးအတွက်ဆိုပြီး ရွာတွေနားတပ်စွဲထားတော့ ပြန်မရဘူးလေ။ လွတ်မယ်ထင်တဲ့ ရွာတွေမှာ ရှောင်နေရတာပေါ့။ အခက်အခဲကတော့ စားစရာနဲ့ဆေးပဲ။ တစ်ခါတလေ ရိက္ခာပြတ်လို့ သုံးရက်လောက် ဆန်ပြုတ်သောက်လိုက်ရသေးတယ်” လို့ သူက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဒီနှစ်အစပိုင်းလောက်ကစပြီး စစ်ကိုင်းထဲက ယင်းမာပင်၊ ကနီ၊ မင်းကင်း၊ ဘုတလင်၊ ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည်၊ ဆားလင်းကြီး ဒေသတွေကို စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးပစ်တာတွေ ဆက်တိုက်လုပ်လာလို့ ဘေးလွတ်ရာကိုတိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ နေ့စဉ်တိုးနေတယ်လို့ စစ်ဘေးရှောင်အရေးကူညီနေသူတချို့က ပြောပါတယ်။

တောင်မင်း မြောက်မင်းမကယ်နိုင်

စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းအတွင်းက အဓိကလမ်းမတွေကိုထိန်းချုပ်ပြီး စစ်ဆေးပိတ်ဆို့နေတာတွေကို တင်းကြပ်စွာ လုပ်လာတဲ့အတွက်လည်း စစ်ရှောင်တွေအတွက် ထောက်ပံ့ရေးမှာ ပိုကျပ်တည်းလာတာလို့ စစ်ဘေးရှောင်အရေး ကူညီနေသူတချို့က ပြောပါတယ်။

“ဆန်၊ ဆီ သယ်ရင်လည်း အများကြီးဆို စစ်တပ်ကစစ်တယ်။ အဝတ်အထည်တွေကအစ၊ များလို့သူတို့မသင်္ကာရင် ပစ္စည်း သိမ်းတယ်။ တစ်ခါတလေ သယ်တဲ့လူပါအဖမ်းခံရတာမျိုးတွေရှိတယ်” လို့ အမည်မဖော်လိုတဲ့ ယင်းမာပင်မြို့နယ်ထဲက စစ်ဘေးရှောင်ကူညီနေသူ တစ်ဦးက ပြောပါတယ်။

ဒါပေမဲ့ သူတို့လိုကူညီသူတွေဟာ ရတဲ့လမ်းကြောင်းကနေ ရသလိုသယ်ယူနေပြီး မြေပြင်မှာ လိုအပ်တဲ့ပမာဏအထိတော့ သယ်နိုင်တာမျိုး မဟုတ်ဘူးလို့ သူကဆက်ပြောပြတယ်။

စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာရှားပါး၊ တိုက်ပွဲတွေအတွင်းမှာ ပိတ်မိတာတွေကြောင့် စိတ်ဓါတ်တွေကျပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့ဖြစ်စဉ်တွေလည်း ရှိတယ်လို့ ကိုပြည့်အောင်နိုင်က ပြောပြတယ်။

မတ်လအစပိုင်းမှာဖြစ်ပွားခဲ့တဲ့ တော်လှန်ရေးတပ်တွေရဲ့ ကနီမြို့သိမ်းတိုက်ပွဲအတွင်းပိတ်မိခဲ့တဲ့ စစ်ရှောင်တစ်ဦးဆိုရင် စားနပ်ရိက္ခာပြတ်လပ်လာတဲ့နောက် ကြုံနေရတဲ့ဒုက္ခကို ထွက်ပေါက်ရှာတဲ့အနေနဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတာမျိုး တောင်ရှိတယ်လို့ သူကပြောပြတယ်။

“သူက ရဲပင်စင်စား။ ကနီမြို့သိမ်းတိုက်ပွဲအတွင်း သူတို့အိမ်မီးထဲပါသွားတယ်။ မြို့တွင်းတစ်နေရာမှာ ပိတ်မိနေတာ။ သူထွက်ဖို့ အခက်အခဲဖြစ်နေတယ်။ စားစရာလည်းမရှိဘူး။ အဲဒီအတွက်ကြောင့်မို့ ကနီရွှေမြင်းဖြူတောင်ပေါ်ကနေ ခုန်ချပြီး သတ်သေသွားတယ်” လို့ ကိုပြည့်အောင်နိုင်က ပြောပြတယ်။

အရေအတွက်မပြောနိုင်ပေမယ့် ကနီနယ်ထဲမှာ စစ်ရှောင်ကြရင်း ကျန်းမာရေးစောက်ရှောက်မှု မရတဲ့အတွက် သေဆုံးကြတာတွေလည်းရှိတယ်လို့ သူကဆက်ပြောတယ်။

ဒါအပြင် စစ်ကိုင်းတိုင်းထဲက စစ်ရှောင်တွေကြုံလာရတဲ့ နောက်စိန်ခေါ်မှုတစ်ခုက လက်ခံထားတဲ့ရွာတွေက ငြိုငြင်လာတဲ့ ကိစ္စပါ။

တိုက်ပွဲတွေကြောင့် စီးပွားရေးကျပ်တည်းကြတဲ့အပြင် ရာချီ၊ ထောင်ချီလူတွေကိုပါ တင်ကျွေး၊ နေရာပေးရတဲ့ဝန် ပိလာတာ ကြာလာတာနဲ့အမျှ တချို့ဒုက္ခသည်လက်ခံရတဲ့ရွာတွေဟာ “တောင်မင်း၊ မြောက်မင်းမကယ်နိုင်” အခြေအနေ ကြုံလာ ကြတာလို့ စစ်ဘေးရှောင်ကူညီနေသူတချို့က ပြောပါတယ်။

“ဝန်ပိလာတာပေါ့။ ဘာလို့လဲဆိုတော့ ဆက်ပြီးမထားချင်တော့တာမျိုး။ အမှန်ပြောရရင် လူအစု၊ အစုတွေ ရှိတဲ့နေရာတွေမှာက အမှုတွေကပေါတတ်တယ်။ အဲဒီကျတော့ ရေရှည်မှာ ပြဿနာတွေတက်လာမှာစိုးတာတစ်ကြောင်း၊ စားနပ်ရိက္ခာရှားပါးတာရယ်၊ အဲဒီအတွက် ဒါတွေကိုလက်ခံထားတဲ့သူတွေအတွက် ရေရှည်ဆိုတာကြီးက မြေပြင်အခြေအနေမှာ ဖြစ်နိုင်ဖို့ကခဲယဉ်းပါတယ်” လို့ ကိုပြည့်အောင်နိုင်က ပြောပါတယ်။

ဆားလင်းကြီးမြို့နယ်ထဲမှ စစ်ရှောင်တစ်ဦး( Photo – အညာပစ်တိုင်းထောင်လေးများ)

သေချာစီမံခန့်ခွဲဖို့လိုလာပြီ

စစ်ဘေးရှောင်အရေးကို ရေရှည်ဖြေရှင်းသွားနိုင်ဖို့ ဒေသတွင်းကကူညီပေးသူအဖွဲ့ပေါင်းစုံဟာ ဒီလအစပိုင်းမှာ ဆွေးနွေးပွဲတစ်ခုကျင်းပခဲ့ပြီး အဖြေရှာဖို့ကြိုးပမ်းခဲ့ကြတယ်လို့ ကိုလွမ်းသူကပြောပါတယ်။

ရေရှည်မှာဖြစ်လာနိုင်တဲ့ စစ်ရှောင်ပြဿနာတွေ၊ ဖြေရှင်းကြဖို့ နည်းလမ်းတွေ၊ စားနပ်ရိက္ခာဖြန့်ဝေမှုအပိုင်းတွေနဲ့ ကြုံတွေ့ရ မယ့် စိန်ခေါ်မှုတွေကို ဆွေးနွေးခဲ့ကြတာလို့ ကိုလွမ်းသူက ပြောပြတယ်။

စစ်ကောင်စီစစ်ကြောင်းထိုးလာလို့ ရုတ်တရက်ထွက်ပြေးလာရတဲ့ ယာယီစစ်ရှောင်တွေကို ဒေသခံတွေက အရေးပေါ်လိုအပ်တာတွေကို လက်ငင်းကူညီကြတာမျိုးက မြိုင်မြိုင်ဆိုင်ဆိုင်ရှိပေမယ့် စစ်ကောင်စီမီးရှို့လိုက် လို့ ပြန်စရာမရှိတော့တဲ့ အမြဲတမ်းစစ်ရှောင်ဖြစ်သွားသူတွေကို ရေရှည်ကူညီထောက်ပံ့ပေးဖို့အတွက်တော့ လှူဒါန်းသူ တွေမှာလည်း စိန်ခေါ်မှုတွေရှိတယ်လို့ ကိုလွမ်းသူကပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန က ၂၀၂၁ ဧပြီ ၁၆ ရက်ကနေ ၂၀၂၃ ဒီဇင်ဘာ ၃၁ ရက်အတွင်း ဒေသအလိုက် လူသားချင်းစာနာမှု အကူအညီ ငွေကျပ် ၁၀ ဒသမ ၅၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅ ဒသမ ၀၁ သန်း) ထောက်ပံ့ခဲ့တယ်လို့ အခုနှစ်ဇန်နဝါရီက ထုတ်ပြန်ထားပါတယ်။

အဲဒီငွေတွေကို ကဏ္ဍအလိုက် ထောက်ပံ့ကူညီမှုတွေလုပ်ဆောင်ခဲ့တာဖြစ်ပြီး အဲဒီထဲမှာ နေရပ်စွန့်ခွာရသူတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် ကျပ်ငွေ ၆,၂၉၇ သန်းနဲ့ ပြည်သူတွေအတွက် စားနပ်ရိက္ခာကြိုတင်စီစဉ်မှုအတွက် ၈၄၇ ဒသမ ၅ သန်း ထောက်ပံ့ကူညီထားတယ်လို့ NUG ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့ရေးဝန်ကြီးဌာနကဆိုပါတယ်။

စစ်ကိုင်းတိုင်းကို ကျပ်ငွေ ၄,၂၂၇ ဒသမ ၃ သန်းနဲ့ အများဆုံးထောက်ပံ့ထားတယ်လို့ ဆိုထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက ထောက်ပံ့ကူညီတာတွေ လုပ်ဆောင်နေပေမယ့် ဒေသအလိုက် ဘယ်လိုကူညီတယ်၊ ဘယ်လောက်ထောက်ပံ့တယ်ဆိုတွေကိုတော့ မသိဘူးလို့ ကိုလွမ်းသူကဆိုပါတယ်။

စစ်ဘေးရှောင်တွေရဲ့အခက်အခဲတွေကို ထိထိရောက်ရောက်ကူညီပံ့ပိုးနိုင်ဖို့ NUG အနေနဲ့ မြေပြင်မှာရှိနေတဲ့ ကူညီထောက်ပံ့ရေး၊ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့လိုတယ်လို့ သူကထောက်ပြပါတယ်။

“တကယ့်မြေပြင်မှာရှိနေတဲ့ တော်လှန်အစုအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်တာသော်လည်းကောင်း၊ ပလက်ဖောင်း တစ်ခုသော်လည်းကောင်း ခိုင်ခိုင်မာမာတည်ဆောက်ပြီးတော့မှ  ‘ငါတို့က ဒီလောက်ရထားတယ်၊ ဒီမှာတော့ ဘယ်လိုတွေအခက်အခဲရှိလဲ၊ ဘယ်နေရာတွေက အဓိကပိုလိုအပ်သလဲ’ ဆိုတဲ့ မြေပြင်အရှိတရားပေါ်မှာ အခြေခံပြီးတော့ လုပ်မယ်ဆိုရင်တော့ ပိုပြီးတော့ထိရောက်မှုရှိမယ်”လို့ ကိုလွမ်းသူက ပြောတယ်။

လက်ရှိမှာတော့ စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီတပ်တွေရဲ့ မကြာခဏစစ်ကြောင်းထိုးမှု၊ မီးရှို့ဖျက်ဆီးမှုတွေကြောင့် စစ်ရှောင်ဦးရေဟာ နေ့စဉ်တိုးလာနေပြီး အကူအညီလိုအပ်ချက်တွေက မြင့်တက်နေတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေက ပြောကြပါတယ်။

ဒါကြောင့် ဒီလိုဘေးဒုက္ခတွေနဲ့ကြုံရသူတွေကို ကူညီထောက်ပံ့ဖို့ အားလုံးဝိုင်းဝန်းကြိုးစားကြရမှာဖြစ်ပြီး မလုပ်နိုင်ခဲ့ရင် ရေရှည်မှာ ပြဿနာတွေထပ်တက်လာနိုင်တယ်လို့ ကိုပြည့်အောင်နိုင်က ပြောပါတယ်။

“အစာရေစာကတော့ ငတ်မွတ်ခေါင်းပါးမှု၊ ရှားပါးမှုကတော့ ကပ်ဘေးကြုံလာမယ့် အနေအထားဖြစ်လာနိုင်တယ်” လို့ သူက ပြောပါတယ်။

ဒါအပြင် ငတ်မွတ်ခေါင်းပါးမှုနဲ့ကြုံလာတဲ့အခါ စစ်ရှောင်ဒုက္ခသည်တွေဘဝကနေ တိုက်ခိုက်လုယက်သူတွေအဖြစ် ပြောင်းလဲသွားနိုင်တဲ့ အန္တရာယ်အထိတောင် ဖြစ်လာနိုင်ခြေရှိနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။

ယင်းမာပင်မြို့နယ်မှာ ကူညီကယ်ဆယ်ရေးတွေလုပ်နေတဲ့ အမည်မဖော်လိုသူတစ်ဦးကလည်း အမြဲတမ်းစစ်ရှောင်ဖြစ်သွားတဲ့ ဒေသခံတွေဟာ ဒုက္ခပေါင်းစုံနဲ့ကြုံရတဲ့အခါ “ကြာရင် ဒီလိုမျိုးဒုက္ခတွေကြုံမယ့် အတူတူ စစ်တပ်နဲ့တောင်ပေါင်းသွားနိုင်တယ်” လို့ ပြောပါတယ်။

“ဒီအခြေအနေတွေကို သက်ဆိုင်တဲ့အဖွဲ့အစည်း၊ တော်လှန်အစိုးရကအစ သေချာစီမံခန့်ခွဲဖို့လိုနေပြီ” လို့ သူက ဆက်ပြောတယ်။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."