အောင်ပိုင်
ရန်ကုန် – ၂၀၂၀ ဇူလိုင် ၆ (မော်ကွန်း)
တိုက်ပွဲများဖြစ်ပွားနေသောဒေသများရှိနိုင်ငံသားများ မဲပေးခွင့်မဆုံးရှုံးစေရေး ရွေးကောက်ပွဲကော်မရှင်နှင့်တွေ့ဆုံဆောင်ရွက်သွားမည်ဟု မြန်မာနိုင်ငံအမျိုသားလူ့အခွင့်ရေးကော်မရှင် ဥက္ကဌက မော်ကွန်းသို့ပြောသည်။
ယနေ့မနက်ပိုင်းက နိုဝင်ဘာတွင်ကျင်းပမည့် ရွေးကောက်ပွဲကိုကြိုဆိုကြောင်း လူ့အခွင့်ရေးကော်မရှင်က သတင်းထုတ်ပြန်ခဲ့သည့်အပေါ် တိုက်ပွဲများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်၏ အခြေအနေနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းရာတွင် ဥက္ကဋ္ဌဦးလှမြင့်က ယခုကဲ့သို့ပြောခြင်းဖြစ်သည်။
“ဒီမိုကရေစီမှာ မဲပေးဖို့အခွင့်အရေးက အရေးကြီးဆုံးပဲ။ ဒါမရဘူးဆိုရင် အခြေခံကစပြီး ပြတ်သွားတဲ့သဘောပဲ။ လုံခြုံရေးကြောင့်ပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့်ပဲဖြစ်ဖြစ် သက်ဆိုင်ရာလူတွေနစ်နာတာပေါ့။ ခုနကပြောတဲ့ ထူးခြားတဲ့မဲဆန္ဒနယ်တွေမှာကတော့ တစ်မျိုးတစ်ဖုံ တခြားနည်းနဲ့ လှည့်ပြီးစဉ်းစားရမယ်။ ဒီလိုဖြစ်နေတဲ့ အနေအထားနဲ့ သူတို့လည်း မဲရုံသွားပြီး မဲပေးဖို့တောင်လွယ်ပါ့မလားမသိဘူး” ဟု ၎င်းကပြောသည်။
လာမည့် နိုဝင်ဘာ ၈ ရက်တွင် လွှတ်တော်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမှာဖြစ်ပြီး ပါတီစည်းရုံးရေး၊ နယ်မြေစည်းရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ပြီဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၁ ရက်တွင်ထုတ်ပြန်ခဲ့သည်။
ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ရခိုင်ပြည်နယ်၏ လက်ရှိအခြေအနေသည် ဒေသခံအများအပြား စစ်ပွဲကြောင့်ထွက်ပြေးနေရသည့်အပြင် အင်တာနက်လည်းဖြတ်တောက်ခံထားရပြီး ရွေးကောက်ပွဲအတွက် မည်သည့်ကြိုတင်ပြင်ဆင်မှုမျှမလုပ်နိုင်ဘဲ လုံခြုံရေးအရ လုပ်သင့်၊ မလုပ်သင့် စဉ်းစားစရာဖြစ်နေသည်ဟုဆိုသည်။
“ရွေးကောက်ပွဲကော်မရှင်က စာရင်းလိုက်ကောက်ပြီး မဖြစ်မနေလုပ်ရင်တော့ ရနိုင်တယ်။ ဘာကြောင့်လည်းဆိုတော့ မြို့နယ်စုံမှ၊ တိုင်းနဲ့ ပြည်နယ် ၁၄ ခုစလုံးလုပ်မှ ပါတီစုံဒီမိုကရေစီဖြစ်မှာ။ ဒီလိုဖြစ်အောင်လုပ်ဖို့ အစိုးရကလုပ်ပေးသင့်တယ်။ လုပ်ပေးဖို့လည်း အစိုးရမှာ တာဝန်ရှိတယ်” ဟု ၎င်းကပြောသည်။
ရက္ခိုင့်တပ်တော် AA နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်ကိုးခုကို ၂၀၁၉ ခုနှစ် ဇွန် ၂၁ ရက်နေ့ကတည်းက အစိုးရက အင်တာနက်လိုင်းဖြတ်တောက်ခဲ့သည်။
လက်ရှိတွင် မောင်တောမြို့နယ် တစ်ခုတည်းသာ အင်တာနက်အသုံးပြုခွင့်ပြန်ရခဲ့ပြီး ကျန်သည့်မြို့နယ်များတွင် အင်တာနက်ပိတ်ထားဆဲဖြစ်သည်။
ပုံစာ – ၂၀၁၉ ခုနှစ် ဇန်နဝါရီ လေးရက်က AA ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ နယ်ခြားစောင့်ရဲကင်းတစ်ခုရှိရာ ခထီးလှကျေးရွာ။
ဓါတ်ပုံ – ကောင်းထက်စံ
#Dailynews