အောင်ထူးနိုင်
ရန်ကုန် – ၂၀၂၀ ဇူလိုင် ၂၇ (မော်ကွန်း)
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက အစိုးရဝန်ထမ်းအများစုရှိနေသည့် ဇမ္ဗူသီရိမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အတွက် တသီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု ပြောသည်။
“အစိုးရအဆက်ဆက်က ဝန်ထမ်းတွေကို အပြစ်ပုံချတာတို့၊ ဝန်ထမ်းတွေအပေါ်မှာ စာနာမှုမရှိတာတို့၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့မညီဘဲ ဝန်ထမ်းတွေကို ဖိနှိပ်ခဲ့တာတို့ အဲဒါတွေကို ဝန်ထမ်းအကြီးအကဲတစ်ယောက်အနေနဲ့ စာနာပြီး ဒီဒုက္ခတွေကို ကျွတ်အောင် ဥပဒေပြုမယ်ဆိုပြီးတော့ ဝန်ထမ်းအများဆုံးရှိတဲ့နေရာကနေ သွားပြိုင်တာပါ” ဟု ဒေါက်တာအောင်မျိုးက ရှင်းပြသည်။
တသီးပုဂ္ဂလဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရခြင်းမှာ လွတ်လပ်စွာပြောဆိုခွင့်ကို မထိခိုက်စေချင်သည့်အတွက်ဟု ၎င်းကပြောသည်။
ဒေါက်တာအောင်မျိုးသည် တပ်မတော်တွင် ဗိုလ်မှူးအဆင့်ဖြင့် ၂၂ နှစ်ခန့် တာဝန်ထမ်းဆောင်ပြီးနောက် ၂၀၀၂ ခုနှစ်တွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၌ ပြောင်းလဲတာဝန်ထမ်းဆောင်ခဲ့ပြီး ယင်းဌာနတွင် ၂၀၁၅ ခုနှစ်အထိ ညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့သည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဒဂုံဆိပ်ကမ်းမဲဆန္ဒနယ်တွင် ပြည်သူ့လွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်ရာ ရှုံးနိမ့်ခဲ့သည်။
လက်ရှိတွင် နိုင်ငံရေးလေ့လာသုံးသပ်သူအဖြစ် ရပ်တည်လျက်ရှိပြီး ရခိုင်ပြည်နယ်အရေး၊ ရခိုင့်တပ်တော်(AA) အဖွဲ့တို့အပေါ် သုံးသပ်ချက်များနှင့်ပတ်သက်၍ ခြိမ်းခြောက်မှုများ ကြုံတွေ့နေရသူဖြစ်သည်။
၂၀၁၄ သန်းခေါင်စာရင်းအရ ဇဗ္ဗူသီရိမြို့နယ်၌နေထိုင်သူများသည် ပြည်သူ့အုပ်ချုပ်ရေး(ပြည်သူ့ဝန်ထမ်းများအပါအဝင်) လုပ်ငန်းတွင် အများဆုံးလုပ်ကိုင်ကြပြီး ၅၃ ဒဿမ ၁ ရာခိုင်နှုန်းရှိသည်။
၂၀၂၀ ရွေးကောက်ပွဲအတွက် NLD ပါတီက ဦးကျော်ထွေးကို ဇမ္ဗူသီရိမဲဆန္ဒနယ် ကိုယ်စားလှယ်လောင်းအဖြစ် တင်သွင်းထားသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ဇမ္ဗူသီရိမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်နေရာအတွက် NLD ပါတီမှ ဦးဖြိုးဇေယျာသော်က အနိုင်ရရှိထားသည်။
#Dailynews