ရန်ကုန် – ၂၀၂၃ အောက်တိုဘာ ၁၉ (မော်ကွန်း)
ရက်ပိုင်းအတွင်းက ရေကြီးနစ်မြုပ်မှုဖြစ်ခဲ့တဲ့ ပဲခူးတိုင်းအတွင်းမှာ ငါးမွေးမြူရေးကန် သုံးပုံနှစ်ပုံခန့်ပျက်စီးသွားတယ်လို့ ပဲခူးတိုင်း ငါးလုပ်ငန်းအဖွဲ့ချုပ်ဆီက သိရပါတယ်။
ယခုလ ပထမအပတ်ကစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေစိုးရိမ်ရေမှတ်ကျော်ကို ကျော်လွန်မြင့်တက်ခဲ့ကာ ပဲခူးတိုင်းအရှေ့ခြမ်းက ပဲခူးမြို့အပါအဝင် ကဝ၊ ညောင်လေးပင်၊ ဝေါ၊ ဒိုက်ဦး၊ ကျောက်တံခါး အစရှိတဲ့ မြို့နယ်တွေမှာ ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့တာပါ။
အဲ့ဒီဒေသတွေမှာရှိတဲ့ စပါးခင်းတွေ ပျက်စီးသွားတဲ့အပြင် ပဲခူးတိုင်း တစ်တိုင်းလုံးမှာရှိတဲ့ ငါးမွေးမြူရေးကန် ဧကပေါင်း ၂,၂၂၁ ဒသမ ၁၁ ဧက ရေနစ်မြုပ်ပြီး ပျက်စီးခဲ့တယ်လို့ ပဲခူးတိုင်း ငါးလုပ်ငန်းဦးစီးဌာနက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
ပဲခူးတိုင်းတစ်တိုင်းလုံးမှာ ငါးမွေးမြူရေးကန်ပေါင်း သုံးထောင်ကျော်ရှိနေတာဖြစ်ပြီး လက်ရှိ ရေကြီးမှုကြောင့် ဒေသတစ်ခုလုံးက ငါးမွေးမြူရေးကန် သုံးပုံနှစ်ပုံခန့် ပျက်စီးခဲ့တာပါ။
လက်ရှိမှာတော့ စစ်ကောင်စီရဲ့ ငါးလုပ်ငန်းဦးစီးဌာနကကွင်းဆင်းကာ စာရင်းကောက်ယူနေပြီး ရေနစ်မြုပ်ခဲ့တဲ့ငါးကန်တွေရဲ့ ထိခိုက်နစ်နာမှုတွေအတွက် ငါးမျိုးစိတ်တွေ ပြန်လည်စိုက်ထည့်ပေးသွားဖို့ရှိတယ်လို့ ပဲခူးတိုင်းငါးလုပ်ငန်းအဖွဲ့ချုပ်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ပျက်စီးသွားတဲ့ ငါးကန်တွေအတွက် ငါးသားပေါက်တွေကို တစ်ဧကကို ငါးသားပေါက် သုံးထောင်နှုန်းနဲ့ ဧကပေါင်း ၂,၀၀၀ ကျော်အတွက် ငါးသားပေါက် ၆၆ သိန်းကျော် ဖြန့်ဝေဖို့ စီစဉ်နေတယ်လို့ သူက ပြောပါတယ်။
ဒိုက်ဦးမြို့နယ်က ငါးမွေးမြူရေးလုပ်ကိုင်သူတစ်ဦးကတော့ မွေးမြူရေးသမားတွေကို ငါးသားပေါက်ချပေးရုံနဲ့ ပြန်လည်ကုစားနိုင်မှာမဟုတ်ဘဲ ငွေကြေးဆုံးရှုံးမှုတွေကြောင့် လုပ်ငန်းပြန်စဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ ပြောပါတယ်။
“ငါးဦးစီးကတော့ ငါးမြစ်ချင်းတို့၊ ငါးမုတ်တို့ ငါးတန်တို့လို ငါးတွေ ပြန်ပေးမှာပေါ့။ ဒါပေမယ့် မွေးမြူရေးသမားတွေက ကန်တစ်ကန်ကို သိန်း ၂၀ ကျော်လောက် ရင်းထားရတာ။ လစဉ် အစာဖိုးတွေ အလုပ်သမားခတွေ။ အများကြီးဆုံးရှုံးသွားတယ်။ လုပ်ငန်းပြန်စဖို့ အရင်းအနှီးတွေ လိုတယ်” လို့ ပြောပါတယ်။
ပဲခူးမြစ်ရေကြီးမှုဖြစ်စဉ်ကြောင့် ပဲခူးတိုင်းမှာ ငါးမွေးမြူရေးကန်တွေအပြင် စပါးခင်းတွေလည်း အများအပြားပျက်စီးခဲ့ပြီး စပါးစိုက်ဧက တစ်သိန်းဝန်းကျင် ရေနစ်မြုပ်ပျက်စီးခဲ့တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဆီက သိရပါတယ်။
ပုံစာ – ရေကြီးနစ်မြုပ်သွားတဲ့ ငါးမွေးမြူရေးကန်များ
ဓာတ်ပုံ – ပေးပို့

