တန့်ဆည် – ၂၀၂၁ ဒီဇင်ဘာ ၃ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊နနွင်းတောအုပ်စု၊စည်းသာရွာမှာ စစ်ကောင်စီတပ်တွေက နေအိမ် လေးလုံးကို ဝင်ရောက်ဖျက်ဆီးသွားပြီးနောက် တန်ဖိုးကြီးပစ္စည်းတချို့လည်း ပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ နိုဝင်ဘာလ ၃၀ ရက်နေ့က စည်းသာရွာထဲက နေအိမ်(၄)လုံးကို ရဲဒင်းဖြင့် ထုရိုက်ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့ရွာထဲကပြန်ထွက်သွားပြီးနောက် ဖျက်ဆီးခံရတဲ့နေအိမ်များက ပစ္စည်းတွေလည်း ပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။
“နေအိမ်က လေးလုံးထက်လည်းပိုနိုင်တယ်။ တော်တော်များများဖျက်ဆီးခံထားရတယ်”လို့ တန့်ဆည်ဒေသခံတစ်ဦးကပြောပါတယ်။
ဒါအပြင် ရွာထဲက ကျေးရွာပြည်သူတွေမွေးမြူထားတဲ့ ကြက်၊ဝက်တွေကို သတ်ဖြတ်စားသောက်ခဲ့ပြီး PSI စလောင်းတွေကိုလည်း ရိုက်ဖြုတ်ထားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ တန့်ဆည်မြို့နယ်မှာလည်း ကျေးရွာတွေကိုဝင်ရောက်ရှာဖွေဖျက်ဆီးတာတွေပြုလုပ်နေပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကလည်း ခုခံတိုက်ခိုက်နေကြပါတယ်။
မနေ့က ဒီဇင်ဘာ ၂ ရက်နေ့ကလည်း တန့်ဆည်မြို့နယ်၊ ပုတီးရွာက နေအိမ်အလုံး ၃၀ နီးပါး ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ဖျက်ဆီးခဲ့ပါသေးတယ်။
ပုံစာ – စည်းသာရွာကဖျက်ဆီးခံရတဲ့နေအိမ်တစ်လုံး
ဓာတ်ပုံ – CJ
#Dailynews

