“တစ်ဦးချင်းတစ်ယောက်ချင်းစီဟာ ခြေရာခံ၊ ပစ်မှတ်ထားခံရမယ့် အန္တရာယ်နဲ့ကြုံရနိုင်တယ်”

“တစ်ဦးချင်းတစ်ယောက်ချင်းစီဟာ ခြေရာခံ၊ ပစ်မှတ်ထားခံရမယ့် အန္တရာယ်နဲ့ကြုံရနိုင်တယ်”

Biometric Data နဲ့ SIM card မှတ်ပုံတင်ခြင်းနဲ့ ပတ်သက်ပြီး Privacy International အဖွဲ့၏ မူဝါဒပိုင်းဆိုင်ရာ ယာယီညွန်ကြားရေးမှူး မစ္စလူစီပါဒန်နှင့် မေးမြန်းခြင်း။

အောင်ပိုင်
ဇူလိုင်၊ ၂၀၂၀ (မော်ကွန်း)

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက Biometric Data နဲ့ SIM card မှတ်ပုံတင်ခြင်း အစီအစဉ်ကို အကောင်အထည်ဖော်နေပါတယ်။ လူဦးရေ သန်းခြောက်ဆယ်အထိ ကိုယ်ရေးအချက်အလက်တွေကို သိမ်းဆည်းနိုင်တဲ့ Common Database တည်ဆောက်ဖို့ကိုလည်း တင်ဒါခေါ်ထားပြီး လာမည့်နှစ်မှာ စတင်အကောင်အထည်ဖော်မယ်လို့ ဆိုပါတယ်။ ရည်ရွယ်ချက်ကတော့ SIM card အသုံးပြုတွေကို မည်သူမည်ဝါဆိုတာ တိတိကျကျသိနိုင်အောင်လုပ်တာဖြစ်ပြီး ရာဇဝတ်မှုတွေလျှော့ချနိုင်မယ်လို့ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ ခေတ်သစ်နည်းပညာပိုင်းဆိုင်ရာ အခွင့်အရေးတွေနဲ့နှီးနွှယ်ပြီး အသိပညာပေးတာတွေ ဆောင်ရွက်နေတဲ့ လန်ဒန်အခြေစိုက် Privacy International အဖွဲ့မှ မူဝါဒပိုင်းဆိုင်ရာ ယာယီညွန်ကြားရေးမှူး မစ္စလူစီပါဒန်ကို မော်ကွန်းက အီးမေးလ်နဲ့ဆက်သွယ်မေးမြန်းထားပါတယ်။ အဲဒီထဲက တချို့ကိုကောက်နုတ်ဖော်ပြလိုက်ပါတယ်။

မော်ကွန်း။ ။ Biometric SIM Registration ရဲ့ ကောင်းကျိုး ဆိုးကျိုးတွေက ဘာတွေလဲ။

မစ္စလူစီပါဒန်။ ။ SIM ကဒ်တွေကို မှတ်ပုံတင်ဖို့လိုအပ်တယ်ဆိုတဲ့ ဥပဒေတွေကို (အစိုးရတွေက) ဘာနဲ့ ကာကွယ်လေ့ရှိလဲဆိုတော့ ဒီလိုမှတ်ပုံတင်ထားရင် ရာဇဝတ်မှုတွေကို တိုက်ဖျက်တဲ့နေရာမှာ အထောက်အကူဖြစ်စေတယ်ဆိုတဲ့ အပြည့်အဝမမှန်တဲ့အယူအဆနဲ့ ကာကွယ်လေ့ရှိတယ်။ မြန်မာအစိုးရက ပြောနေသလို၊ ဒါမှမဟုတ် အခြားအစိုးရတွေကပြောနေသလို SIM ကဒ်တွေကို မဖြစ်မနေမှတ်ပုံတင်ခိုင်းတာဟာ ရာဇဝတ်မှုတွေကို လျော့ကျစေတယ်ဆိုတဲ့အယူအဆဟာ လက်တွေ့မျက်မြင်ကို အခြေခံထားတာမဟုတ်ဘူး။

SIM ကဒ်အသုံးပြုသူတွေရဲ့ အချက်အလက်အများကြီးကို သိမ်းဆည်းနိုင်တဲ့ database တွေ တည်ဆောက်ပြီးတော့ ကဒ်တွေကို မှတ်ပုံတင်ခိုင်းတာဆိုတော့ တစ်ဦးချင်းတစ်ယောက်ချင်းစီဟာ ခြေရာခံ၊ ပစ်မှတ်ထားခံရမယ့် အန္တရာယ်နဲ့ကြုံရနိုင်တယ်၊ သူတို့ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်တွေ တလွဲအသုံးချခံရနိုင်ခြေလည်းရှိနေတယ်။ အဲဒီလို မှတ်ပုံတင်ခိုင်းတာဟာ အစိုးရမသိစေဘဲ တစ်ဦးနဲ့ တစ်ဦးဆက်သွယ်လို့မရအောင်၊ တစ်ဦးချင်းတစ် ယောက်ချင်းရဲ့ တစ်ကိုယ်ရေလွတ်လပ်မှုကို လျော့နည်းသွားအောင် လုပ်လိုက်ရာကျတယ်။

ဒီလိုလုပ်တာဟာ နဂိုကတည်းက ခုခံနိုင်စွမ်းမရှိတဲ့အုပ်စုတွေကို ခြိမ်းခြောက်ရာကျတဲ့အပြင် (SIM card ) အသုံးပြုသူတွေကို တရားဥပဒေစိုးမိုးရေးလုပ်တဲ့အာဏာပိုင်တွေက အလွယ်တကူခြေရာခံစောင့်ကြည့်လို့ရအောင် လုပ်ပေးသလိုဖြစ်သွားတယ်။ ဥပမာအနေနဲ့ ရွေးကောက်ပွဲမှာ တစ်ဦးချင်းတစ်ယောက်ချင်းဟာ ဘယ်ပါတီကို သဘောကျတယ်ဆိုတဲ့ဟာတွေ၊ လူတွေရဲ့ကျန်းမာရေးအခြေအနေတွေ အဲဒါတွေကို သူတို့ရဲ့ဖုန်းနံပါတ်တွေနဲ့ ချိတ်ဆက်ထားတာမျိုးလည်းလုပ်နိုင်တယ်။ ဒီလိုနည်းနဲ့ ဥပမာ နိုင်ငံရေးအတိုက်အခံတွေ၊ HIV/AIDS ရှိတဲ့သူတွေကို အစိုးရတွေက ဖော်ထုတ်ပြီး ပစ်မှတ်ထားလို့ရလာမယ်။

နိုင်ငံရေးတင်းမာတာတွေ၊ တိုင်းရင်းသားရေးတင်းမာတာတွေရှိတဲ့နိုင်ငံတွေမှာ နိုင်ငံရေးလှုပ်ရှားတာတွေကို (ဖုန်းအသုံးပြုသူရဲ့) အချက်အလက်တွေနဲ့ ချိတ်ဆက်တွဲစပ်လိုက်မယ်ဆိုရင် နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်နေသူတွေအတွက် ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်တွေတောင် ဖြစ်ကောင်းဖြစ်လာနိုင်တယ်။ SIM ကဒ်တွေကို မဖြစ်မနေမှတ်ပုံတင်ခိုင်းတာက ကုန်ကျစရိတ်များတယ်၊ (တစ်ကိုယ်ရေလွတ်လပ်မှုတွေကို) အနှောင့်အယှက်ဖြစ်စေတယ်၊ နိုင်ငံအများစုဖြေရှင်းဖို့လုပ်နေတဲ့ ပြဿနာတွေအတွက် အဖြေမဟုတ်ဘူး ဆိုတဲ့ အထောက်အထားတွေရှိတယ်ဆိုပေမဲ့ SIM ကဒ်မှတ်ပုံတင်ခိုင်းတာတွေကို လုပ်ခိုင်းတဲ့ အစိုးရအရေအတွက်ဟာ နှစ်စဉ်များလာတယ်။

မော်ကွန်း။ ။ Biometric SIM Registration လုပ်တဲ့နိုင်ငံတွေက ဘယ်နိုင်ငံတွေလဲ။

မစ္စလူစီပါဒန်။ ။ ၂၀၂၀ မတ် အထိ Biometric SIM Registration ဥပဒေရှိတဲ့ နိုင်ငံ ၁၁ နိုင်ငံရှိပါတယ်။ ဘာရိန်း၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ ပီရူး၊ ဆော်ဒီအော်ရေးဗျ၊ တန်ဇန်နီးယား၊ ယူဂန်ဒါ၊ ယူအေအီးနဲ့ ဇင်ဘာဘွေနိုင်ငံတို့ဖြစ်ပါတယ်။

မော်ကွန်း။ ။Privacy International က မြန်မာနိုင်ငံက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနရယ်၊ ဆက်သွယ်ရေး အော်ပရေတာလေးခုရယ်ကို ဘာကြောင့် ဒီအစီအစဉ်လုပ်ရသလဲဆိုတာ ရှင်းပြဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။ ဘာကြောင့်ခုလို တောင်းဆိုရတာလဲ။ တုံ့ပြန်မှုကရော ဘယ်လိုရှိခဲ့လဲ။

မစ္စလူစီပါဒန်။ ။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနရယ်၊ ဆက်သွယ်ရေး အော်ပရေတာလေးခုရယ်ကို စာပေးပို့ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကိစ္စမှာ ပွင့်လင်းမြင်သာမှုနည်းတာရယ်၊ လူ့အခွင့်အရေးကို ထိခိုက်နိုင်မှုများတာကြောင့်ပါ။ ဖြစ်နိုင်ခြေရှိတဲ့ အန္တရာယ်တွေက ဘာဆိုတာ အသိပညာပေးတာ၊ အစိုးရအာဏာပိုင်တွေရဲ့ တာဝန်ယူမှု တာဝန်ခံမှုမှာ လူ့အခွင့်အရေးကို အလေးထားကာကွယ်ဖို့ သတိပေးတာတွေ လုပ်ချင်ခဲ့တာပါ။ ဒီအစီအစဉ်ကို ဖျက်ဖို့ နှိုးဆော်နေတာ။

သူတို့တုံ့ပြန်ပုံကို ဒီလင့်ခ်မှာ ကြည့်လို့ ရပါတယ်။

https://privacyinternational.org/news-analysis/3303/myanmar-dangerous-plans-biometric-sim-card-registration-must-be-scrapped

မော်ကွန်း။ ။မြန်မာအစိုးရက အကောင်အထည်ဖော်မယ့် Biometric SIM Registration နဲ့ ပတ်သက်ပြီး Privacy International က ဘာတွေစိုးရိမ်နေတာလဲ။

မစ္စလူစီပါဒန်။ ။ (Biometric SIM registration အစီအစဉ်) အဆိုပြုချက်နဲ့ မြန်မာနိုင်ငံမှာ လောလောဆယ်ဘာတွေဖြစ်နေ လဲဆိုတာတွေကို လိုက်ပြီးချိတ်ဆက်ကြည့်ဖို့က အရေးကြီးတယ်လို့ ထင်တယ်။ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ဟာ ကမ္ဘာ့အရှည်ကြာဆုံး အင်တာနက်ဖြတ်တောက်တာ ကြုံနေရချိန်မှာ၊ ပြီးတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် SIM ကဒ်ရောင်းတဲ့ ဆိုင်ခန်းကြီး၊ ဆိုင်ခန်းငယ်တွေ၊ လမ်းဘေးဆိုင်တွေပိတ်ထားတဲ့အချိန်မှာ SIM ကဒ်တွေကို ဇွန် ၃၀ နောက်ဆုံးထားပြီး မှတ်ပုံတင်ရမယ်ဆိုတဲ့ဟာက လက်တွေ့မကျဘူး။ SIM ကဒ်တွေ မှတ်ပုံပြန်တင်ဖို့ လက်ခံနိုင်တဲ့ မှတ်ပုံတင်ပုံစံ အမျိုးအစားတွေကို လျှော့ချလိုက်တယ်ဆိုတဲ့အပေါ် ကျွန်မတို့ စိုးရိမ်မိတယ်။ အဲတော့ SIM ကဒ်မှတ်ပုံတင်ဖို့ မှတ်ပုံတင်ကဒ် လက်ထဲမရှိတဲ့၊ ဒါမှမဟုတ် လက်ခံနိုင်တဲ့ မှတ်ပုံတင်အမျိုးအစား လက်ဝယ်မရှိတဲ့ ကျေးလက်ဒေကလူတွေ၊ လူနည်းစုအစုအဖွဲ့တွေအတွက်က သူတို့ကိုပိုပြီးဖယ်ထုတ်လိုက်သလို၊ ခွဲခြားဆက်ဆံသလိုမျိုး ဖြစ်သွားတယ်။

လက်ရှိအချိန်မှာ မြန်မာနိုင်ငံမှာ ဒေတာတွေကိုကာကွယ်ပေးတဲ့ ဥပဒေတွေ၊ စောင့်ကြည့်ခြေရာခံခြင်းနဲ့ဆိုင်တဲ့ ဥပဒေတွေ မရှိသေးဘူး။ အဲဒါတွေရှိလာအောင် လုပ်မယ့်အနေအထားလည်း မမြင်ရသေးဘူး။ အဲလို ဥပဒေမူဘောင်တွေ မရှိသေးတဲ့အချိန်မှာ ဒီဟာတွေကို မိတ်ဆက်အကောင်အထည်ဖော်မယ်ဆိုတဲ့ဟာက လုံးဝကို လက်ခံလို့မရပါဘူး။

မော်ကွန်း။ ။Biometric SIM Registration လုပ်ပြီးတဲ့အခါ ဘယ်လို Privacy Data တွေ ချိုးဖောက်ခံရတာမျိုး ကမ္ဘာပေါ်မှာ တွေ့ရှိထားလဲ။ ဘယ်နိုင်ငံတွေက ဒီစီမံကိန်းကိုတလွဲအသုံးချပြီး ပြည်သူတွေနဲ့ နိုင်ငံရေးအတိုက်အခံတွေကို နောက်ယောင်ခံစောင့်ကြည့်ကြလဲ။

မစ္စလူစီပါဒန်။ ။ အစိုးရတွေဟာ လူတွေကို စောင့်ကြည့်ခြေရာခံတဲ့အခါမှာ၊ ဒါမှမဟုတ် လူတွေရဲ့အချက်အလက်တွေကို တရားမဝင်ရယူကြည့်ရှုတဲ့အခါမှာ အဲဒါတွေကို လူတွေကိုပေးသိတဲ့အလေ့အကျင့် မရှိကြပါဘူး။ SIM ကဒ်တွေကို မှတ်ပုံတင်ခိုင်းတာဟာ အသုံးပြုသူတွေရဲ့ ပုဂ္ဂိုလ်ရေးနဲ့ဆိုင်တဲ့ အချက်အလက်တွေကို ပုဂ္ဂလိက database တွေ၊ အများပြည်သူနဲ့ဆိုင်တဲ့ database တွေနဲ့ မျှဝေဖို့၊ ချိတ်ဆက်တွဲစပ်ဖို့အတွက် လမ်းစပဲ။ နိုင်ငံသားတစ်ဦးချင်းတစ်ယောက်ချင်းစီကို အပြည့်အဝပုံဖော်ဖို့ လမ်းစဖန်တီးတာပဲ။ နောက် ကုမ္ပဏီတွေနဲ့ third party တွေ အချက်အလက်အမြောက်အများကို ရယူကြည့်ရှုလို့ရအောင် လမ်းဖွင့်ပေးလိုက်တာပဲ။

Biometrics နည်းတွေဖြစ်တဲ့ လက်ဗွေယူတာတွေ၊ မျက်နှာကို မှတ်သားတဲ့ နည်းပညာတွေကို ပေါင်းထည့်လိုက်တဲ့အခါမှာ SIM ကဒ်တွေကို မှတ်ပုံတင်တဲ့လုပ်ငန်းစဉ်ဟာ နောက်အဆင့်တစ်ခုကို ရောက်သွားတယ်။ နောက်ပိုင်းမှာ နည်းပညာတွေ၊ ကော်ပိုရေးရှင်းနဲ့ဆိုင်တဲ့ မက်လုံးတွေ၊ အစိုးရတွေသာ ပြောင်းသွားမယ်၊ ဒီနေ့ မှတ်ပုံတင်လိုက်လို့ စုဆောင်းထားရှိတဲ့ အချက်အလက်တွေကို အချိန်အကန့်အသတ်မရှိ သိမ်းဆည်းထားကြလိမ့်မယ်၊ အနာဂတ်မှာ ရည်ရွယ်ချက်မျိုးစုံနဲ့ အသုံးချလာကြလိမ့်မယ်။


#Interview

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."