“ရခိုင်မပါဘူးဆိုရင်တော့ ရခိုင်မှာ တိုက်ပွဲတွေတော့ဆက်ဖြစ်မှာပေါ့”

ရန်ကုန် – ၂၀၂၄ ဇန်နဝါရီ ၁၂ (မော်ကွန်း)

ပြီးခဲ့တဲ့နိုဝင်ဘာလက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စတင်ဖြစ်ပွားခဲ့တဲ့ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေဟာ နှစ်လနီးပါးကြာတဲ့ အထိ ပြင်းထန်နေဆဲဖြစ်ပြီး လက်ရှိမှာတော့ တောင်ပိုင်းမြို့တွေအထိပါ ကူးစက်လာနေပြီဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်တပ်တွေ ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒါပေမယ့် အဲ့ဒီသဘောတူညီချက်မှာ ရခိုင်ပြည်နယ် မပါဝင်သေးဘူးလို့လည်းသတင်းတွေက ဆိုပါတယ်။

အဲ့ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ရခိုင်ဒေသမှာ ဖြစ်ပွားလာမယ့် စစ်ရေးအလားအလာနဲ့ ဒေသတွင်းအခြေအနေတွေကို ရခိုင်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကို မော်ကွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မော်ကွန်း – လက်ရှိ ရှမ်းမြောက်ဒေသမှာ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့ ယာယီအပစ်အခတ်ရပ်စဲတဲ့ သတင်းတွေထွက်လာတယ်။ ဒါပေမယ့် အဲ့ဒီ သဘောတူညီချက်မှာ ရခိုင်ဒေသမပါဘူးလို့လည်း သိရပါတယ်။ အဲ့ဒီအတွက် ရခိုင်ပြည်နယ်အပေါ် ထိုးစစ်တွေ ပိုပြီး ဖိအားပေးလာနိုင်ပါသလား။ ဘယ်လို သုံးသပ်လို့ ရပါလဲ။

ဦးဖေသန်း – အဲ့ဒီ သဘောတူညီချက် အသေးစိတ်ကိုတော့ မသိရသေးဘူးပေါ့နော်၊ အကြမ်းအားဖြင့်ပဲ အဲ့ဒီလို သဘောတူညီလိုက်တယ်။ ရခိုင်ပြည်နယ်ပါမပါ၊ ULA ပါမပါ ဆိုတာတော့ ကျွန်တော်တို့ အတိအကျမသိဘူးလေ။ ညီနောင်သုံးဖော်ကတော့ သူတို့တစ်ဖွဲ့လုံးနဲ့ ဆိုင်သလား ရှမ်းမြောက်လောက်ပဲလား ဆိုတာတော့ အသေးစိတ်မသိရသေးဘူး။ ရခိုင်မပါဘူးဆိုရင်တော့ ရခိုင်မှာ တိုက်ပွဲတွေတော့ ဆက်ဖြစ်မှာပေါ့။ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်သလားဆိုရင်တော့ ပိုပြင်းထန်လာနိုင်တာပေါ့။ အခုလည်း ပြင်းထန်နေပါတယ်။ အခုလည်း နေရာတော်တော်များများမှာ ဖြစ်နေတယ်။ ပြင်းထန်တယ်လို့ပြောလို့ရတယ်ပေါ့။ အရင်က တစ်နေရာနှစ်နေရာလောက်ပဲ ဖြစ်နေရာက အခုက နေရာတိုင်းမှာဖြစ်လာတယ်။ မြို့ပေါ်တွေအထိ ဖြစ်လာတယ်ဆိုတော့ ပြင်းထန်တယ်လို့ ပြောလို့ ရတယ်။ အဲ့ဒီလိုပြင်းထန်တာက ULA/AA အတွက် ပိုပြီးအခက်အခဲတွေ့လာသလား ဆိုတော့ အဲ့ဒီလိုတော့ ပြောလို့မရဘူး။ တစ်ချိန်က အပစ်အခတ်မရပ်စဲခင်တုန်းကတောင်မှ ULA/AA တစ်ဖွဲ့တည်းနဲ့ ခံတိုက်ခဲ့သေးတာပဲလေ။ အဲ့ဒီတုန်းကလည်း တော်လှန်ရေးအင်အားစု အများအပြားလည်း မပေါ်သေးဘူးလေ။ အဲ့ဒီတုန်းကလည်း မြန်မာစစ်တပ်ဘက်က တပ်မတွေအများကြီး ကြည်း၊ ရေ၊ လေ သုံးပြီးတော့ အစွမ်းကုန်တိုက်တာပဲ။ ဒါပေမယ့် အဲ့ဒီလောက်ထိ အရေးနိမ့်ခဲ့တာမရှိဘူး။ ULA/AA ဘက်က နိုင်တာများတယ်။ အခုချိန်မှာ တစ်နိုင်ငံလုံးမှာ ဖြစ်နေတော့ မြန်မာစစ်တပ်ဘက်ကလည်း တစ်နေရာတည်းကို ဖိတိုက်ဖို့က အကန့်အသတ်တွေရှိတယ်။ အခုက တိုက်ပွဲတွေ ပြင်းတော့ ပြင်းထန်လာမယ်။ သူတို့ဘက်က (ULA/AA) ခံစစ်ပြောင်းသွားတဲ့အထိတော့ ဖြစ်လာနိုင်မယ်မထင်ပါဘူး။ ဒါက အကြပ်အတည်းတော့ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။

မော်ကွန်း – ရှမ်းမြောက်ဒေသမှာ ယာယီအပစ်ရပ်ဖို့ ဆွေးနွေးနိုင်တာရှိတယ်ပေါ့နော်။ ရခိုင်ပြည်နယ်မှာတော့ အပစ်ရပ်ဖို့ ဆွေးနွေးနိုင်တာမရှိဘူးဆိုတော့ ရှမ်းမြောက်နဲ့ ရခိုင်ဒေသမှာ မြေပြင်အခြေအနေတွေက ဘယ်လို ကွာခြားပါသလဲခင်ဗျ။

ဦးဖေသန်း – ရှမ်းမြောက်မှာက ကုန်သွယ်ရေးဂိတ်တွေနဲ့ တရုတ်အကျိုးစီးပွားပေါ့၊ ပြီးတော့ TNLA တို့ MNDAA တို့ကတော့ တရုတ်နဲ့ မလွှဲသာ မရှောင်သာ ဆက်ဆံနေရမယ့် အဖွဲ့အစည်းတွေဖြစ်တယ်။ တရုတ်ရဲ့ Border Line မှာလည်း ကျရောက်နေတယ်။ တရုတ်က ဖိအားပေးနိုင်တဲ့ အနေအထားမျိုး အများကြီးရှိတယ်။ တရုတ်အနေနဲ့လည်း သူတို့သတ်မှတ်ထားတဲ့ သူတို့ရဲ့ အကျိုးစီးပွားအပေါ် မူတည်ပြီးတော့ ဒါက ဆွေးနွေးတာဖြစ်နိုင်တယ်။ MNDAA နဲ့ TNLA ကတော့ တရုတ်က အပြင်းအထန် ဖိအားပေးနိုင်တယ်။ တရုတ်အကျိုးစီးပွားနဲ့ ပတ်သက်နေတော့။ ULA/AA နဲ့ ရခိုင်ပြည်နယ်ကတော့ တရုတ်အကျိုးစီးပွားနဲ့ လောလောဆယ် မပတ်သက်သေးဘူးပေါ့။ ဒါကြောင့်လည်း သူတို့ဘက်က ချန်ထားခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့။ ULA/AA ဘက်က လက်မခံလို့များလား ဒါမှမဟုတ် စစ်ကောင်စီဘက်က မတောင်းဆိုလို့လားတော့ မသိဘူးပေါ့နော်။ ကြားသိနေရတဲ့ သတင်းတွေအရပြောတာပါ။ အသေးစိတ်ကိုတော့ ကျွန်တော်တို့တော့ မသိရသေးပါဘူး။

မော်ကွန်း – လက်ရှိမှာ ရခိုင်ပြည်နယ်က စစ်ကောင်စီစခန်းတွေကို AA က ဝင်တိုက်နေတယ်။ ကျန်နေတဲ့ စစ်ကောင်စီစခန်းတွေကိုလည်း လက်နက်ချဖို့ AA က ထုတ်ပြန်ထားတယ်။ အခုက AA က ဒေသတွင်းမှာ မြို့တွေကို သိမ်းယူဖို့အထိ ရှိလာနိုင်သလား။ တိုက်ပွဲတွေ ဘယ်လို ဖော်ဆောင်နေတယ်လို့ ယူဆလို့ရပါသလဲ။

ဦးဖေသန်း – အရင်တုန်းကတော့ AA တပ်တွေက နယ်တွေမှာ မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေ အများကြီးဖြစ်ပါတယ်။ စစ်တပ်ဘက်ကလည်း တဖြည်းဖြည်း နောက်ဆုတ်ရင်း၊ နောက်ဆုတ်ရင်းနဲ့ မြို့ထဲကနေ အပြင်မထွက်တော့ဘဲ ခံစစ်ဖြစ်သွားတယ်ပေါ့။ ပြီးတော့ ဗျူဟာကုန်းတွေ၊ အထိုင်ကုန်းတွေ၊ တပ်ရင်း၊ တပ်ဖွဲ့တွေ၊ သူတို့လည်းပဲ အပြင်ကို ထွက်လို့မရတဲ့ အခြေအနေဖြစ်သွားတယ်။ ULA/AA တပ်တွေက အကုန်လုံး ဝိုင်းပတ်ပြီးတော့ ပိတ်ဆို့ထားတဲ့ အနေအထားမျိုးမှာ ရိက္ခာတို့၊ စစ်လက်နက်ပစ္စည်းတို့ သယ်ယူပို့ဆောင်ရေးတွေမှာ အကုန်လုံး ပြတ်တောက်သွားတဲ့ အနေအထားရှိတယ်။ နောက်တော့ ULA/AA က မြို့အနီးအနားတွေအထိပါ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေနဲ့ သူတို့စစ်အင်အားကို တိုးချဲ့လုပ်ဆောင်လာတဲ့အခြေအနေမှာ မြန်မာစစ်တပ်က မြို့ထဲက ဒါမှမဟုတ်၊ သူတို့ရဲ့ စခန်း၊ ဗျူဟာကုန်းတွေကနေ အပြင်ကို မထွက်တော့ဘူး။ အဲ့ဒီလို အခြေအနေမျိုးရောက်သွားတယ်။ ဒါကြောင့် အခုအခြေအနေမှာ တိုက်ပွဲဖြစ်လာပြီဆိုတော့ မြို့ထဲတွေနဲ့ မြို့ပတ်ဝန်းကျင်တွေမှာ ဖြစ်တာပေါ့။ မြန်မာစစ်တပ်ကလည်းပဲ ရွာတွေကို ပစ်တယ်၊ မီးရှို့တယ်။ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ရွာတွေကိုပဲ ဦးတည်လာတဲ့အခါမှာ ULA/AA နဲ့ သူတို့ ထိပ်တိုက်တိုးလာတာပေါ့။ ULA/AA ကလည်း အဲ့ဒီစခန်းတွေကို တိုက်မယ်ဆိုရင် မြို့တွေ၊ ဒါမှမဟုတ် မြို့တွေနဲ့ အနီးတစ်ဝိုက်က ဗျူဟာကုန်းတွေမှာပဲ ဖြစ်နေတော့ ဒါက မြို့သိမ်းတိုက်ပွဲပုံစံမျိုး ဖြစ်လာတာပေါ့။

မော်ကွန်း – ရခိုင်မှာ တိုက်ပွဲတွေ စဖြစ်တာ နိုဝင်ဘာလတည်းက အခုဆိုရင် နှစ်လနီးပါး ရှိပြီပေါ့ ဆရာ။ အဲ့ဒီအချိန်အတွင်းမှာ ဒေသတွင်းလမ်းတွေကို ပိတ်ဆို့ထားတော့ စားနပ်ရိက္ခာ အခက်အခဲတွေ ဖြစ်လာတယ်လို့ သိရပါတယ်။ အဲ့ဒီ အခြေအနေကရော ဘယ်လိုရှိပါသလဲခင်ဗျ။

ဦးဖေသန်း – ရခိုင်မှာ တိုက်ပွဲတွေစဖြစ်ကတည်းက စစ်ကောင်စီဘက်က ပြည်မကိုသွားတဲ့ လမ်းတွေပိတ်လိုက်တယ်။ ပြည်နယ်အတွင်း တစ်မြို့နဲ့ တစ်မြို့ဆက်သွယ်တဲ့လမ်းတွေကို ပိတ်တယ်။ မြို့နဲ့ နယ်ကိုတောင် ပိတ်တယ်ပေါ့။ အဲ့ဒီအတွက် ပြည်မဘက်ကလာတဲ့ ကုန်စည်တွေ အကုန်ပြတ်တောက်သွားတယ်။ လုံးဝမလွှဲသာမရှောင်သာ မဝယ်လို့မဖြစ်တဲ့ လောင်စာဆီတို့၊ စားသောက်ကုန်တို့က အရင်တုန်းက ပြည်မကလာတယ်ပေါ့။ ကိုယ့်ဒေသမှာလည်း မထွက်ဘူး။ အထွက်နည်းတယ်။ အဲ့ဒီ လောင်စာဆီ၊ စားသောက်ကုန်ဈေးနှုန်းတွေက ဒေသတွင်းမှာ အဆမတန်မြင့်တက်သွားတယ်။ အဲ့ဒါကြောင့် စားဝတ်နေရေး အခက်အခဲတွေ ရှိပါတယ်။ ခြိုးခြံခြွေတာပြီးတော့ စားနေကြရတယ်။ မပြည့်မစုံနဲ့ ချက်ပြုတ်စားသောက်နေရတယ်။ အခုကတော့ ဒေသခံတွေရဲ့ ဆန်စပါးတွေတော့ ပေါ်လာတယ်။ ဒီဘက်မှာလည်း ပြည်မဘက်က ဖြတ်တောက်ထားတဲ့အတွက် ဒေသတွင်းမှာ စိုက်ပျိုးရေးကို အဓိကထားလုပ်ဆောင်လာကြတယ်။ အဲ့ဒါကြောင့် အခုက ကုန်ဈေးနှုန်းက နည်းနည်းတော့ ကျလာတယ်ပေါ့။ ကျလာတယ်ဆိုတာလည်း အရင်ဈေးနှုန်းလောက်ကို မကျသေးပါဘူး။ အဓိက ဆန်စပါးက မပြတ်ဘူးဆိုရင်၊ ဒါမှမဟုတ် ဈေးမတက်ဘူး၊ တည်ငြိမ်တယ်ဆိုရင်တော့ သိပ်ပြီးတော့ မခက်ဘူးပေါ့ အဲ့ဒီလို အခြေအနေတော့ ရှိပါတယ်။

မော်ကွန်း – အခုက ဒေသတွင်းမှာလည်း စစ်ဘေးရှောင်တွေလည်း များလာတော့ စစ်ဘေးရှောင်တွေအခြေအနေကရော ဘယ်လိုရှိပါသလဲခင်ဗျ။

ဦးဖေသန်း – စစ်ရှောင်တွေက များတယ်ဆိုပေမယ့် အရင်တုန်းကလို ဒုက္ခသည်စခန်းတွေဖွင့်ပြီး ဒုက္ခသည်တွေ လက်ခံပြီး နိုင်ငံတကာအကူအညီတွေယူရတဲ့ အခြေအနေတွေ မရှိသေးပါဘူး။ အခုက မြို့ကို တိုက်မယ်ဆိုတဲ့ ကောလာဟလ သတင်းတွေ ပျံ့နှံ့တော့ မြို့ကလူတွေက နယ်ကိုပြေးတာပေါ့။ အရင်တုန်းကတော့ နယ်ကလူက မြို့ကိုပြေးတယ်။ အခုက မြို့ကလူက နယ်ကိုပြေးတယ်။ ပြေးတဲ့အခါ နီးစပ်ရာ၊ ရင်းနှီးရာ မိသားစုတွေဆီ ပြေးကြတာပေါ့။ မြို့နဲ့ဝေးတဲ့နေရာကို စစ်ဘေးရှောင်ကြတာပေါ့။ အဲ့ဒီအခါကျတော့ မြို့နေလူတန်းစားကတော့ စားရေးသောက်ရေး ငွေရေးကြေးရေးဆိုတာ အတိုင်းအတာတစ်ခုထိတော့ ပါလာတာပေါ့နော်။ မြို့ကလူတွေက ကုန်သည်တွေ၊ လုပ်ငန်းရှင်တွေ၊ ဆိုင်ရှင်တွေ ပါလာတဲ့အခါ အတိုင်းအတာတစ်ခုအထိတော့ ဝယ်စားခြမ်းစားတော့ ပါလာတယ်။ ဒါကြောင့်လည်းပဲ ဒုက္ခသည်စခန်းတွေကို မသွားကြတော့ဘူးပေါ့။ ဘေးလွတ်ရာရှောင်ပြီး မြို့ထဲပြန်ဝင်မယ်ဆိုတဲ့ သဘောပေါ့။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ဒုက္ခသည်တွေကျတော့လည်း ရွာတွေမှာ၊ ဘုန်းကြီးကျောင်းတွေမှာ စခန်းတွေဖွင့်ပြီးတော့ အရပ်ဖက်က ကူညီစောင့်ရှောက်ထားတာတွေ ရှိတာပေါ့။ ရေရှည်မဟုတ်သေးတဲ့အတွက်ကြောင့် ဒေသခံတွေရဲ့ အကူအညီလောက်နဲ့ လုံလောက်တယ်ပေါ့။ ရေရှည်ဖြစ်လာမယ် ဒုက္ခသည်တွေလည်း များလာမယ်ဆိုရင်တော့ နိုင်ငံတကာ အကူအညီတွေ စေတနာရှင် အကူအညီတွေ အများကြီးလိုအပ်လာမှာပေါ့။

မော်ကွန်း – အရင်က တိုက်ပွဲတွေက ရခိုင်မြောက်ပိုင်းဒေသတွေမှာ အဖြစ်များတာတွေ့ရတယ်။ အခုတိုက်ပွဲမှာတော့ တောင်ပိုင်းဒေသတွေ ရမ်းဗြဲကျွန်းလို နေရာမျိုးထိ ဖြစ်လာတာတွေ့ရတယ်။ အခုက တိုက်ပွဲတွေဟာ ပြည်နယ်တစ်ခုလုံး ဖြစ်နေတယ်လို့ ပြောလို့ ရပါသလား။

ဦးဖေသန်း – ပလက်ဝကနေပြီးတော့ စတာပေါ့နော်။ ဘူးသီးတောင်၊ မောင်တော နယ်ခြားစောင့်စခန်းတွေပေါ့၊ အဲ့ဒီ မြောက်ပိုင်းက စတယ်လို့ ပြောလို့ ရတာပေါ့။ နဂိုကလည်း သူတို့က(AA) မြောက်ပိုင်းမှာ အင်နဲ့အားနဲ့ ရှိတာပေါ့။ တောင်ပိုင်းကျတော့ ULA/AA တပ်ဖြန့်ထားမှုက အားနည်းနေသေးတယ်။ အားနည်းသေးတယ်ဆိုပေမယ့် ရှိတော့ရှိမှာပေါ့။ ဒါပေမယ့် မြောက်ပိုင်းလိုတော့ အင်အား ပြည့်ပြည့်တင်းတင်းနဲ့ ထိန်းထားနိုင်တဲ့ အနေအထားမျိုးမှာတော့မရှိဘူး။ သူတစ်ပြန်ကိုယ်တစ်ပြန်ရှိတဲ့ နေရာတွေလည်း ရှိတာပေါ့။ AA ဘက်က အုပ်ချုပ်ရေး၊ တရားစီရင်ရေးယန္တရားတွေ တည်ဆောက်လာတဲ့အခါမှာ တောင်ပိုင်းဖြစ်တဲ့ ဂွတို့၊ သံတွဲတို့၊ မာန်အောင်တို့မှာတော့ သူတို့ လက်လှမ်းမမီသေးဘူးပေါ့။ အခုက တောင်ကုတ်ထိ သူတို့ လက်လှမ်းမီလာတဲ့ သဘောရှိတယ်။ တိုက်ပွဲအကြီးကြီးတွေ မဖော်နိုင်ရင်တောင်မှာ အဲ့ဒီနေရာတွေမှာ မြောက်ပိုင်းစစ်ရေးအရှိန်ကြောင့် ပြည်သူတွေက စစ်ရေးအန္တရာယ်ဖြစ်လာမှာကို စိုးရိမ်လာတာရှိလာတယ်။ နောက်ပြီး ရမ်းဗြဲဆိုရင်လည်း သူတို့က မြို့ထဲမှာကို တိုက်ပွဲဖြစ်လာတယ်။ ကျောက်ဖြူမှာဆိုရင်လည်း ရေတပ်စခန်းတွေကို တိုက်ခိုက်လာတယ်။ သူတို့အင်အားကို နည်းနည်း ရှေ့ကိုတိုးပြီး ဖြန့်လာတယ်။ မြောက်ပိုင်းကို အထိုင်ချဖို့အတွက် တောင်ပိုင်းဘက်ကို တပ်ဖြန့်လာတာလည်း ပါမှာပေါ့နော်။ ဒါမှမဟုတ် မြောက်ပိုင်းကို တစ်ဖက်သတ် အတိုက်ခံမှာစိုးလို့ အလယ်ပိုင်းတို့၊ တောင်ပိုင်းတို့မှာလည်း ဗျူဟာအရ စစ်ရေးဖြန့်ကျက်ထားတဲ့ သဘောရှိပါတယ်။ ဒီအချိန်မှာ ULA/AA က တိုက်ချင်တဲ့ မြို့ကို တိုက်လို့ရတဲ့ သဘောရှိတယ်။ ULA/AA က ထိုးစစ် မြန်မာစစ်တပ်က ခံစစ်၊ အဲ့ဒီလိုသဘောမျိုး ကျရောက်သွားတယ်။ မြန်မာစစ်တပ်က ထိုးစစ်မလုပ်တော့ဘူး။ ULA/AA က ဘယ်မြို့ကို တိုက်မလဲ၊ သူတို့အင်အားရှိရင် ရှိသလောက် တိုက်လို့ရတဲ့သဘောမျိုးတော့ မြင်တွေ့နေရပါတယ်။

မော်ကွန်း – နောက်ဆုံးအနေနဲ့တော့ ရခိုင်ဒေသမှာရော အပစ်ရပ်ဖို့ ဆွေးနွေးပွဲ စကားဝိုင်းစနိုင်တဲ့ အခြေအနေဖြစ်ဖို့ဆိုရင် ဘယ်လိုပုံစံ ဆွေးနွေးမှုတွေ လိုအပ်မလဲ။

ဦးဖေသန်း – အဓိကတော့ စစ်ကောင်စီက ဘာပဲပြောပြော နိုင်ငံတော်ရဲ့ အစိုးရလည်းဖြစ်တယ်၊ အစဉ်အဆက် အာဏာကို ရယူခဲ့တဲ့ အဖွဲ့အစည်းလည်းဖြစ်တယ်။ သူတို့ဘက်က တကယ်တမ်းဆန္ဒရှိရင်တော့ ဆွေးနွေးပွဲတွေ လုပ်ဖို့ လိုတာပေါ့။ ဆွေးနွေးပွဲလုပ်တဲ့အခါမှာလည်း တစ်ဖက်က ဘာလိုချင်လဲဆိုတာ သဘောပေါက်ဖို့လိုတယ်။ မာရေကျောရေနဲ့ အပေါ်စီးက ဟိုကထွက်ပေးရမယ်တို့၊ ဒီက နောက်ဆုတ်ပေးရမှာတို့၊ ဘာမှ မဆွေးနွေးရသေးဘဲ ကြိုတင်ပြီးတော့ အဲ့ဒီလိုသတ်မှတ်တာမျိုးမလုပ်ဘဲ ကိုယ့်ဘက်က ရိုးရိုးသားသားနဲ့ ဆွေးနွေးရအောင်၊ မင်းတို့လိုချင်တာဘာရှိလဲပြောပေါ့။ အဲ့ဒီလို ခြေလှမ်းကောင်းကောင်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ကြားဝင်မှုနဲ့ဆို ဆွေးနွေးပွဲဖြစ်လာနိုင်ပါတယ်။ အဲ့ဒီလိုမဟုတ်ဘဲ သူတို့ဘက်က ကြိုတင်သတ်မှတ်ချက်တွေ၊ တောင်းဆိုချက်တွေ မပါဖို့တော့လိုတယ်။ ညှိနှိုင်းပြီးမှ ဒါတွေ ဖြစ်လာမယ်ဆိုရင်တော့ အတိုင်းအတာတစ်ခုအထိတော့ တိုက်ပွဲတွေဟာ တဖြည်းဖြည်း ရပ်တန့်သွားနိုင်တာပေါ့။ ဒီဘက်က ဘာလိုချင်လဲ၊ သူတို့က ဘယ်လောက်ထိပေးနိုင်လဲဆိုတာကိုတော့ စကားပြောကြရမှာပေါ့။ ကွန်ဖက်ဒရေးရှင်းလိုချင်လား၊ ပေးနိုင်လား၊ မပေးနိုင်ရင် ဖက်ဒရယ်ဆိုရင်ရော ဘယ်လောက်မော်ဒယ်မြင့်မြင့် ပေးနိုင်လဲ။ ရခိုင်ဒေသကို အထူးဒေသပုံစံမျိုး ဘယ်လိုအခွင့်အရေးတွေ ပေးနိုင်လဲပေါ့။ အဲ့ဒီလိုမျိုး သီးသန့် ဆွေးနွေးနိုင်ဖို့ လိုတယ်။ မစို့မပို့ နဲ့ပဲ အရင်ကလိုမျိုးလုပ်ရင်တော့ ဒီအချိန်မှာ သူတို့အင်အား(ULA/AA) နဲ့ သူတို့မျှော်လင့်ချက် ဘယ်လိုမှ မကိုက်ညီတော့ဘူး။ ဒါကြောင့် ရိုးသားဖို့လိုတယ်။ စေတနာ ရက်ရောဖို့လိုတယ်။ ပြည်ထောင်စုဆိုတဲ့ စိတ်ဓါတ်မျိုး တိုင်းရင်းသားတွေမှာ ဖြစ်ပေါ်လာအောင် သူတို့ဘက်က အလုပ်လုပ်ဖို့ လိုတယ်။ ၇၅ နှစ် တိုင်တိုင် တိုင်းရင်းသားတွေက ငါတို့ပြည်ထောင်စု၊ ငါတို့ညီအစ်ကိုတွေလို့ အဲ့ဒီလိုစိတ်မရောက်ခဲ့တဲ့အတွက် ဒီနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်နေတာဖြစ်တယ်။ အဲ့ဒါကလည်း ဘယ်သူမပြု၊ မိမိမှုပေါ့။ ၇၅ နှစ်လုံးလုံး အဲ့ဒါကို သက်သေမပြနိုင်ခဲ့ဘူး။ တိုင်းရင်းသားတွေအတွက် ဒုံရင်းက ဒုံရင်းပဲ။ ပိုပြီးတော့ ဆိုးလာတယ်။ ရခိုင်ဒေသက ရေခံမြေခံ ကောင်းပါလျက်နဲ့ အဆင်းရဲဆုံး ပြည်နယ်ဘဝကို ရောက်နေတယ်။ အဲ့ဒါတွေကို ပြန်ပြီးတော့ လွတ်ကင်းဖို့အတွက် အုပ်ချုပ်မှု အတိုင်းအတာတစ်ခုကို လိုချင်တယ်။ ULA/AA အနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ဆိုတဲ့ အခွင့်အရေးတွေ လိုချင်တယ်။ အဲ့ဒါမျိုးကို ပေးနိုင်မယ်ဆိုရင် ဒါက သဘောတူညီချက်တစ်ခုခု ဒါမှမဟုတ် အပစ်အခတ် ရပ်စဲရေးတစ်ခုခု ဖြစ်လာမယ်လို့ ထင်ပါတယ်။

ဓာတ်ပုံ – ဦးဖေသန်း Facebook

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."