ကျော်ဇေယျ
ရန်ကုန်-၂၀၂၀ မတ် ၂၄(မော်ကွန်း)
ရန်ကုန်တိုင်းအတွင်းက အဆင်မြင့်တက္ကသိုလ်စာမေးပွဲတွေကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းမှာဖြစ်ကြောင်းနဲ့ ဆေး တက္ကသိုလ်-၂ အပါအဝင် သူနာပြုသင်တန်းကျောင်းလည်း ပိတ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက သူ့ရဲ့ သီးသန့်လူမှုကွန်ယက်အကောင့်ကနေ အသိပေးထားပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်လို့ မကြာခင် တရားဝင်စာတွေ ထုတ်ပြန်သွားမယ်လို့ ဒီနေ့ မနက် ၇ နာရီခွဲ ဝန်းကျင်မှာ ဝန်ကြီးက အသိပေးထားတာပါ။
လက်ရှိမှာ ဝန်ကြီးဟာ ကိုယ်တိုင်အသွားအလာအကန့်အသတ်(Self-quantine) ပြုလုပ်နေသူဖြစ်ပြီး မတ်လ ၂၂ တုန်းက သူကွင်းဆင်းခဲ့တဲ့ လှည်းကူးမြို့နယ်မှာရှိတဲ့ ပြည်ပကနေပြန်လာသူတွေကို ကန့်သတ်ထားရာနေရာမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးမှာ ကိုဗစ်-၁၉ ဗိုင်းရပ်ပိုး တွေ့ရှိခဲ့တာကြောင့် အခုလို ကိုယ်တိုင်လုပ်ဆောင်နေတာဖြစ်ပါတယ်။
မတ်လ ၂၂ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ မရှိခဲ့ပေမယ့် မနေ့ည ၁၁ နာရီ မှာ ထုတ်ပြန်တဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ မတ်လ ၁၃ ရက်နဲ့ ၂၂ တွေတုန်းက အမေရိကန်နိုင်ငံ နဲ့ အင်္ဂလန်နိုင်ငံတွေက ပြန်လာသူ အမျိုးသားနှစ်ဦးမှာ ဒီရောဂါပိုး ကူူးစက်ခံထားရတာတွေ့ရှိရတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။
#Dailynews