ညံ့သော၊ မညံ့သောမြန်မာ

ညံ့သော၊ မညံ့သောမြန်မာ

 (၁)

ညံ့တာ မကောင်းဘူး။ မညံ့တာ ကောင်းတယ်။ ညံ့ရင် ဖျင်းလေ့ ရှိတော့ ညံ့ကို ဖျင်းနဲ့ တွဲသုံးလိုက်လို့ ညံ့ဖျင်း ဖြစ်သွားတယ်။ အရည်အချင်းကို တိုင်းတာတဲ့ စံအဖြစ် ကောင်း၊ သင့်၊ ညံ့ကို သုံးကြတယ်။ ကောင်းက ၁၊ သင့်က ၂၊ ညံ့က ၃ ပေါ့။ ဖတ်စ်၊ စက္ကင်း၊ သ့ဒ်။

အားလုံးကောင်းပါသည် ခင်ဗျာ။ ဒို့ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ။ ဒို့ခေတ်ကျမှ ညံ့ကြရတော့မှာလား။ တက်ခေတ်။ ဗမာ့ခေတ်။ မြန်မာ့ခေတ်။ သာကီမျိုးဟေ့ ဒို့ဗမာ။ လူကောင်းလူတော် ဒို့ရည်မျှော်။ မတစ်ထောင် တစ်ကောင်ဘွား။ အကြံတူ နောက်လူသာစမြဲ။ လူမိုက်နောက်မှ အကြံရ။ လှေခွက်ချည်းကျန် အလံမလှဲ။ နေသေးသပ ချုံထဲက ချိုသွေး တမြမြ။ ပုဆိုးခြုံထဲက လက်သီးပြ။ ရှင်ဘုရင်ဖြစ်မယ့်သူ သျှောင်ကလေးနဲ့။ မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား။ ကံနဲ့ လူ မပူနဲ့။ ကုသိုလ်ကံပေး မရသေး နှောင်းနှေးဗျာပါ မရှိရာ။ အချိန်တန်ရင် နွားပိန်ကန်လိမ့်မယ်။ ဝမရှိဘဲ ဝိမလုပ်ချင်နဲ့။ ကြိုးစားက ဘုရားဖြစ်။ လုံ့လနှင့် ဇွဲမလျှော့ဘဲ အမြဲတင်းတင်းထား။ ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်။ ယောကျ်ားတံခွန် လူရည်ချွန်က ကောင်းကင်တမွတ်ကြယ်ကို ဆွတ်လည်း မလွတ်စတမ်း ရမြဲလမ်းတည့်။ စိုးပါနဲ့ မေရယ် မိုးကြယ်မို့လား သည်တောင်ကို မောင်ဖြိုပါ့မယ် မြင်းမိုရ်မို့လား။ မြေအုတ်တို့ ပြိုလေရာ ကျောက်အုတ်ဖြင့် တည်ဆောက်အံ့။ ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်မည်။ ကြောက်ရင် လွဲ ရဲ မင်းဖြစ်။ အလုပ်မရှိ၊ ထမင်းမရှိ။ အလုပ်ဟူသမျှ ဂုဏ်ရှိစွ။ ရူးမှ ထူးသည်။ ဉာဏ်ကောင်းတော့ တစ်သက် အကြံကောင်းတော့ တစ်ချက်။ အချိန်နှင့် ဒီရေသည် လူကို မစောင့်။ စိတ်ကို စိတ်အတိုင်းထား အာရုံနဲ့ မရောစေနဲ့၊ ဦးတည်ချက်ကို နှလုံးသွင်း။

(၂)

ကံ ဉာဏ် ဝီရိယ။ ကံကိစ္စ၊ ဉာဏ်ကိစ္စနှင့် ဝီရိယကိစ္စ။ အောင်မြင်မှု၊ ထင်ရှားမှု၊ ကျော်ကြားမှု၊ ကြွယ်ဝမှု၊ ကျရှုံးမှု၊ မှေးမှိန်မှု၊ ငုပ်လျှိုးမှု၊ ဆင်းရဲမွဲတေမှု၊ လောကဓံရှစ်ပါး။ ‘အောင်မြင်ခြင်းဆိုတာ ကျရှုံး ခြင်း ၉၉ ရာခိုင်နှုန်း ပါဝင်သော အရာဖြစ်သည်’ (အိုင်စတိုင်း)။ ရိုးရိုးကျင့် မြင့်မြင့်ကြံ။ ကြွေတစ်လက် ကြက်တစ်ခုန်၊ လှံထမ်းလာတာ မြင်ရပေမယ့် ကံထမ်းလာတာကို မမြင်နိုင်။ လူမင်း ဘုန်းကြီး နတ်မင်း မနေသာ။ ကံသာ အမိ၊ ကံသာ အဖ၊ သားရွှေအိုးထမ်းလာ တဲ့ကိန်း။ နဂါးနီတန်ခိုးနဲ့ အမျိုးဂုဏ်တက်စေမည်။ ဟစ်ကြွေးသံ၊ အဆိုအမိန့်။ ဆောင်ပုဒ်။ ဆုံးမစာ။ ဓမ္မစကား၊ ပညာပေး။ အောင်မြင်ရေး၊ ကြီးပွားရေး၊ ချမ်းသာရေး၊ လူတလုံး သူတလုံးဖြစ်ရေး၊ ခေတ်မီဖွံ့ဖြိုးတဲ့ နိုင်ငံတော်အသစ်။ လူ့စွမ်းအားရင်းမြစ်။ အိုင်တီခေတ်။ ပညာခေတ်။ ကမ္ဘာပြားပြီ။ တစ်ကမ္ဘာ တစ်ရွာမှတ်ပါလို့။ ဉာဏ်ကြီးသူသာ လွှမ်းမိုးရ။ တော်သူနေ မတော်သူသေ။ တံငါနားနီး တံငါ။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ။ ရောမမြို့ကြီးကို တစ်နေ့တည်းနဲ့ မတည်ဆောက်နိုင်။ လိုလျှင်ကြံဆ နည်းလမ်းရ။

(၃)

စာအုပ်အမည်။ မြန်မာတွေ မညံ့ပါဘူး။ စာရေးသူ ဟန်စိုး။ဤနာမည်ကို ကြည့်ပါ၊ အဝေးက မြင်နိုင်ပါသည်။ ‘မြန်…မာ…တွေ…မ…ညံ့…ပါ…ဘူး’။

မညံ့သော မြန်မာတို့အကြောင်းကို သိစေလိုသောဆန္ဒဖြင့် ဆရာဟန်စိုးက လုံ့လထုတ် ပြုလုပ်ထားသည်။ သူသန်ရာသန်ရာဖြင့် နိုင်ငံတော်အစီအစဉ်ကို ဖော်ဆောင်သည်။ ရန်ကုန် ၃၅ လမ်း ပဉ္စဂံမှ ပထမအကြိမ် အုပ်ရေ ၁ဝဝဝ ကို ၂ဝ၁၇၊ ဇူလိုင်လ၌ ထုတ်ဝေသည်။ တန်ဖိုး ၂ဝဝဝ။ ကာဗာတင်ထွဏ်း၊ စာကြည့်တိုက်အညွှန်း ဝ၉၂.၇။ စာရေးသူက တိုင်းတစ်ပါးတွင် ရှေ့တန်းရောက်နေကြသော မြန်မာတို့ကို ချဉ်းကပ်ပြီး How & Why မေးခွန်းများဖြင့် တန်ဆာဆင်ထားသည်။ မညံ့သော မြန်မာများအဖြစ် ပရော်ဖက်ဆာ ဒေါက်တာစောဝေလှ။ ဒေါက်တာပဒေသာတင်။ ဒေါက်တာစိုးမောင်လေး။ Mr. Lee Pit Teong ။ ဖိလစ်မောင်။ သန်းဝေအောင်။ စတီဗင်ဦး။ အိုင်ရင်းနုနတ်ခ်။ ဒေါက်တာမိုးဇော်ဝင်း။ Elima Tay ။ အေဒရီယံဇော်။ ဇာနည်ထူးထူး။ ဇော်ဇော်ဦး။အဲလ်ဘတ်အောင်အောင်။ Kler Heh ။ ကိုထိန်လင်း၊ ကိုမျိုးထွန်း၊ ကိုခင်မောင်လတ် အပါအဝင် အခြားသော စွမ်းဆောင်ရှင်များ၏ ဇွဲလုံ့လဝီရိယနှင့် သူတို့လျှောက်လှမ်းခဲ့ရာ လမ်းကြောင်းတို့ကို ခြေရာခံ ထုတ်ဖော်ထားသည်။ အကြောင်းရှိသဖြင့် အကျိုးပေါ်ပုံကို ထင်ရှားစေသည်။

အားကျရန် အကြောင်းများ။ အတုယူရန် အချက်အလက်များ၊ လိုက်နာရန် စံနမူနာများ။ မှီငြမ်းရန် အထောက်အထားများ။ သတိပြုရန် နည်းနာများဖြင့် မြန်မာလူငယ်လူရွယ်လူကြီးတို့ကို တပ်လှန့်ထားသည်။ လိုတိုရှင်းရေးသားသည်၌ ထပ်ဆင့်၍ ဇာတ်လမ်းအသွင် တင်ဆက်မှုဖြင့်လည်း ဆွဲဆောင်ထားသည်။ ဒေါက်တာစောဝေလှသည် ထူးခြားသော နာနိုတက္ကနိုလိုဂျီတစ်ယောက်အဖြစ် ကမ္ဘာ့ထိပ်သီးပညာရှင် ဖြစ်နေသလို ဒေါက်တာပဒေသာတင်ကလည်း NASA တွင် အရေးပါသော Senior Scientist တစ်ယောက်ဖြစ်သည်။

ဖက်ရှင်ဒီဇိုင်နာ။ အားကစားအကျော်အမော်။ ဆရာဝန်။ လုပ်ငန်းရှင်။ အင်ဂျင်နီယာ။ အနုပညာရှင် အစရှိသော ကမ္ဘာအရပ်ရပ်မှ မညံ့သော မြန်မာတို့၏ တန်ဖိုးကို စာရေးသူ ဟန်စိုးက ‘မြန်…မာ… တွေ…မ…ညံ့…ပါ…ဘူး…’ ဟု ကမ္ပည်းတင်သည်။ ဖတ်ရသမျှ အဝဝမှာ စိတ်ဝင်စားစရာချည်း ဖြစ်သည်။ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့ကို ဆက်စပ်၍လည်း ရသည်။

(၄)

‘….. မွေးတုန်းက ဆင်းဆင်းရဲရဲနဲ့ လူ့ဘဝထဲ ရောက်ခဲ့ရတယ်ဆိုရင် အဲဒါဟာ ခင်ဗျားအပြစ် မဟုတ်ပါဘူး။ ဒါပေမဲ့ သေတဲ့အခါ ဆင်းဆင်းရဲရဲနဲ့ သေရမယ်ဆိုရင်တော့ အဲဒါဟာ ခင်ဗျားအပြစ်ပဲ’

(Bill Gates)

အရပ်သားအစိုးရလက်အောက် ရောက်လာချိန်၊ အစစအရာရာ ပြုပြင်ပြောင်းလဲရန် အားထုတ်နေချိန်၊ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရောက်အောင် ကြိုးပမ်းနေသည့် အခိုက်အတန့်၊ တစ်စိတ်တည်း တစ်ဝမ်းတည်း လူသစ်တည် ပြည်သစ်ဆောက်ရမည့်ကာလ၌ မြန်မာတွေ မညံ့ကြောင်းကို လက်ခမောင်းခတ်ပြပြီး ခါးတောင်းကျိုက်မဖြုတ်ဘဲ အားသွန်ရုန်းကန်ရမည့် အနေအထားတွင် ဤသို့သော အားတက်ဖွယ်၊ အားကျဖွယ်၊ အားရဖွယ်၊ အားကောင်းမောင်းသန် မညံ့သည့် မြန်မာများကို လှစ်ဟဖော်ပြသည့် ဆရာဟန်စိုး၏ ‘မြန်မာတွေ မညံ့ပါဘူး’ကို အညံ့မခံလိုသော နှလုံးသားရှိသူတိုင်းအတွက် ရည်ညွှန်းတင်ဆက်လိုက်ရသည်ဖြစ်၏။

၂၀၁၇-သြဂုတ်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၉)မှ စာအုပ်အညွှန်း ဖြစ်ပါသည်။

သင့်နော် ရေးသည်။

အမျိုးအစား - စာအုပ်အညွှန်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."