၂၀၁၄၊ဇွန်လိုင်-သြဂတ်ထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၅) စာအုပ်စင်ကဏ္ဍမှ စာအုပ်အညွှန်းြဖစ်ပါသည်။
ဝေလင်းရေးသည်။
တစ်ရက်က သတင်းစာဆရာ အစ်ကိုတစ်ယောက်နှင့်တွေ့ကာ ထွေရာလေးပါ ပြောဖြစ်ကြသည်။ စကားပြောနေရင်း သူက”အခု စာအုပ်တစ်အုပ်ထွက်တာ တော်တော်ကောင်းတယ်။ ဖတ်သင့်တယ်”ဟု ဆိုလိုက်၏။ ”ဘာစာအုပ်လဲ”လို့ မေးလိုက်တော့သူက ”ခေတ်သစ်တရုတ်-မြန်မာဆက်ဆံရေးဆိုတဲ့စာအုပ်။ ဘာသာပြန်စာအုပ်ပဲ။ အချက်အလက် အကိုးအကားပြည့်ပြည့်စုံစုံနဲ့ရေးထားတာ”ဟုဆိုသည်။နောက်ဆုံးသူမှတ်ချက်ပြုသည့်စကားကြိုကားတော့ကျွန်တော့စိတ်ထဲစာအုပ်ကို အခုချက်ချင်း ဝယ်လိုသည့်စိတ်ပင် ပေါက်သွားသည်။ သူက ”တော်တော်တန်ဖိုးရှိတဲ့စာအုပ်၊ အိပ်ရာဘေးမှာတောင် ထားပြီးဖတ်သင့်တယ်”ဟု မှတ်ချက်ပြုသည်။
ထို့ကြောင့် ကျွန်တော်သည် ညနေအိမ်အပြန်လမ်းတွင် စာအုပ်ဆိုင်တစ်ဆိုင်သို့ ဝင်၍ မေးကြည့်လိုက်သေးသည်။ သို့သော်ဆိုင်တွင် ထိုစာအုပ်မရှိ။ နောက်ရက် အလုပ်သို့ရောက်သောအခါရုံးမှ ဝန်ထမ်းတစ်ဦးက သွားဝယ်ပေးသည်။စာအုပ်မှာ ဆိုဒ်ကြီးဖြစ်ပြီး အနည်းငယ်ထူသည်။ ဝါစိမ်းနီပြာရောင်စုံနောက်ခံ မျက်နှာဖုံးပေါ်တွင် အဖြူရောင်စာလုံးဖြင့်’ခေတ်သစ် တရုတ်-မြန်မာဆက်ဆံရေး’ဟု ရေးသားထားသည်။David I. Steinberg နှင့် Hongwei Fan တို့နှစ်ဦးရေးသားထားသော Modern China-Myanmar Relations စာအုပ်ကို စိန်ဝင်းစိန်က ဘာသာပြန်ထားခြင်းဖြစ်သည်။
ကျွန်တော်သည် စာအုပ်မျက်နှာဖုံးကို ကြည့်ပြီးနောက်ကျောဘက်သို့ကြည့်လိုက်ရာ နောက်ကျောဖုံးတွင် ”မြန်မာဟာတရုတ်ရဲ့ ဆွေမျိုးရင်းချာမဟာမိတ်လား။ တရုတ်ရဲ့ မဟာဗျူဟာနယ်ရုပ်တစ်ရုပ်လား။ ကာလရှည်ကြာပေါင်းသင်း လာခြဲ့ကသည့ ်မြန်မာနှင့် တရုတ် စာရင်းချုပ်လိုက်တော့ ဘယ်သူက အကျိုးယုတ်ပြီး ဘယ်သူက အကျိုးရှိခဲ့သလဲ။ မြန်မာက တရုတ်ကို ဘာတွေပေးခဲ့ရပြီး ဘာတွေ ပြန်ရခဲ့သလဲ။ မြန်မာက တရုတ်နှင့် ဆက်ဆံရာတွင် ဘယ်လိုမူနဲ့ စခန်းသွားတာ ကိုယ့်အတွက် အကောင်းဆုံးဖြစ်မလဲ။ နိုင်ငံရေးစိတ်ဝင်စားသူများ၊ နိုင်ငံ့အရေးကို ထဲထဲဝင်ဝင် ဆောင်ရွက်နေသူများ၊ နိုင်ငံ့အရေးကို လေ့လာဆည်းပူးနေရသူများအတွက် မဖတ်မဖြစ်စာအုပ်”ဟု ညွှန်းဆိုထားသည်မှာက စိတ်ဝင်စားစရာ။
မြန်မာနိုင်ငံသည် လူဦးရေ သန်းထောင်နှင့်ချီသော နိုင်ငံကြီးနှစ်နိုင်ငံကြားတွင် တည်၍နေသည်။ နိုင်ငံ၏တည်ရှိမှု ပထဝီအနေအထားသည် စီးပွားရေးအရရော၊ နိုင်ငံရေးအရပါ အချက်အချာကြသည်ဟု ဆိုရမည်။ သဘာဝသယံဇာတထွက်ရှိမှုကိုထောက်ရှုကြည့်မည်ဆိုပါကလည်း စွမ်းအင်လိုအပ်နေသောကမ္ဘာကြီးအတွက်တော့ မျက်စိကျစရာဖြစ်သည်။သို့သော် လွတ်လပ်ရေးနှင့်အတူ ပါလာသည့် လက်နက်ကိုင်တိုင်းရင်းသားပြဿနာများ၊ စစ်အုပ်ချုပ်ရေးစနစ်နှင့် ဒီမိုကရေစီတိုက်ပွဲများက မတည်ငြိမ်မှုနှင့်အတူ မရေရာမှုတွေကိုပါဆောင်ကြဉ်းလာခဲ့ရာ ဆိုခဲ့ပါ မျက်စိကျစရာတို့သည်က သူ့ပြဿနာနှင့်သူမို့ ထင်သလောက် ရယူနိုင်ဖို့က မလွယ်။မြန်မာပြည်အနေနဲ့ကလည်း တကယ့်ကို ဆင်နှစ်ကောင်ကြားတွင် အိပ်ရသူအလားပင်။ မိမိက အနေအထိုင်မတတ်လျှင်ဖြစ်စေ၊ တစ်ဖက်ဖက်က အနည်းငယ်လှုပ်ရုံမျှဖြစ်စေ ဒုက္ခရောက်သွားနိုင်သည့်အခြေအနေ။ သို့သော် မိမိတွင်ရှိသည့် ရေခံ၊ မြေခံကောင်းများကို ကိုင်ထားပြီး စူပါပါဝါနိုင်ငံကြီးများ ခေါင်းညိတ်လာအောင်၊ ပျော့ကျသွားအောင် လုပ်နိုင်သည့်အစွမ်းကလည်းရှိနေပြန်သည်။
ဥပမာအားဖြင့် မဝေးသေးသော စစ်အစိုးရအုပ်ချုပ်ခဲ့စဉ်ကာလများကို ပြန်ကြည့်မည်ဆိုပါက မြန်မာအစိုးရသည် နိုင်ငံတကာ၏ ပိတ်ဆို့ခြင်း၊ အဖက်မလုပ်ခြင်း၊ အသိအမှတ်မပြုခြင်းတို့ခံခဲ့ရသည်။ ယင်းအချိန်များတွင် မြန်မာအစိုးရကို အကာအကွယ်ပေးထောက်ခံပြီး ရင်းရင်းနှီးနှီးအဖက်လုပ်ဆက်ဆံသည့် နိုင်ငံဟူ၍ စူပါပါဝါ တရုတ်နိုင်ငံကသာ အဓိကဖြစ်ခဲ့သည်။ ကုလသမဂ ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံအပေါ် အရေးယူမည့် ဆုံးဖြတ်ချက်များကိုပင် တရုတ်နှင့် ရုရှားက ဗီတိုအာဏာဖြင့် အကြိမ်ကြိမ်ပယ်ချကာ အကာအကွယ်ပေးခဲ့သည်။
အပြန်အလှန်အားဖြင့်လည်း တရုတ်နိုင်ငံ၏ စီးပွားရေးဆိုင်ရာ မဟာဗျူဟာရရှိရန်၊ စွမ်းအင်လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက်လည်း မြန်မာနိုင်ငံက တရုတ်ကို အာမခံချက်ပေးထားသည့်နှယ် ဖြစ်နေပြန်သည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ကျောက်ဖြူရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်း၊ မြစ်ဆုံရေကာတာစီမံကိန်း၊ လက်ပံတောင်းကြေးနီစီမံကိန်း စသည်တို့သည်မြန်မာနိုင်ငံတွင် ကြီးကြီးမားမားရင်းနှီးထားသည့် တရုတ်၏ စီမံကိန်းကြီးများပင်ဖြစ်သည်။သို့သော် ၂ဝ၁ဝခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်း အလဲမ ျားကြောင့ ် မြန်မာနိူင်ငံ၏ံ နိူင်ငံခြားဆက်ဆံရေးပုံစံသည် မျက်နှာစာများ ပွင့်လာသည်။
ယခင်လို တစ်ခုတည်းသဘောကို မဆောင်တော့။ မြန်မာနိုင်ငံရှိ တရုတ်၏ စီမံကိန်းကြီးများသည် မြန်မာပြည်သူတို့၏ ရွံ့မုန်းစရာများအဖြစ် ကန့်ကွက်ခံလာရသည်။ ထိုကြောင့် တရုတ်အတွက် မြန်မာနိုင်ငံ၏အာမခံချက်ပေးထားနိုင်မှုများသည်လည်း မရေမရာနှင့် ဝေဝါးလာတော့သည်။ ထိုအခါ တရုတ်-မြန်မာဆက်ဆံရေးသည်လည်း မေးခွန်းထုတ်စရာဖြစ်လာသည်။
အထက်ပါ အခြေအနေများကို ခေတ်သစ် တရုတ်-မြန်မာဆက်ဆံရေးစာအုပ်တွင် စာမျက်နှာလေးရာကျော်ကို အပိုင်းလေးပိုင်းခွဲကာ အချက်အလက်ပြည့်ပြည့်စုံစုံဖြင့် ရေးသားသုံးသပ်ထားသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကာလ တရုတ်မြန်မာဆက်ဆံရေး၊မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တရုတ်-မြန်မာဆက်ဆံရေး၊ န.ဝ.တ၊ န.အ.ဖ လက်ထက် တရုတ်မြန်မာဆက်ဆံရေးနှင့် လက်ရှိမျက်မှောက် တရုတ်-မြန်မာ ဆက်ဆံရေးတို့ကို မျဉ်းပြိုင်ဆွဲကြည့်သလို ဖတ်ရှုရမည်ဖြစ်သည်။
အထက်ပါ တရုတ်-မြန်မာ ဆက်ဆံရေးသဘောတွင် နိုင်ငံနှစ်နိုင်ငံကြား အကျိုးစီးပွားများအတွက် နိုင်ငံရေး၊ စီးပွားရေး၊ယဉ်ကျေးမှု၊ အနုပညာ၊ အားကစားနှင့် ဘာသာရေးဆိုင်ရာဆက်ဆံကြသည့် နိုင်ငံခြားရေးဆက်ဆံမှုသဘောကိုပါ လေ့လာဖတ်ရှုရမည်ဖြစ်သည်။အဆိုပါ စာအုပ်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်တရုတ်-မြန်မာဆက်ဆံရေးအခြေအနေက ို ဖော်ပြရာတွင် ”မြန ်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို အသိအမှတ်ပြုသည့်ဆိုရှယ်လစ်မဟုတ်သော ပထမဆုံးနိုင်ငံဖြစ်သော်လည်း ဤကောင်းမွန်သော အစပြုမှုသည် အလျင်အမြန် ဖွံ့ဖြိုးလာခဲ့ခြင်းတော့ မဟုတ်။
အမှန်တော့ အဲဒါနှင့် တခြားစီပါ။ တရုတ်-မြန်မာဆက်ဆံရေးသည် မယုတ်မလွန် တိုးသာဆုတ်သာ အခြေအနေမျိုးဖြစ်သည်။ အလွန်မတန် အေးတိအေးစက်နိုင်သော ဆက်ဆံရေးမျိုးဖြစ်သည်။ နှစ်ဖက်စလုံးက နိုင်ငံရေးအရ သံသယဖြစ်နေကြ။ မယုံကြည်နိုင်ကြ။ မြန်မာသည် နယ်ချဲ့နိုင်ငံများ၏ အောက်ဆွဲဟု တရုတ်က မြင်သည်။ တရုတ်သည် မြန်မာနိုင်ငံကို ကျူးကျော်ဝင်ရောက်နိုင်ခြေရှိသည်ဟု မြန်မာက ပူပန်ကြောင့်ကြဖြစ်နေသည်။
ထို့ကြောင့် အနောက်နှင့် တရုတ်အကြား ဆက်ဆံရေးကို သတိကြီးစွာထားပြီး ချိန်ခွင်လျှာမတိမ်းမစောင်းရအောင်ဆောင်ရွက်နေရသည်”ဟု ဆိုထားသည်။မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး မြန်မာပြည်သို့ရောက်လာသည်နှင့် ပတ်သက်၍လည်း မြန်မာသတင်းစာများသည် လှိုက်လဲပျူငှာခြင်းမရှိသည့်အပြင် မြန်မာပြည်ရှိ တရုတ်များ၏ သဘောထားအပေါ် ခပ်ဆတ်ဆတ်ပင် ဝေဖန်လိုက်သေးဟု တရုတ်-မြန်မာ ကနဦးအစ ဆက်ဆံရေးကိုဖော်ပြထားသည်။
အဆိုပါ ကနဦးဆက်ဆံရေး၌ပင် တရုတ်ကိုကြောက်ရသည့်အကြောင်း ဦးနုအပါအဝင် အစိုးရလူကြီးတော်တော်များများကတရုတ်ခေါင်းဆောင်များအား လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့သည့် မှတ်တမ်းများကိုလည်း တွေ့မြင်ရမည်ဖြစ်သည်။တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံကြားဆက်ဆံရေး တိုးမြှင့်နိုင်ရန် ဘာသာရေးအရ ဆက်ဆံကြသည်မှာလည်း ထူးခြားသည့်လက္ခဏာတစ်ခုပင်ဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ ဖော်ပြထားရာတွင် ”၁၉၅၅၊ အောက်တိုဘာတွင် ဗုဒ္ဓမြတ်စွယ်တော်ကိုတရုတ်မှ ပင့်ဆောင်ပြီး မြန်မာပြည်တွင် အပူဇော်ခံခဲ့ရာ နှစ်နိုင်ငံချစ်ကြည်မှုကို တိုးပွားစေခဲ့သည်။ ဗုဒ္ဓမြတ်စွယ်တော် ရန်ကုန်သို့ဆိုက်ရောက်စဉ် သမ္မတ၊ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး၊အစိုးရနှင့် စစ်ဘက်မှ ထိပ်ပိုင်းပုဂ္ဂိုလ်များ၊ ဂုဏ်ပြုတပ်ဖွဲ့ဝင်များနှင့် နိုင်ငံခြားသံရုံးအသီးသီးမှ သံတမန်များက လေဆိပ်တွင်ခြိမ့်ခြိမ့်သဲသဲကြိုဆိုကြ။
လေဆိပ်မှသည် ရန်ကုန်မြို့လယ်ကောင်သို့ ဗုဒ္ဓမြတ်စွယ်တော်ကို ပင့်ဆောင်လာရာလမ်းတစ်လျှောက်တွင် မြို့သူမြို့သားများက ပူဇော်ကော်ရော်ကြ”ဟု ဖော်ပြထားသည်။တရုတ်သည် မြန်မာအစိုးရနှင့် မြန်မာပြည်သူတို့ ၎င်းအပေါ် အမြင်ကြည်လင်စေရန်နှင့် ကောင်းမွန်သည့် ဆက်ဆံရေးတည်ဆောက်ရန်အတွက်လည်း ဗုဒ္ဓမြတ်စွယ်တော် အပူဇော်ခံခြင်းနည်းဖြင့်လည်း ဆောက်ရွက်တတ်သည့် သဘောရှိနေသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံတွင် တရုတ်-မြန်မာ အဓိကရုဏ်းတစ်ခု တစ်နိုင်ငံလုံးအတိုင်းအတာအထိ ဖြစ်ခဲ့ဖူးသည်။ အဆိုပါ အဓိကရုဏ်းတွင် လူသေဆုံးသည်အထိ ပြင်းထန်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးသည်လည်း တင်းမာသည့်အခြေအနေသ့ိ ု ရောက်ရှိသွား ခဲ့သည်။အဆိုပါအကြောင်းအရာစတင်ဖြစ်ပွားရခြင်းနှင့်ဖြစ်ပွားခဲ့သည့်ည့်အသေးစိတ်အချက်အလက်တို့ကို ခေတ်သစ်တရုတ်-မြန်မာဆက်ဆံရေးစာအုပ်တွင် ဖော်ပြထားရာ ၎င်းတို့အနက်မှ တစ်ပိုဒ်ကို ဖော်ပြရမည်ဆိုလျှင် ”ဇွန် ၂၆၊ မွန်းလွဲ ၁းဝဝ နာရီတွင် လူတစ်ထောင်ကျော်တို့က တရုတ်သံရုံးကို ဝိုင်းဝန်းပြီး ခဲများဖြင့်ပစ်ပေါက်ကြသည်။
ည ၈းဝဝ နာရီတွင် အုပ်စုနှစ်ခုက သံရုံးကိုဆက်လက်တိုက်ခိုက်ပြီး တရုတ်အမျိုးသားအမှတ်တံဆိပ်ကိုဖြုတ်ယူသွားသည်။ ထိုအချိန် တရုတ်သသံရုံးကိုစောက်ရှောက်ရန်တာဝန်ရှိသည့် ရဲများသည် ရပ်ကြည့်နေကြ၏။ သို့မဟုတ် နေရာတွင်မရှိကြ။ ဇွန် ၂၇ တွင် တရုတ်ပြည်သစ်သတင်းအေဂျင်စီရုံး၊တရုတ်မြို့ပြလေကြောင်းဌာနနှင့် တရုတ်သံရုံးမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကောင်စစ်ဝန်ရုံးတို့ကို ခြောက်ကြိမ်တိုက်ခိုက်ပြီး ပစ္စည်းများကို မီးတင်ရှို့သွားကြ။ လူနှစ်ထောင်ကျော်ပါသော လူအုပ်ကြီးက တတိယအကြိမ်မြောက် တိုက်ခိုက်ကြပြန်ပြီး သံရုံးအတွင်းသို့ ကျူးကျော်ဝင်ရောက်ကာ လျူယီအမည်ရှိ တရုတ်လူမျိုးကျွမ်းကျင်သူတစ်ယောက်ကို သတ်ဖြတ်ပစ်လိုက်ကြသည်”ဟူ၏။
သို့ဖြင့် တရုတ်-မြန်မာဆက်ဆံရေးသည် ပျားရည်ဆမ်းကာလများလည်းရှိခဲ့သည်။ မုန်တိုင်းလည်း ထန်ခဲ့သည်။ လေပြေလေအေးလေးများတိုက်ခတ်ကာ သာသာယာယာလည်း ဖြစ်ခဲ့သည်။ တဖန် မိုးမှောင်ကျသည့်အခါလည်း ရှိခဲ့သည်။ဆိုရလျှင် ၁၉၈၈ခုနှစ် နောက်ပိုင်းကာလများတွင် တရုတ်မြန်မာဆက်ဆံရေးသည် အစ်ကိုကြီး၊ ညီလေး ဆက်ဆံရေးသဘော အသွင်ဆောင်ခဲ့သည်ဟုဆိုက မှားမည်မဟုတ်။ နှစ်နိုင်ငံခြားကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုတို့ တိုးမြှင့်နိုင်ခဲ့ကြသည်။မြန်မာနိုင်ငံတွင် တရုတ်က ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့သည်ဟုဆိုက ပို၍ မှန်နိုင်မည်။ ယင်းသို့သော ရင်းနှီးမြှုပ်နှံမှုများနှင့် နှစ်နိုင်ငံကုန်သွယ်မှုနှုန်း ပမာဏများကိုလည်း စာအုပ်တွင် ကိန်းဂဏန်းဇယားများဆွဲကာ နှစ်စဉ်အလိုက် ဖော်ပြထားသည်။လက်ရှိ မြန်မာ့နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်တွင် တရုတ်မြန်မာဆက်ဆံရေးသည်လည်း အရွေ့တစ်ခုဖြစ်၍လာသည်။
ယင်းနှင့် ပတ်သက်၍ စာရေးသူက ”၁၉၈၈-၂ဝ၁ဝ အတွင်းတရုတ်-မြန်မာဆက်ဆံရေးသမိုင်းက တရုတ်ထံမှရရှိသည့်အကျိုးကျေးဇူးကို မြန်မာပြည်သူတို့ သိမြင်ခြင်းမရှိကြောင်း ဖော်ပြနေသည်။ တရုတ်သည် မြန်မာပြည်သူတို့၏ ရှုထောင့်ကို မျက်နှာလွှဲခဲပစ်လုပ်ထားသည်။ ထို့ကြောင့် အနာဂတ်တွင် တရုတ်၏အခွင့်ထူးခံအဆင့်အတန်းကို ထိခိုက်စေရုံသာရှိလိမ့်မည်။
အတိတ်တုန်းက တရုတ်သည် မြန်မာပြည်သူတို့၏ သဘောထားကို အမှုမထားဘဲ စစ်အစိုးရနှင့် အပေးအယူလုပ်ကာမျှဖြင့်ပရောဂျက်သဘောတူညီမှုကို ရယူနိုင်ခဲ့၏။ ယခု မြန်မာတို့ တံခါးဖွင့်လိုက်ပြီးဖြစ်ရာ တရုတ်သည် အနောက်ကုမ္ပဏီများနှင့် ယှဉ်ပြိုင်ရတော့မည်”ဟု သုံးသပ်ထားသည်။စာရေးသူက ဆက်၍ ”ဆက်ဆံရေး ပြောင်းလဲစေနိုင်သောအား၊ ဒေသနှင့် ကမ္ဘာကြီးအပေါ် ယင်း၏ သက်ရောက်မှုကို အသိအမှတ်ပြုရန် မြန်မာပြည်အတွင်း တရုတ်သြဇာလွှမ်းမိုးမှုဒဏ္ဍာရီများကို ပြုပြင်မွမ်းမံသင့်ပါသည်။ နိုင်ငံနှစ်ခုစလုံးနှင့် အခြားဇာတ်ဆောင်များ ရင်ဆိုင်နေကြရသည့် မထွေးနိုင်မမျိုနိုင်အခြေအနေများကို ထပ်ကာ ထပ်ကာ ပြန်လည်ချင့်တွက်ဖို့ လိုပါလိမ့်မည်”ဟု အဆုံးသတ်ထားလေသည်။
ယင်းသို့ဖြင့် David I. Steinberg နှင့် Hongwei Fan တရုတ်-မြန်မာဆက်ဆံရေးကို မြန်မာနိုင်ငံ လွတ်လပ်ရေးရသည်မှ ယနေ့မျက်မှောက်အချိန်အထိ ဆက်ဆံရေး အတက်အကျ၊ အနိမ့်အမြင့်တို့ကို အကိုးအကား၊ အချက်အလက်များဖြင့်သုံးသပ်ရေးသားထားသည်။ထို့ကြောင့် ကာလရှည်ကြာ ပေါင်းသင်းလာခဲ့ကြသည့် မြန်မာနှင့် တရုတ်စာရင်းချုပ်လိုက်သော် ဘယ်သူက အကျိုးယုတ်ပြီးဘယ်သူက အကျိုးရှိခဲ့သလဲ။ မြန်မာက တရုတ်ကို ဘာတွေပေးခဲ့ရပြီး ဘာတွေ ပြန်ရခဲ့သလဲ၊ မြန်မာက တရုတ်နှင့် ဆက်ဆံရာတွင်ဘယ်လိုမူနဲ့ စခန်းသွားတာ ကိုယ့်အတွက် အကောင်းဆုံးဖြစ်မလဲဆိုတာကတော့ ခေတ်သစ် တရုတ်-မြန်မာဆက်ဆံရေး စာအုပ်ကိုသာ ဖတ်ရှုကြည့်လိုက်ပါလို့ ညွှန်းဆိုလိုက်ပါရစေ။
[ ပြီးပါပြီ။ ]

