သော့ပြင်ဆရာနှင့် အလကားလူတို့၏ အဆက်အစပ်

(၁) သော့ပြင်ဆရာ အပါအဝင် ဝတ္ထုတို ၁၄ ပုဒ်နဲ့ အလကားလူ အပါအဝင် အက်ဆေး ၆ ပုဒ်ကို စုပြီး ၂ဝ၁၆၊ ဒီဇင်ဘာရက်စွဲနဲ့ Wit Publication က ပထမအကြိမ် အုပ် ၅ဝဝ ကို တန်ဖိုး ၂,ဝဝဝ ကျပ် သတ်မှတ်ပြီး ထုတ်ဝေရာမှာ ကာဗာနဲ့ အတွင်းပုံ စည်သူဆွေ ရေးပြီး မိတ်ဆွေများစာပေက ဖြန့်တဲ့ ၁၃.၃ x ၂၁ စင်တီရှိတဲ့ ‘သော့ပြင်ဆရာနှင့် အလကားလူ’ရဲ့ စာကြည့်တိုက်အညွှန်းက ၈၉၅.၈၃ ဖြစ်တယ်။ စာရေးသူက မင်းသန့်။ ဝတ္ထုရေးသူ မင်းသန့် အတွက် ဖြစ်တန်ရာများ’ လို့ အမှာပါးသူက မောင်လင်းရိပ်။

(၂)
မြန်မာစကားပြေဖြစ်ထွန်းမှု အစီအစဉ်အတွက် ခေတ်ပြိုင် ရေးဖွဲ့ကြတဲ့ ဝတ္ထုတွေဟာ တိုင်းတာခိုင်းနှိုင်းစရာ စံသတ်မှတ် ချက်တစ်ရပ်ဖြစ်တယ်။ ဒီကနေ့ ဘာတွေ ရေးနေကြသလဲ။ ဘယ် လိုရေးနေကြသလဲ။ ဘယ်သူတွေ ရေးနေကြသလဲ။ ဘယ်လောက် ပြောင်မြောက်သလဲ။ ဘယ်အထိ ရေမျောကမ်းတင် ဖြစ်သွား သလဲ။ ဂုဏ်ယူဝမ်းမြောက်ဝင့်ကြွားရမှာလား။ ပြစ်တင်ရှုံ့ချ နှိပ် ကွပ်ရမှာလား လားတွေထပ်။

(၃)
ခေတ်က ပြောင်းနေတယ်။ စာအုပ်ကို Screen ပေါ်မှာပဲ ဖတ်သူတွေ ဖတ်နေကြပြီလေ။ စက္ကူပေါ်မှာ အဖြူပေါ် အမည်း ထင်အောင် ပုံနှိပ်ထားတဲ့ စာအုပ်တွေကိုလည်း ဖတ်မြဲဖတ်ဆဲ ရှိ နေကြတုန်းပါ။ ခု သော့ပြင်ဆရာကို အမှာရေးတဲ့ ဆရာမောင် လင်းရိပ်ရဲ့ အာဘော်ကို မြည်းစမ်းစေချင်တယ်။

‘ဒီအမှာစာကို ရေးပေးဖို့ သူ ကျွန်တော်ဆီ Online ကနေ Internet File ပဲ ပို့ပေးတာ ဖြစ်ပါတယ်။ Print ထုတ်ပြီး ပေးရ မလားလို့ သူလှမ်းပြောပေမယ့် နေပါစေ၊ ရပါတယ်ကွာလို့ပဲ ကျွန် တော်ဖြေလိုက်ပါတယ်။

ဖန်သားပြင်ပေါ်က စာမျက်နှာတွေဟာ လက်ရှိဖတ်နေဆဲ စာမျက်နှာသာရှိပြီး ကျန်တဲ့စာမျက်နှာတွေက ဒစ်ဂျစ်တယ်မှတ် ဉာဏ်တွေထဲ လျှိုးဝင်သွားကြတယ်။ စာတစ်အုပ်ဖတ်ရသလို အဲဒီစာမျက်နှာဟာ ကိုယ့်လက်နဲ့ ပိုင်ပိုင်နိုင်နိုင် ကိုင်ထားတဲ့ စာ အုပ်ရဲ့ ဘယ်ဘက် ဒါမှမဟုတ် ညာဘက်အခြမ်းမှာ ဆုပ်ဆုပ်ကိုင် ကိုင်ရှိနေတာပဲဆိုတဲ့ ခံစားချက်မျိုး မရတာ အတော်ကသိ ကအောက်နိုင်တာကို ကျွန်တော် ခံစားလိုက်ရတယ်။

ကိုယ်က အမှာရေးရမယ့်သူဆိုတော့ ပြန်ဖတ်လှန်ဖတ် တစ်အုပ်လုံး လက်ထဲ ပိုင်ပိုင်နိုင်နိုင် လှန်လှောနိုင်တဲ့ ခံစားမှုမျိုး ကျွန်တော် လိုချင်ပုံရတယ်။ ebook မှာလည်း လိုချင်တဲ့စာမျက် နှာကို လိုသလို ရယူဖတ်နိုင်တာ ဖြစ်ပေမယ့် ကျွန်တော့်စိတ်ထဲ တော့ လက်ရှိစာမျက်နှာက လွဲပြီး ကျန်တာတွေက ဆုပ်ဆုပ်ကိုင် ကိုင်မရှိဘဲ ကိုယ့်လက်ထဲမှာ မဲ့နေတဲ့ စာမျက်နှာတွေလို’တဲ့။

ကဲ…ဘယ့်နှယ်လဲ၊ ရှေးလူဟောင်းတွေက ပုံနှိပ်ထားတာကို ပဲ မင်တာပေါ့။ ခေတ်ကာလသား ကာလသမီးတွေက အီလက် ထရွန်စနစ်နဲ့ ဒစ်ဂျစ်တယ်ကို ပိုပြီး ခံတွင်းတွေ့ကြမယ်ထင်ပါရဲ့။ ဒါဟာ ဒီကနေ့ မြန်မာစာအုပ်လောကမှာ ဖြစ်ထွန်းနေမှုတစ်ခု အဖြစ် မှတ်တမ်းမှတ်ရာ တစ်ရပ်ပါ။

(၄)

မင်းသန့်ကို စာရေးသူတစ်ယောက်အဖြစ် မှတ်မှတ်ထင် ထင် သိပ်မရှိခဲ့ဘူး။ သူ့ စာပြီးနှစ်တွေအရ ၂ဝ၁၃-၂ဝ၁၆ ခုနှစ်တွေ မှာ ရေးခဲ့တာတွေလို့ သိရပေတယ်။ မောင်လင်းရိပ်ရဲ့ အမှာစာ အရ သူဟာ သတင်းသမားတစ်ယောက် ဖြစ်တယ်လို့ သိရတယ်။ သတင်းစာဆရာနဲ့ စာရေးဆရာတို့ကြားမှာ နံရံပါးပါးလေးတစ် ချပ် ခြားထားတယ်။ ဒါကို အရင့်အရင်ကတည်းက ဖြတ်သန်းခဲ့ ကြသူတွေ အထင်အရှားရှိတယ်။ ဂျာနယ်ကျော်ဦးချစ်မောင်၊ ဇဝန၊ ဇေယျ၊ အောင်ဗလ၊ အထောက်တော်လှအောင် စသည်ဖြင့် အလွယ်တကူတွေ့နိုင်တယ်။ ဆိုရှယ်လစ်လူ့ဘောင်ကို တည် ဆောက်ကြတဲ့အခါမှာ သတင်းစာဆရာ မျိုးဆက်က ကောသွား တယ်။ ငြိမ်ဝပ်ပိပြားမှုကို တည်ဆောက်ကြပြန်တော့လည်း သတင်းစာဆရာ မျိုးတုံးသွားတယ်။ ၂ဝဝဝ ပြည့်နှစ်ကာလတွေ မှာ သတင်းစာဆရာတွေ လူးလွန့်လာပြီး စာပေစိစစ်ရေးအလွန် မှာ ပုဂ္ဂလိကသတင်းစာတွေနဲ့ ပြန်ပြီး ထူထူထောင်ထောင်ဖြစ် မယ့် အရိပ်အယောင်တွေ ပေါ်လာတယ်။ အခုလောလောဆယ် ကျွန်တော်တို့ မင်းသန့်ကို တွေ့နေရပါပြီ။ အရပ်သားလို ပြောရရင် တော့ လက်ရှိတယ်ပေါ့။ ဇရှိတဲ့ ကလောင်ပေါ့။

သူ့ဝတ္ထုတွေမှာ သူကျင်လည်နေတဲ့ ဘဝထင်ဟပ်ချက်တွေ ပါတယ်ဆိုရင် ဒါဟာ သဘာဝကျတဲ့ ကိစ္စပါပဲ။ ပြီးတော့ သူ့စိတ် ကူးစိတ်သန်း။ ပြီးတော့ သူ့ဖန်တီးမှု။ ပြီးတော့ သူ့ဝတ္ထုရေးနည်း အတတ်ပညာ။ သူ့စီစဉ်တင်ဆက်မှု။ အဲဒါတွေဟာ ရိုးသားမှု အပြည့်ပါတာ သေချာနေတယ်လေ။ အများစုသော သူ့ဝတ္ထုတွေ ကို သူက စကားပြောနဲ့ ရေးထားတယ်။ ‘ဝက်ကြီး’ တစ်ပုဒ်ပဲ စကားပြေနဲ့ ရေးထားတယ်။ အက်ဆေး ၆ ပုဒ် ပါရာမှာတော့ နှစ် ပုဒ်က စကားပြေ။ လေးပုဒ်က စကားပြော။ ခြုံကြည့်တဲ့အခါ သူက ကျစ်ကျစ်လျစ်လျစ်နဲ့ ပုံဖော်ထားတာ တွေ့ရတယ်။ သူ့ခံ စားမှုအပေါ် သူက သစ္စာရှိပါပေတယ်။ ဘာပယောဂမှ မစွက်ဖက် ဘဲ ပကတိကိုသာ ချဉ်းကပ်ထားတာ တွေ့ရတယ်။ လေ့လာအား ကောင်းထားတာတွေဟာ ချရေးလိုက်သမျှ စာတွေထဲမှာ ပေါ်နေ တယ်။ ဘဝအမြင်ဆိုတာမျိုးအထိ ဆွဲဆန့်လို့ရတယ်။ စာရေးထား သမျှ အပြစ်ရှာလို့ မရနိုင်ဘူး။ သူ့တာ သူလုံတာမျိုးပါပဲ။

သော့ပြင်ဆရာလို ဝတ္ထုဟာ ရိုးသလောက် ဆန်းတဲ့ ဝတ္ထု ပေါ့။ အရိုးဆုံးဟာ အဆန်းဆုံးဆိုတာမျိုးပဲ။ မင်းသန့်ရဲ့ ဝတ္ထု ၁၄ ပုဒ်မှာ တစ်ပုဒ်ချင်းအနေနဲ့ ဆွဲဆောင်မှုအားကောင်းကောင်း ရှိ နေတာကိုလည်း ခံစားရတယ်။ သူတကာ မတွေးမိတာမျိုး၊ သူ တကာမတွေးတတ်တာမျိုးတွေလည်း ပါတာပေါ့။ နေ့စဉ်ဘဝတွေ ထဲက သူ့မျက်စိအောက်မှာ ပေါက်ပွားလာတာတွေကို သူက ဆစ် ဆစ်ပိုင်းပိုင်း လုပ်ထားတယ်လေ။ Magical Realism ကို ရှင်း ရှင်းလင်းလင်းနဲ့ ရေးထားတာမျိုးက ထူးခြားတယ်။ မင်းသန့် အရင်က ရေးခဲ့ကြသူတွေ ရှိကောင်းရှိမှာ ဖြစ်ပေမယ့် အခုဖတ်ရ တဲ့ သော့ပြင်ဆရာ၊ ဝတ္ထုစာအုပ်၊ တီဗီ၊ ဘေးအိမ်က လူသတ်မှု၊ ရေသူမဆိုတာတွေလောက်တော့ ဖမ်းစားနိုင်မယ် မထင်ဘူး။ အဲဒီလို ရေးနိုင်ဖို့ မလွယ်လှဘူး။ စိတ်ကူးရှိဦးတော့ တင်ဆက်ပုံက လည်း အချိုးကျမှ ဖြစ်မယ်လေ။

မင်းသန့်ရဲ့ အက်ဆေး ခြောက်ပုဒ်ထဲမှာလည်း ထူးခြားမှု အချို့ရှိတယ်။ ပကတိတရားအတိုင်း သူက မရေးဘဲ သူ့အာရုံထဲ ထင်ဟပ်လာတာတွေကို ရုတ်ခြည်း အန်ချလိုက်သလိုပါပဲ။ အထိတ်တလန့်ဖြစ်စေသော သတ္တိကိုလည်း တွေ့ရတယ်။ ဒဿ      န တစ်ခုခုနဲ့ ရောပြွမ်းထားတာမျိုးကိုလည်း တွေ့ရတယ်။ အလွမ်း ဓာတ်ခံကိုလည်း မြင်ရတယ်။ အက်ဆေးခြောက်ပုဒ်စလုံး နှစ် ခြိုက်စရာပါ။ ဝါကျဖွဲ့ပုံကသာ အက်ဆေးကို ပြဋ္ဌာန်းလိုက်သလို ထင်ရတယ်။ အက်ဆေးက တိုတိုလေးပေမယ့် စာဖတ်သူကို ကွက်တိချပေးထားတာတွေက နှစ်သိမ့်မှုကို ပေးပါတယ်။ ‘မိုးရာ သီပြဇာတ်’ အက်ဆေးကို ကြိုက်တယ်။ ဒါကြောင့် မင်းသန့်ကို ကြိုဆိုပါတယ်။
မောင်လင်းရိပ်ရဲ့ စကားကိုပဲ ကိုးကားပါရစေ။

‘…စာမျက်နှာတွေက အလေးချိန်မဲ့ပေမယ့် ဖြစ်ရပ်နဲ့ ဇာတ်တွေက တန်နဲ့ချီရှိတန်ရာ။ လက်ရှိစာမျက်နှာသာ ကိုယ့် မျက်မှောက်မှာ ဖြစ်ပေမယ့် မမြင်ရတဲ့ စာမျက်နှာတွေကြား ဆက်သွယ်မှုကြိုးများရဲ့ ခိုင်မြဲတဲ့ နှောင်တည်းမှု ရှိတန်ရာ။ ကျွန် တော်တို့ နေ့စဉ်ဘဝများရဲ့ ဒိဋ္ဌဓမ္မများကလည်း ပုံပြင်များ၊ ဝတ္ထု များနဲ့ ကျိန်းသေအဆက်အစပ် တစ်စုံတစ်ရာ ရှိတန်ရာ’ ။ ။

၂၀၁၇-ဖေဖေါ်ဝါရီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၃)မှ စာအုပ်အညွှန်း ဖြစ်ပါတယ်။

သင့်နော် ရေးသည်။

အမျိုးအစား - စာအုပ်အညွှန်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."