ရန်ကုန် – ၂၀၂၄ ဇွန် ၁၀ (မော်ကွန်း)
အခုရက်ပိုင်းအတွင်း ပြည်တွင်းစားသုံးတဲ့ စားအုန်းဆီဈေးကွက်အတွင်း လိုအပ်တဲ့ဆီပမာဏကို ဝယ်ယူလို့မရဖြစ်နေပြီး ဈေးနှုန်းကလည်း သီတင်းတစ်ပတ်အတွင်းမှာ တစ်ပိဿာကို ကျပ် ၂,၀၀၀ ဝန်းကျင်ထိ မြင့်တက်သွားတယ်လို့ စားသောက်ကုန်လုပ်ငန်းလုပ်ကိုင်သူတချို့က ပြောပါတယ်။
ယခုလဆန်းပိုင်းမှာ စားအုန်းဆီဆိုင်ကြီးတွေအပါအဝင် ကုန်စုံဆိုင်တွေမှာ ဆီလိုအပ်သလောက် ဝယ်ယူလို့မရတာကြောင့် ဆိုင်တွေခွဲပြီးဝယ်ယူနေရတယ်လို့ သာကေတမြို့နယ်မှာထမင်းဆိုင်ဖွင့်လှစ်ထားသူတစ်ဦးက ပြောပါတယ်။
“သူတို့ အသင်းဈေးနဲ့ ရောင်းပေးတာက ငါးဆယ်သားပဲရတယ်။ အပြင်မှာ ပေါက်ဈေးအတိုင်းဝယ်မယ်ဆိုလည်း မလွယ်ဘူးဖြစ်နေတယ်။ အစ်မတို့ဆိုင်ဆိုရင် တစ်ရက်ကို နှစ်ပိဿာလောက် သုံးရတော့ အရင်က ပေပါလိုက် မှာတယ်။ အခု ၂၀ လီတာပုံးနဲ့တောင် မရောင်းပေးဘူးဖြစ်နေတယ်” လို့ ၎င်းက ပြောပါတယ်။
စစ်ကောင်စီရဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရေးလုပ်ငန်းကြီးကြပ်ရေးကော်မတီကတော့ စားအုန်းဆီအခြေခံလက်ကားဈေးနှုန်းဟာ တစ်ပိဿာကို ၅,၃၆၅ ကျပ်ဖြစ်တယ်လို့ ဒီနေ့မှာထုတ်ပြန်ထားပေမယ့် အပြင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၁,၂၀၀၀ ကျပ် ဝန်းကျင်ထိ ရှိနေတာပါ။
လက်ရှိမှာ ဆီကုမ္ပဏီကြီးတွေ ကိုယ်တိုင်က လိုအပ်တဲ့ ပမာဏကို မရောင်းချပေးနိုင်တဲ့ အခြေအနေရှိနေတယ်လို့ ဒဂုံမြို့သစ်တောင်ပိုင်းက ဆီအပါအဝင် အခြေခံစားသောက်ကုန်ရောင်းချသူတစ်ဦးက ပြောပါတယ်။
“ဆိုင်ကြီးတွေကိုယ်တိုင်က လိုသလောက်မရောင်းပေးဘူး။ တန်းစီစနစ်နဲ့က ဟန်ပြလောက်ရောင်းပေးပြီးတော့ အပြင်ဈေးနဲ့ ပေပါလိုက်ကို သူ့လူကိုယ့်လူပဲ ခွဲရောင်းပေးနေတာ။ တကယ်လိုတဲ့လူတွေက ဘယ်မှာမှ ရှာမရဖြစ်နေတယ်” လို့ ၎င်းကပြောပါတယ်။
ဒါ့ပြင် ပြင်ပဈေးကွက်မှာလည်း စားအုန်းဆီဈေးဟာ ယခုနှစ် နှစ်စပိုင်းက တစ်ပိဿာကို ၈,၀၀၀ ကျပ်ဝန်းကျင်ပဲရှိရာက လက်ရှိမှာ တစ်ပိဿာကို ၁,၂၀၀၀ ကျပ်ဝန်းကျင်ထိ မြင့်တက်လာပြီး တရိပ်ရိပ်နဲ့ ဈေးမြင့်တက်လာတယ်လို့ ဆီရောင်းချသူတချို့က ပြောပါတယ်။
“သင်္ကြန်မတိုင်မီကတော့ တစ်သောင်းဝန်းကျင်လောက်ပဲ။ သင်္ကြန်ပြီးတော့ အကုန်ဈေးတက်လာတာ” လို့ ကုန်စုံဆိုင်ဖွင့်လှစ်ထားသူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စားအုန်းဆီတန်ချိန် ၁ ဒသမ ၂ သန်းခန့် နှစ်စဉ် အသုံးပြုနေရပြီး ပြည်ပကနေ တန်ချိန်ကိုးသိန်းခန့် နှစ်စဉ်တင်သွင်းနေရတာပါ။
ပုံစာ – ရန်ကုန်မြို့က ဆီဆိုင်တစ်ခုမှာ ဆီတန်းစီဝယ်ယူနေတဲ့ မြင်ကွင်း
ဓာတ်ပုံ – မော်ကွန်း

