ဆားလင်းကြီး – ၂၀၂၃ ဩဂုတ် ၁၇ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီးနယ်တွေမှာ စစ်ကြောင်းထိုးရင်း ဖမ်းဆီးခံရသူတွေထဲက ငါးဦးမြောက် အလောင်းတစ်လောင်းကို ဒီကနေ့ နံနက်ပိုင်းမှာ ထပ်မံတွေ့ရှိခဲ့ပါတယ်။
အခုလထဲမှာ စစ်ကြောင်းထိုးရင်း ဖမ်းဆီးခံရသူတွေထဲက ယင်းမာပင်၊ လည်ငေါက်ရွာဒေသခံ လေးဦးရဲ့ ရုပ်အလောင်းတွေကို မြောက်ယမားချောင်းထဲမှာ မနေ့ကတွေ့ရှိခဲ့ပါတယ်။
ဒီကနေ့တွေ့ရှိတဲ့ ရုပ်အလောင်းကို ကံကုန်းရွာအနီးက မြောက်ယမားချောင်းထဲမှာ တွေ့ရှိခဲ့တာဖြစ်ပြီး ပိုင်ရှင်မပေါ်သေးဘူးလို့ ဒေသခံတွေဆီကသိရပါတယ်။
“ဒီနေ့မနက် မြစ်ရေတက်တော့ ယမားထဲငါးမျှားဆင်းတာဗျ။ ကိုင်းပင်ကြားက ဘာလည်းကြည့်တော့ ရုပ်အလောင်းဖြစ်နေတာ။ မြစ်ရေတက်တော့ ရေပြင်ကျယ်တယ်လေ ဒီမနက်မှပေါ်တာဖြစ်မယ်။အဲဒါနဲ့ တာဝန်ရှိသူတွေဆီအကြောင်းကြားပြီး နီးစပ်ရာမြေမြုပ်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။ ပိုင်ရှင်တော့မသိရဘူး။ ဘယ်ဘက်လက်မှာ အဝတ်စလေးချည်ထားတာတော့တွေ့တယ်။ အရပ်ကငါးပေတော့ကျော်မယ်။ကျန်တာတော့သိပ်ကြည့်မရဘူး၊ ပုပ်ပွပြီးအနံ့တွေထွက်နေပြီ”လို့ ဒေသခံငါးမျှားသူတစ်ယောက်က မော်ကွန်းကို ပြောပါတယ်။
ဒေသခံရပ်ကျေး ပ.က.ဖ ဝင် တစ်ဦးက အလောင်းပိုင်ရှင်ရှာဖွေခဲ့ပြီး ဆက်သွယ်မလာတာကြောင့် မြေမြှုပ်သင်္ဂြိုလ်လိုက်တယ်လို့ မော်ကွန်းကိုပြောပါတယ်။
“တွေ့တာက ဆားလင်းကြီးမြို့နယ် ကံကုန်းကျေးရွာ အနီးယမားချောင်းထဲတွေ့တာ။ပရဟိတစိတ်ရှိတဲ့လူငယ်လေးတွေတရော ၊ ငါးမျှားတဲ့ကလေးတွေရော ဝိုင်းပြီးမြေမြှပ်ပေးလိုက်တာ။ အစတော့ ပုလဲနယ်နဲ့ ယင်းမာပင်နယ်ကို ပိုင်ရှင်ပေါ်မလား ချိတ်ဆက်ပြီးစောင့်သေးတယ်” လို့ သူကပြောပါတယ်။
ဒေသတွင်းသတင်းတွေအရ အာဏာသိမ်းစစ်တပ်ဘက်က ခုနစ်ဦး သတ်ဖြတ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် လတ်တလောမှာ ငါးဦးပဲ အလောင်းရှာဖွေတွေ့ရှိထားနိုင်ပါတယ်။
ဆားလင်းကြီးနယ်ထဲ တရုတ်ကြေးနီစီမံကိန်းတွေကို လုံခြုံရေးယူပေးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စီမံကိန်းတဝိုက်က နယ်မြေတွေကို မကြာခဏစစ်ကြောင်းထိုးကာ ဖမ်းဆီးသတ်ဖြတ်၊ မီးရှို့တာတွေ ပြုလုပ်နေကျဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဒီကနေ့ နောက်ဆုံးထုတ်ပြန်ချက်အရ အာဏာသိမ်းတဲ့နေ့ကစလို့ ဒီနေ့အထိ အာဏာသိမ်းစစ်တပ်လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ပြည်သူဟာ အနည်းဆုံး ၃,၉၄၉ ဦးရှိပါတယ်။
ပုံစာ – ဒီကနေ့ ထပ်မံတွေ့ရှိရတဲ့ အရပ်သားအလောင်း
ဓါတ်ပုံ – Mawkun Magazine
#Dailynews

