ရန်ကုန် – ၂၀၂၅ မတ် ၂၁ (မော်ကွန်း)
မန္တလေးမြို့နဲ့ ဧရာဝတီမြစ်ပဲခြားတဲ့ မင်းကွန်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတွေ ပို့လွှတ်နေပြီး စစ်ရေးတင်းမာနေတယ်လို့ စစ်ကိုင်းဒေသခံတချို့က ပြောပါတယ်။
မင်းကွန်း-စစ်ကိုင်း ကားလမ်းပေါ်မှာရှိတဲ့ လက်ပံကျေးရွာကို ပြီးခဲ့တဲ့နှစ်ရက်က စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သလို ဒီနေ့မှာလည်း နောက်ထပ်စစ်ကူစစ်ကြောင်းတွေ ပို့လွှတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မင်းကွန်းဘက်မှာ PDF တွေ ဝင်လာတယ်ဆိုပြီး စစ်ကြောင်းထိုးလာတယ်။ တိုက်ပွဲသတင်းတော့ မကြားမိသေးဘူး” လို့ ၎င်းဒေသခံက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ရက်လည်း မင်းကွန်းကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ပြီး မင်းကွန်းပုထိုးတော်ကြီးနဲ့ မြသိန်းတန်စေတီအနီးမှာရှိတဲ့ သာသနိက အဆောက်အဦတချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတချို့ကိုကိုးကားပြီး သတင်းမီဒီယာတချို့က ဖော်ပြခဲ့ပါတယ်။
ဒီဖော်ပြမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဝါဒဖြန့် မြဝတီသတင်းဌာနကတော့ သတင်းအမှားဖြစ်တယ်လို့ တုံ့ပြန်ပြီး ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် ဒီဒေသအနီးတစ်ဝိုက်မှာ PDF တပ်ဖွဲ့ဝင်တွေ ခိုအောင်းနေထိုင်နေတယ်လို့ သတင်းပေးချက်အရ ဒီနေရာတွေကို လုံခြုံရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့လည်း ဒီထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။
မန္တလေးမြို့ရဲ့ တစ်ဖက်ကမ်း မင်းကွန်းဒေသဟာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နယ်မြေလည်းဖြစ်ပြီး ဘုန်းတော်ကြီးကျောင်းတွေ၊ သာသနိက အဆောက်အဦအများအပြားတည်ရှိရာနေရာဖြစ်ပါတယ်။
ဒါ့အပြင် ဒီဒေသမှာ မင်းကွန်းတောင်ရိုးနဲ့ စစ်ကိုင်းချောင်တို့လို လူမနေတဲ့နေရာတွေ များတာကြောင့် ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းထဲက ဒေသကာကွယ်ရေးတပ်ဖွဲ့တချို့ ဝင်ရောက်လာတဲ့ သတင်းတွေထွက်ပေါ်ခဲ့တယ်လို့ စစ်ကိုင်းဒေသခံတစ်ဦးက ပြောပါတယ်။
“ဒီနေရာတွေက အရင်တည်းက တောရိပ်တောင်ရိပ်နဲ့ လူသူသိပ်မရှိဘူး။ မနှစ်ကလည်း အဲ့လိုသတင်းတွေထွက်ဖူးတယ်။ စစ်ကြောင်းလည်း ဝင်ဖူးတယ်” လို့ ၎င်းဒေသခံကပြောပါတယ်။
ဒါ့အပြင် မင်းကွန်းမြို့နယ်ထဲမှာ မန္တလေးတိုင်းက တခြားမြို့နယ်တွေလိုပဲ ဒေသတွင်း ပြည်သူ့စစ် (ပျူစောထီး) တပ်တွေ ဖွဲ့စည်းထားပြီး စစ်ကောင်စီတပ်တွေနဲ့ ပူးပေါင်းလှုပ်ရှားနေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ပုံစာ – မန္တလေးတစ်ဖက်ကမ်းက မင်းကွန်းတောင်ရိုးရဲ့ ဝေဟင်မြင်ကွင်း
ဓါတ်ပုံ – Google Earth

