ဆားလင်းကြီး – ၂၀၂၃ ဇွန် ၆ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးနယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်က ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖမ်းဆီးခံရပြီးနောက် အာဏာသိမ်းစစ်တပ်ဟာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေကာ ဒီနေ့နံနက်မှာလည်း ဒေသခံ ၁၅ ဦးကို ဖမ်းဆီးသွားခဲ့ပါတယ်။
ဒီနေ့ နံနက် ၆း၀၀ နာရီလောက်မှာ ဆားလင်းကြီးနယ်၊ မိုးကြိုးပြင်အလယ်ရွာနဲ့ တောင်ရွာတွေမှာ တပ်စွဲနေတဲအာဏာသိမ်းစစ်တပ်ဟာ စစ်ရှောင်ရင်းတောထဲမှာ အိပ်နေတဲ့ ဒေသခံပြည်သူ ၁၅ ဦးကို ဖမ်းဆီးသွားတာလို့ ဒေသခံဆီကသိရပါတယ်။
ဇွန် ၆ ရက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(မုံရွာ)ကနေ ချင်းတွင်းမြစ်ကမ်းကူးပြီး ထွက်လာတဲ့ စစ်ကြောင်းဖြစ်ပြီး အင်အား ၁၃၀ ကျော်နဲ့ လက်ပံတောင်းကြေးနီစီမံကိန်းတဝိုက်ကို စစ်ကြောင်းစထိုးခဲ့တာဖြစ်ပါတယ်။
ဒီနေ့ နံနက်မှာတော့ ဖမ်းထားတဲ့ ဒေသခံတွေကို လူသားတံတိုင်းအဖြစ် ခေါ်ဆောင်သွားပြီး ဖိုလ်ဝင်တောင်အရှေ့ဘက် ကြက်ရိုးပင်တောတိုက်မှာ ရောက်ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
၂၀၂၃ မေ ၃၁ ရက်က ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အဖွဲ့ဝင် ဦးဗန့်ဂျီဟာ ညောင်ပင်ကြီးကျေးရွာနားမှာ အာဏာသိမ်းစစ်တပ်နဲ့ ထိပ်တိုက်တွေ့မိကာ အဖမ်းခံရပြီး သူ့ကို မုံရွာမှာရှိတဲ့ စစ်ကြောရေးကို ခေါ်ဆောင်သွားခဲ့ပါတယ်။
လတ်တလော အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် မိုးကြိုးပြင်မြောက်ရွာ၊ အလယ်ရွာ၊တောင်ရွာ၊ ရာသကျော်ရွာ၊ ကြက်ရိုးပင်တောတိုက်၊ မန်ကျီးတထောင်စတဲ့ရွာတွေထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသတော်လှန်ရေးအဖွဲ့တွေဆီက သိရပါတယ်။
ပုံစာ – စစ်ကြောင်းထိုးလို့ စစ်ရှောင်နေကြရတဲ့ ဆားလင်းကြီးဒေသခံများ
ဓါတ်ပုံ – Mawkun Magazine
#Dailynews

