ဧရာဝတီတိုင်း – ၂၀၂၂ ဇူလိုင် ၂၆ (မော်ကွန်း)
ဧရာဝတီတိုင်းဒေသကြီးထဲက ဟင်္သာတမြို့နဲ့ ဒေးဒရဲမြို့နယ်တွေမှာ ဒီကနေ့ညပိုင်းမှာ ပေါက်ကွဲမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဟင်္သာမြို့နယ်ထဲမှာ ည ၇:၃၀ လောက်ကစတင်ပြီး သုံးကြိမ်ထက်မနည်းပေါက်ကွဲခဲ့ပြီးနောက်ပိုင်း သေနတ်သံတွေလည်း ဆက်တိုက်ထွက်ပေါ်လာကာ မြို့ထဲမှာအခြေအနေရှုပ်ထွေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ ရဲစခန်းဝင်ပစ်တယ်လို့လည်းကြားတယ်၊ အရင်ဆုံး ဗုံးတွေပေါက်တာ အပြင်မထွက်ရဲလို့ သေချာတော့မသိဘူး၊ အသံတွေကတော့ တော်တော်ကျယ်တယ်၊ ပြီးမှ သေနတ်တွေနဲ့ အပြန်အလှန်ပစ်သလိုမျိုး ဆက်တိုက်ထွက် လာတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပေါက်ကွဲသံတွေ၊ သေနတ်ပစ်သံတွေဟာ နာရီဝက်လောက်အကြာမှာ ရပ်တန့်သွားပေမယ့် ဘယ်သူမှအပြင် မထွက်ရဲကြသလို စစ်ကားတွေနဲ့ မြို့ပတ်ပြီး အာဏာသိမ်းစစ်တပ်၊ တပ်သားတွေက ကင်းလှည့်နေတယ်လို့ ဒေသခံကဆိုပါတယ်။
အလာတူ ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်မှာလည်း ည ၈:၂၀ လောက်မှာ နှစ်ကြိမ်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ ကျွန်တော်တို့ မြို့ထဲထွက်လာချိန်ပေါက်တာ၊ လမ်းထိပ်ပဲရောက်သေးတယ်ပေါက်တာ၊ ပြန်လှည့်ပြေးလာရတယ် တံတားထိပ်က ကင်းစခန်းမှာပေါက်တယ်လို့ ထင်တယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒေးဒရဲတံတားအဆင်းမှာရှိတဲ့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရဲကင်းဂိတ်မှာပေါက်ကွဲမှုဖြစ်ပွားတာဖြစ်နိုင်ပြီး ထိခိုက်မှုအခြေအနေတွေကိုတော့ အတိအကျမသိရသေးဘူးလို့ သူကဆိုပါတယ်။
ဧရာဝတီတိုင်းမှာ အဖမ်းအဆီးခံရမှုတွေများလို့ အာဏာသိမ်းစစ်တပ်ကိုတိုက်ခိုက်တဲ့ မစ်ရှင်တွေ ဇွန်လပိုင်းကစတင်ကာ မရှိသလောက် နည်းခဲ့ပြီး ဇူလိုင်လကုန်ပိုင်းမှာ ပြန်လည်စတင်လာတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
#Dailynews

