ဆတ်သားခြောက်လုပ်ငန်းကို စိတ်ဝင်စားကြသလား

ဆတ်သားခြောက်လုပ်ငန်းကို စိတ်ဝင်စားကြသလား

ကာတွန်း -သီဟ(စခန်းသစ်) (၂၀၁၇)

လပ်ကီး လက်ဖက်ရည်ဆိုင်အတွင်း ကျောက်ချထိုင်နေတတ်သူများထဲတွင် ကာတွန်းဆရာသီဟ (စခန်းသစ်) လည်း ပါဝင်သည်။ လပ်ကီးတွင် ပုံမှန်ထိုင်ရသည့် အကြောင်းရင်းမှာ လပ်ကီးကောင်း၊ ကံကောင်းစေရန်အတွက် ဖြစ်သည်ဟု ကာတွန်းဆရာက ဆို၏။ ကိုသီဟ အဘယ်ကြောင့် ကံကောင်းခြင်းကို တောင့်တနေရသနည်း။ ရှင်းပါမည်။

သူဌေးဖြစ်ချင်သူ

ကိုသီဟသည် တစ်ခုသောမိုးဥတု၏တစ်နေ့သ၌ စီးပွားရေးအတိုင်ပင်ခံ ရန်လိုကျွဲထံသို့ ရောက်လာသည်။

”တွက်ခြေကိုက်တဲ့ အလုပ်အကိုင်တစ်ခုလောက် လုပ်ချင်တယ်” ဟု ကာတွန်းဆရာက ဆို၏။

ကိုသီဟ နေရာမှန် ရောက်လာခြင်း ဖြစ်ကြောင်း၊ အောင်မြင်သော လုပ်ငန်းရှင်ဖြစ်လိုသူ ၅၅၅ ယောက်ထက်မနည်းကို ဤအတိုင်ပင်ခံရုံးခန်းအတွင်း အကြံကောင်း ဉာဏ်ကောင်း များပြားစွာ  ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ရှင်းပြပြီး ခရီးဦးကြို ပြုလိုက်သည်။

”ဘဏ်ဓားပြတိုက်၊ ဘုရားအလှူခံပုံး ကန်ထရိုက်ဆွဲတဲ့ လုပ်ငန်းအိုင်ဒီယာမျိုးတော့ မပေးနဲ့။ ကျုပ်က ပုံမှန်ဝင်ငွေရှိတဲ့၊ အောင်မြင်တဲ့ စီးပွားရေးသမား ဖြစ်ချင်တာ”

”ရမယ် ရမယ်။ ကိုသီဟနဲ့ သင့်တော်မယ့် အလုပ်တွေ အများကြီး ရှိပါလိမ့်မယ်”

ကွမ်းတစ်ယာညက်ခန့် စကားပြောဆိုပြီးနောက်တွင် ကာတွန်းဆရာက စားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းကို စိတ်ဝင်စားသွားသည်။

”ကာတွန်းဆရာရေ၊ ကျုပ်တို့ ဒုက္ခသီရိနိုင်ငံတော်ကြီးမှာ အရောင်းသွက်တဲ့ စားသောက်ကုန်တစ်ခုကတော့ ဆတ်သားခြောက် ခင်ဗျ”

”ဟင်…ဘယ်လို အရောင်းသွက်တာလဲ”

”စားသောက်ဆိုင်တွေမှာ ဆတ်သားခြောက်ကြော်ဆိုပြီး ရောင်းတယ်။ ကုန်တိုက်တွေမှာတော့ ဆတ်သားကို ပုံစံမျိုးစုံ၊ တံဆိပ်မျိုးစုံ အိတ်သွတ်ရောင်းနေကြတယ်”

”ဟာ…ဆတ်သားကို အဲဒီလို ရောင်းရလောက်အောင် ဆတ်ဆိုတဲ့ သတ္တဝါက သိပ်များနေလို့လား”

”ကာတွန်းဆရာကလည်း ဒုံးဝေးလိုက်တာ။ ဆတ်ဆိုတာ ရှားပါးသတ္တဝါဗျ။ ဥပဒေထုတ်ပြီး ကာကွယ်ထိန်းသိမ်းထားတဲ့ တောရိုင်းတိရစ္ဆာန် အမျိုးအစားဗျ”

ဒုက္ခသီရိ ပြည်သူတို့စားသုံးနေသော၊ ဘီယာဝိုင်း အမြည်းပန်းကန်ထဲတွင် တွေ့ရတတ်သော ဆတ်သားဆိုသည်မှာ ဆတ်မဟုတ်သော သတ္တဝါတစ်မျိုးမျိုး၏ အသား ဖြစ်လိမ့်မည်ဟု ကာတွန်းဆရာကို ရှင်းပြလိုက်သည်။ ဆတ်သား အစစ်အမှန်လည်း လုပ်ကိုင်သူ ရှိသလို အမည်ခံ ဆတ်သား ကိုင်တွယ်သည့် လုပ်ငန်းရှင်လည်း ရှိနိုင်သည်၊ အမည်ခံ ဆတ်သားအတွက် ကုန်ကြမ်းမှာ ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ နွားနောက်တို့ ဖြစ်နိုင်သလို တခြား ပေါပေါများများ ရနိုင်သည့် အသားလည်း ဖြစ်နိုင်သည်ဟု ကာတွန်းဆရာကို ဆက်ပြောပြလိုက်သည်။

”ဟုတ်တယ်ဗျို့။ ဒုက္ခသီရိနိုင်ငံတော် တောပြုန်း တောင်ပြုန်းနေတဲ့ခေတ်မှာ ဆတ်ဆိုတာကို မြင်ဖူးတဲ့သူ ရှားလိမ့်မယ်။ ဆတ်သားဆိုပြီး ဂျင်းထည့်ရောင်းနေတဲ့ကိစ္စ၊ ဆတ်သားဆိုတာ ဘာသားလဲ စုံစမ်းဖော်ထုတ်ကြဖို့ မိတ်ဆွေ သတင်းသမားတွေကို အကြံပေးရမယ်”

”နိုး…နိုး…နိုး…ထစ်ခနဲရှိ ကာတွန်းဆွဲလိုက်မယ်၊ သတင်းရေးလိုက်မယ်ဆိုတဲ့စိတ်မျိုး မမွေးသင့်ဘူးဗျ။ ဒီအခြေအနေကို အခွင့်ကောင်း ယူသင့်တယ်”

”ဟင်…ဘယ်လိုအခွင့်ကောင်းလဲ။ လူတွေ အလိမ်ခံနေရတာကို မျက်စေ့မှိတ်နေရင် ကျုပ်တို့ ကာတွန်းဆရာတွေ ဘာဖြစ်သွားမလဲ”

ဒုက္ခသီရိတွင် ဆတ်သားတစ်မျိုးတည်းသာ အတုဖြစ်နေခြင်း မဟုတ်ကြောင်း၊ ဒေါက်တာဘွဲ့တချို့မှအစ ဒီမိုကရေစီအထိ အတု ဖြစ်နေကြကြောင်း၊ ဤသို့ အတုအပ ပေါများနေသည့် အခြေအနေတွင် ဆတ်သားတစ်မျိုးတည်းကိုသာ ပစ်မှတ်မထားသင့်ကြောင်း ရှင်းပြလိုက်ရာ ကာတွန်းဆရာ ငြိမ်သွားသည်။

ဆတ်သားဗေဒ

”ဒီမယ် ကာတွန်းဆရာ၊ ခင်ဗျား ဆတ်သားခြောက်လုပ်ငန်း လုပ်ဗျာ။ ပြီးရင် ကုန်တိုက်တွေ၊ အစားအသောက်ဆိုင်တွေကို လိုက်သွင်း။ ဆတ်ထုမွကြော်၊ ဆတ်ကြော်ထုမွ၊ ဆတ်သားထောင်း၊ ဆတ်သားအမွကင်၊ ဆတ်သားအမွခြောက်၊ ဆတ်သားကြိုးမျှင် ဆိုပြီး မျိုးစုံလုပ်။ သိပ်ရောင်းကောင်းတယ်ဗျ”

” ဒီအိုင်ဒီယာ ကြိုက်ပြီဗျာ။ ကုန်တိုက်တွေလည်း တစ်ခုပြီးတစ်ခု ပေါ်နေတော့ ဈေးကွက်က အတော်ကြီးတယ်။ အဲ… ကုန်ကြမ်းက ဘယ်က ရမှာလဲ”

”အမဲသား၊ ဆိတ်သားတို့ထက် ပေါတဲ့ ကုန်ကြမ်း ရှိပါ့ဦးမလား ကာတွန်းဆရာရယ်။ အမြတ်များချင်ရင်တော့ နေရာတကာ တွေ့ရတတ်တဲ့ လမ်းဘေးခွေးတွေကို သုံးပေါ့ဗျာ”

ယခုအချိန်တွင် လမ်းဘေးခွေး ပေါများကြောင်း၊ သို့သော်လည်း အကောင်အထည်ပေါ်လာဖွယ်ရှိသည့် ခွေးဂေဟာကြီးတည်ဆောက်ပြီးလျှင် လမ်းဘေးခွေးမှာ ဆတ်ကဲ့သို့ပင် ရှားပါးသွားမည်ဖြစ်ကြောင်း ကာတွန်းဆရာကို ရှင်းပြလိုက်သည်။

ဒုက္ခသီရိတွင် ကြွက်ဂေဟာ ထူထောင်မည်ဟု မကြားမိသေးကြောင်း၊ နောက်ဖေးလမ်းကြားတို့တွင် နေ့ရောညပါ တွေ့ရသည့် ဧရာမကြွက်ကြီးများကို ကုန်ကြမ်းအဖြစ် သုံးပါက အဆင်ပြေမည် ဖြစ်ကြောင်း အကြံပေးလိုက်ရာ ကာတွန်းဆရာမျက်နှာ ဝင်းခနဲ ဖြစ်သွားသည်။

”ဟုတ်သားပဲ၊ ကြွက်ဆိုရင် ကိုယ့်အတွက် အမြတ်ပိုကျန်မယ်။ မန္တလေးရပ်ကွက်က ကျုပ်မိတ်ဆွေ ကာတွန်းဆရာတွေဖြစ်တဲ့ လှိုင်မျိုး၊ ညီထွေး၊ အောင်မော်တို့ကို ကြွက်ဖမ်းဖို့ ကန်ထရိုက် ပေးလိုက်မယ်။ သူတို့လည်း အပိုဝင်ငွေ ရမယ်။ ဘယ်လိုသဘောရသလဲ”

ရန်လိုကျွဲ ထိုသူတို့ကို ကောင်းကောင်း သိသည်။ ထိုကာတွန်းဆရာများနှင့် ရေရှည်လက်တွဲနိုင်ဖွယ် မရှိကြောင်း၊ ထိုဆရာ သုံးဦးမှာ သိန်းသုံးထောင်အထိ ရနိုင်သည့် Money Drop ရုပ်သံဉာဏ်စမ်းအစီအစဉ်တွင် ပြိုင်ပွဲဝင်ရန် အပြင်းအထန် ကြိုးစားလေ့လာ လေ့ကျင့်နေကြကြောင်း ဖောက်သည်ချလိုက်သည်။ ဆတ်သားလုပ်ငန်းကုန်ကြမ်းအတွက် လမ်းကြောင်းတစ်ခုကို အသေဆုပ်ကိုင်မထားဘဲ တွက်ခြေကိုက်မည့် အသားမျိုးစုံကို အသုံးပြုသင့်ကြောင်း ပြောပြလိုက်ရာ ကာတွန်းဆရာ သီဟသဘောကျသွားသည်။

ဒုတိယရည်ရွယ်ချက်

”လုပ်မယ်ဗျာ။ အကြံပေးတဲ့အတွက် ကျေးဇူးပါပဲ။ ဆတ်သားခြောက်လုပ်ငန်းမှာ ကျွန်တော်က အမှုဆောင်အရာရှိချုပ်၊ ကျွန်တော့်မိန်းမကိုတော့ အထွေထွေမန်နေဂျာတာဝန် ပေးရမယ်။ လုပ်ငန်းကြီးလုပ်တယ်ဆိုတော့ သူ့အကူအညီ မပါလို့ မဖြစ်ဘူး”

”ကာတွန်းဆရာရေ၊ ကျွန်တော် သိချင်တာ တစ်ခု ရှိတယ်။ ခင်ဗျား ဘာဖြစ်လို့ ကာတွန်းဆွဲတဲ့ ဝင်ငွေနဲ့ မရောင့်ရဲနိုင် ဖြစ်နေရတာလဲ။ ဒီဝင်ငွေနဲ့လည်း ထမင်းမငတ်ဘူးမဟုတ်လား” ”ဟဲဟဲ… ကျွန်တော် နောက်မိန်းမတစ်ယောက် ထပ်လိုချင်တယ်လေ။ ဒီတော့ ငွေရှာရတော့မှာပေါ့ဗျာ ဟဲဟဲဟဲ”

”ဟာ…မယားကြီး၊ မယားငယ် ပြဿနာက မသေးဘူး ကာတွန်းဆရာရေ။ ခင်ဗျား မယားငယ်ယူဖို့ ငွေရှာတယ်ဆိုရင် ခင်ဗျားမိန်းမက ဆတ်သားခြောက်လုပ်ငန်းမှာ အကူအညီ ပေးပါ့ဦးမလား”

”ပေးရမှာပေါ့ဗျ။ ဒါက သူရာထူးတက်မယ့်အစီအစဉ်ဖြစ်ကြောင်း သူနားလည်အောင် ရှင်းပြရမှာပေါ့ဗျာ။ ဟဲဟဲဟဲ” ကာတွန်းဆရာ တဟဲဟဲရယ်ပြီး ပြန်သွားလေသည်။

လုပ်ငန်းရှင်ကြီး

လများမကြာမီ ကုန်တိုက်အသီးသီးတွင် သီဟ (စခန်းသစ်) တံဆိပ်ဖြင့် ဆတ်သားမျိုးစုံ ခင်းကျင်းထားသည်ကို တွေ့ရလေရာ ရန်လိုကျွဲလည်း အထူးဝမ်းမြောက်မိ၏။ ပေးလိုက်သည့် အကြံဖြင့် အောင်မြင်နေသည်ကို တွေ့ရတိုင်း ဖြစ်ပေါ်လာသည့် ပီတိမှာ စာဖွဲ့ ၍မရနိုင်ပေ။

ကာတွန်းဆရာကို လပ်ကီးလက်ဖက်ရည်ဆိုင်တွင် အတွေ့ရကျဲသွားရာမှ နောက်ပိုင်းတွင် လုံးဝမတွေ့ရတော့ပေ။ လပ်ကီးကောင်းသွားခြင်းကြောင့် သို့မဟုတ် အောင်မြင်သော စားသောက်ကုန်လုပ်ငန်းကို ဦးဆောင်စီမံခန့်ခွဲနေရခြင်းကြောင့် လက်ဖက်ရည်ဆိုင်ထိုင်ရန် အချိန်မပေးနိုင်တော့ဟု ယူဆရသည်။ သူ့ဆန္ဒအတိုင်း မယားငယ်ရသွားပြီလော။ သို့ဆိုလျှင် မယားကြီးအိမ်နှင့် မယားငယ်အိမ်ကြား ကူးသန်းနေခြင်းလည်း ဖြစ်နိုင်သည်။ စာနယ်ဇင်းတို့တွင် သူ၏ကာတွန်းများ ဖော်ပြမှုလည်း တဖြည်းဖြည်း နည်းပါးလာသည်။

ဆောင်းနွေမိုး နှစ်လီ ပြောင်းလဲသွားလေပြီ။ တစ်ခုသော မိုးဥတု၏ တစ်နေ့သ၌ လပ်ကီးလက်ဖက်ရည်ဆိုင်အတွင်း ကျွနု်ပ်ထိုင်နေစဉ် ရင်းနှီးဟန်ရှိသူတစ်ဦး ဆိုင်ထဲ ဝင်လာသည်။ ထိုသူ့ကို ကြည့်လိုက်ရာ ကာတွန်းဆရာ၊ လုပ်ငန်းရှင် သီဟ(စခန်းသစ်) ဖြစ်နေလေသည်။

ဝိတ်ကျပြီး ပိန်သွားသဖြင့် ရုတ်တရက် မည်သူမှန်း မမှတ်မိနိုင်ချေ။ မျက်နှာအမူအရာက ရွှင်ရွှင်လန်းလန်း မရှိ။ အလုပ်များ၊ပင်ပန်းသောကြောင့် ဖြစ်နိုင်သည်။

”ဟေ့…လုပ်ငန်းရှင်ကြီး၊ မတွေ့တာ ကြာပြီနော်။ လုပ်ငန်းရှင်ဖြစ်ပေမယ့် ဒီလိုဆိုင်မျိုးမှာ ထိုင်တာ၊ ဟိတ်ကြီးဟန်ကြီး မရှိတာ ချီးကျူးတယ်ကွာ။ ဒီလို ဘဝမမေ့တဲ့သူဆိုတာ အင်မတန်ရှားတာပဲ”

ရန်လိုကျွဲက တရင်းတနှီး ပြောဆိုသော်လည်း ကာတွန်းဆရာက ကြားပုံမရ။ အလွန်တရာ ပင်ပန်းနွမ်းနယ်နေဟန်တူသည်။ အတန်ကြာမှ အားယူပြီး မချိပြုံး ပြုံးပြသည်။

”ကျွန်တော် လုပ်ငန်းရှင် မဟုတ်တော့ဘူး။ ကာတွန်းဆရာပြန်ဖြစ်သွားပြီ”

စခန်းသစ်ရွာရှိ အိမ်နှင့် ခြံများကို ရောင်းပြီး သူ၏ ဆတ်သားခြောက်လုပ်ငန်းကို တည်ထောင်နိုင်ခဲ့ကြောင်း၊ လုပ်ငန်းစတင်ပြီး နှစ်လအတွင်း ပြိုင်ဘက်များ မနာလိုစရာကောင်းလောက်အောင် အောင်မြင်မှု ရခဲ့ကြောင်း ကိုသီဟက ရှင်းပြသည်။ ပြိုင်ဘက်လုပ်ငန်း ငါးခုခန့် အရှုံးပေါ်သဖြင့် လုပ်ငန်း ရပ်ဆိုင်းသွားသည်။

ရန်လိုကျွဲ ဝမ်းသာသွားသည်။ သူ့ထံမှ အကြံဉာဏ်ရယူသွား

သူတစ်ဦး၏ အောင်မြင်မှုအကြောင်း ကြားရသဖြင့် ဝမ်းသာရခြင်း ဖြစ်သည်။ အလုပ်များလွန်းသဖြင့် သူ၏ ကာတွန်းအသစ်များ မီဒီယာတွင် ထပ်ပေါ်မလာခြင်း ဖြစ်မည်ဟူသော ယူဆချက် မှန်ကန်နေလေပြီ။ အောင်မြင်သော လုပ်ငန်းရှင် ဖြစ်လာသူသည် နောက်မိန်းမတစ်ယောက်ထပ်ယူပြီးနောက် မယားကြီး၊ မယားငယ်တို့ကြား ဗျာများပြီး သကာလ ယခု မြင်တွေ့ရသည့်အတိုင်း အနည်းငယ် ပိန်သွားကာ မရွှင်မလန်း ပင်ပန်းသည့် အနေအထားသို့ ရောက်နေခြင်း ဖြစ်ပေမည်။

ဘဝဇာတ်ဆရာ ကျီစယ်ခြင်း

”ဟဲဟဲ…ကိုသီဟ အောင်မြင်တဲ့ လုပ်ငန်းရှင်ဖြစ်ပြီဆိုတော့ နောက်မိန်းမ ယူဖြစ်တယ် ဆိုပါတော့”

ကိုသီဟ မဲ့ပြုံးပြုံးပြပြီး ခေါင်းယမ်းလိုက်သည်။ ”ကျွန်တော် နောက်မိန်းမယူဖို့ ကံကြမ္မာက မျက်နှာသာမပေးပါဘူးဗျာ”

ကိုသီဟ၏ အမူအရာကို ကြည့်ပြီး ရန်လိုကျွဲ အားနာသွားသည်။ အားနာမှုသည် ထိုမျှနှင့် ရပ်မနေပေ။

”မိန်းမတစ်ယောက် ထပ်ယူဖို့ စိတ်ကူးနေတုန်းမှာပဲ ကျွန်တော့်ရဲ့ အောင်မြင်စပြုနေတဲ့လုပ်ငန်း ပျက်စီးခြင်းငါးပါး ဆိုက်တော့တာပဲ။ ဆတ်သားမျိုးစုံ ထုတ်လုပ်ဖြန့်ဝေရေး လုပ်ငန်းကြီးတွေကို သက်ဆိုင်ရာက ရှောင်တခင် ဝင်စစ်တဲ့ကာလတစ်ခုမှာ တောရိုင်းတိရစ္ဆာန် ကာကွယ်ရေးဆိုင်ရာ ဥပဒေနဲ့ ငြိစွန်းတယ်ဆိုပြီး အရေးယူခံလိုက်ရတဲ့သူတွေထဲ ကျွန်တော့်လုပ်ငန်းလည်းပါသွားတယ်လေ”

”စိတ်ဓာတ်မကျပါနဲ့ ကိုသီဟရေ၊ ခင်ဗျားထုတ်တဲ့ ဆတ်သားဆိုတာ အစစ်မဟုတ်ဘူးဆိုပြီး အမှန်အတိုင်း ဝန်ခံလိုက်ပေါ့ဗျာ။ ဒါဆို တောရိုင်းဥပဒေသာမက မြို့ရိုင်းဥပဒေကိုပါ ကြောက်စရာ မလိုတော့ဘူး”

ကျွန်ုပ် မည်သို့ပင် နှစ်သိမ့်စေကာမူ ကိုသီဟ၏ သောကဝေဒနာက ပြေလျော့မသွားချေ။ သူပြောလိုက်သည့် စကားကြောင့် ကျွန်ုပ်၏ အကြံပေးချက်မှာ သဲထဲရေကျသကဲ့သို့ ဖြစ်သွားလေသည်။

”ဆတ်သားမဟုတ်ဘူးပြောရင် တောရိုင်းဥပဒေနဲ့ မငြိလည်း လိမ်လည်မှုနဲ့ သေချာပေါက် ငြိပြီး အမှုပိုကြီးမယ်လို့ သက်ဆိုင်ရာက ပြောသဗျ။ ဟိုအသား ဒီအသား ထုထောင်းထုပ်ပိုးပြီး ဆတ်သားတံဆိပ်ကပ်ခြင်းဟာ လိမ်လည်မှု၊ စားသုံးသူအကျိုးပျက်စေမှုဖြစ်တာကြောင့် အမှုပိုကြီးမယ်တဲ့။ ကျွန်တော်က စီးပွားရေးသမားဖြစ်ဖို့ ကံမပါဘူးထင်ပါရဲ့ဗျာ”

ကျွန်ုပ်တို့၏ စကားဝိုင်းလည်း ငြိမ်သက်သွားလေသည်။

နိဂုံး

ကိုသီဟသည် သီဟ(စခန်းသစ်) ကလောင်အမည်ဖြင့် ကာတွန်းများကို အဆက်မပြတ် ဖိဆွဲနေလေသည်။

ကျွန်ုပ် ရန်လိုကွဲျလည်း အကြံဉာဏ် လိုအပ်နေသူများကို ဝန်ဆောင်မှု အဆက်မပြတ် ပေးလျက်ရှိသည်။ စာရှုသူမိတ်ဆွေ အကြံဉာဏ် လိုအပ်ပါက အချိန်မရွေး ဆက်သွယ်နိုင်ပါသည်။ ဆတ်သားခြောက်လုပ်ငန်း လုပ်ကိုင်ရန် အကြံပေးမည်မဟုတ်ကြောင်းကိုတော့ အထူး အာမခံပါသည်။        ။

၂၀၁၇-အောက်တိုဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၅၀) မှ သရော်စာ ဖြစ်ပါသည်။

ရန်လိုကျွှဲ ရေးသည်။

 

အမျိုးအစား - သရော်စာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."