အောင်ပိုင်
ရန်ကုန် – ၂၀၂၀ အောက်တိုဘာ ၂၀
စိုက်ပျိုးရေးကဏ္ဍအပေါ် ကိုဗစ်ရိုက်ခတ်မှု ကုစားရေးအတွက် ငွေကျပ် ၁၅ ဘီလီယံနီးပါးသုံးပြီး မျိုးကောင်းမျိုးသန့်စပါး စိုက်ပျိုးထုတ်လုပ်နေသည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနက ပြောသည်။
COVID – 19 ရောဂါ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ တစ်နိုင်ငံလုံးအနှံ့ မျိုးသန့်စပါးစိုက်ပျိုးသည့် ဧကတစ်သိန်းသတ်မှတ်ပြီး ငွေကျပ် ၁၄,၉၁၁ ဒသမ ၃၃ သန်း ချပေးထားခြင်းဖြစ်သည်ဟု စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသီဟထွန်းက ဆိုသည်။
“စိုက်တာကနေ ရိတ်သိမ်းတဲ့အထိ တစ်ရာသီစာ လုပ်ခက တစ်ဧကကို တစ်သိန်းလေးသောင်းပေးပါတယ်။ သတ်မှတ်ချက်တွေနဲ့ အညီစိုက်ပျိုးတဲ့ တောင်သူတွေကိုပဲ ပေးတာပါ။” ဟု ၎င်းကဆိုသည်။
မျိုးကောင်းမျိုးသန့်စပါးတွင် အရည်အသွေးကောင်းနှင့် အထွက်ကောင်းဟူ၍ နှစ်မျိုးသတ်မှတ်ပြီး တစ်ဧကလျှင် အရည်အသွေးကောင်းမျိုးစေ့ခအတွက် တစ်သောင်းငါးရာကျပ်၊ အထွက်ကောင်းမျိုးစေ့ခအတွက် ရှစ်ထောင့်ငါးရာကျပ် ထောက်ပံ့ပေးသည်ဟု ၎င်းက ရှင်းပြသည်။
ထို့ကြောင့် တောင်သူတစ်ဦးသည် အရည်အသွေးကောင်းမျိုးသန့် တစ်ဧကအတွက် လုပ်ခ နှင့် မျိုးစေ့ခ နှစ်ခုပေါင်း ၁၅၀,၅၀၀ ကျပ် ရမည်ဖြစ်ပြီး အထွက်ကောင်းမျိုးသန့် တစ်ဧကအတွက် လုပ်ခနှင့် မျိုးစေ့ခ နှစ်ခုပေါင်း ၁၄၈,၅၀၀ ကျပ် ရည်မည်ဖြစ်သည်။
ထိုထောက်ပံ့ငွေများကို စက်တင်ဘာလက သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်းအလိုက် စိုက်ပျိုးရေးဦးစီးဌာနရုံးများမှတစ်ဆင့် တောင်သူများထံ ပေးအပ်ခဲ့ပြီးဖြစ်သည်ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကိုက ပြောသည်။
စိုက်ပျိုးရေးဦးစီးဌာန၏ အချက်အလက်အများအရ နေပြည်တော်တိုင်းအပါအဝင် တစ်နိုင်ငံလုံးတွင် ဧကတစ်သိန်းအတွက် မျိုးကောင်းမျိုးသန့်စိုက် တောင်သူ စုစုပေါင်း ၂၈,၈၆၁ ဦးကို ထောက်ပံ့ပေးထားပြီး ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် စိုက်ပျိုးဧက အများဆုံးဖြစ်သည်။
Photo – Ministry of Agriculture, Livestock and Irrigation
ပုံစာ – COVID – 19 စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ စိုက်ပျိုးထားသည့် ဧရာဝတီတိုင်းမှ မျိုးကောင်းမျိုးသန့်စပါးခင်း
#Dailynews

