စိန်ခေါ်မှုတွေကြားက ပြန်လည်ရုန်းထွက်လာတဲ့ ကော်သူးလေပညာရေး

စိန်ခေါ်မှုတွေကြားက ပြန်လည်ရုန်းထွက်လာတဲ့ ကော်သူးလေပညာရေး

ဒူးပလာယာ – ၂၀၂၂ ဇန်နဝါရီ (မော်ကွန်း)

နေရောင်ခြည်တိုးမပေါက်လောက်အောင် သစ်ပင်တွေအုံ့ဆိုင်းနေတဲ့တောလမ်းလေးထဲမှာ တချို့က အဖြူနဲ့အစိမ်း၊ တချို့ကအဖြူနဲ့အပြာ၊ တချို့က ကရင်ရိုးရာဝတ်စုံတွေ ဝတ်ဆင်ထားကြတဲ့ လွယ်အိတ်ကိုယ်စီနဲ့ကလေးငယ်တွေဟာ အချင်းချင်းစနောက်ပြေးလွှားကစားရင်း စာသင်ကျောင်းဆီ ဦးတည်သွားနေကြတယ်။

ကျောင်းတက်ခေါင်းလောင်းထိုးတဲ့အခါမှာတော့ ဘောလုံးကွင်းတစ်ကွင်းစာကျယ်တဲ့ ကျောင်းရှေ့မျက်နှာစာမှာ တလူလူလွှင့်ထူထားတဲ့ ကရင့်အလံကို ဆရာတွေနဲ့ကျောင်းသားတွေဟာ တန်းစီအလေးပြုကြတယ်။ အဲဒီနောက်မှာတော့ ကော်သူးလေနိုင်ငံတော်သီချင်းကို စကောကရင်ဘာသာစကားနဲ့ ရွတ်ဆိုကြပါတော့တယ်။

ဒါဟာ ကရင်အမျိုးသားအစည်းအရုံး (Karen National Union – KNU) အုပ်ချုပ်နယ်မြေ၊ ကော်သူးလေပြည်နယ်၊ ဒူးပလာယာခရိုင်ထဲက မိကသိုကျေးရွာအလယ်တန်းကျောင်းရဲ့ တစ်နေ့တာအစပါ။ ကော်သူးလေပြည်နယ်ထဲက တခြားကျောင်းတွေဟာလည်း သူတို့ရဲ့တစ်နေ့တာကို အခုလိုပဲစတင်ကြပါတယ်။

မြန်မာအစိုးရအုပ်ချုပ်မှုအောက်ကကျောင်းတွေဟာ ၂၀၂၀ မှာ COVID-19 ကပ်ရောဂါကြောင့် ပိတ်ထားခဲ့ရသလို ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက်မှာ စစ်တပ်က တစ်ကျော့ပြန်အာဏာသိမ်းပြီး နောက်ပိုင်းမှာလည်း ကျောင်းအများစုဖွင့်လှစ်နိုင်ခြင်းမရှိဖြစ်နေချိန်မှာ ကော်သူးလေပြည်နယ်ထဲက ကျောင်းတွေဟာ စိန်ခေါ်မှုတွေကြားကနေ သူတို့ရဲ့ပညာရေးခရီးကြမ်းကို အရှိန်မြှင့်တင်လိုက်ကြပါတယ်။

ကရင်ပညာရေးနဲ့ယဉ်ကျေးမှုဌာန (Karen Education and Culture Department – KECD) ဟာ ကော်သူးလေနယ်မြေထဲမှာရှိတဲ့ မြန်မာအစိုးရနဲ့ဖက်စပ်စာသင်ကျောင်းတွေအားလုံးကို ကရင့်ပညာရေးစနစ်ထဲသွတ်သွင်းပြီး ကရင့်သင်ရိုး၊ ကရင့်ဘာသာစကားနဲ့ ပြောင်းလဲသင်ကြားစေပါတယ်။

ကပ်ရောဂါကူးစက်မှု မရှိသလောက်နည်းပါးတဲ့ ကော်သူးလေထဲကကျောင်းတွေကို ပိတ်ထားမယ်ဆိုရင် သင်ကြားမှုရပ်တန့်သွားနိုင်တာကြောင့် သူတို့ဒေသကအစိုးရဖက်စပ်ကျောင်းတွေကို ကော်သူးလေ ပညာရေးစနစ်အောက်ကို ပြန်ပေါင်းလိုက်တာလို့ KNU ပညာရေးအတိုင်ပင်ခံ စောကပိကပြောပါတယ်။

အဲဒီအခါမှာ အစိုးရဖက်စပ်ကျောင်းတွေမှာတက်နေတဲ့ ကရင်ကျောင်းသားတွေလည်း ကော်သူးလေကို ပြန်လာကြတာမို့ ကော်သူးလေကျောင်းတွေမှာ အရင်ထက် ကျောင်းသား ၂၀ ရာခိုင်နှုန်းလောက် ပိုများလာတယ်လို့ စောကပိကပြောပါတယ်။

ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် မိကသိုကျေးရွာ အလယ်တန်းကျောင်းက စာသင်ခန်း (ဓါတ်ပုံ – မော်ကွန်း)

KECD ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားချက်အရ ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်အထိ ကော်သူးလေ စာသင်ကျောင်း ၁,၅၀၀ နီးပါးနဲ့ ကျောင်းသား ၁၆၅,၀၀၀ လောက်ရှိတယ်လို့ ဆိုပါတယ်။ ဆရာ၊ ဆရာမ ဦးရေကတော့ ၁၁,၅၀၀ နီးပါးရှိတယ်လို့ဆိုပါတယ်။

ကော်သူးလေကျောင်းနဲ့ ကော်သူးလေသင်ရိုး

ကရင်လူမျိုးတွေရဲ့နိုင်ငံအမည်ဖြစ်တဲ့ ကော်သူးလေမှာ သထုံခရိုင်၊ တောင်ငူခရိုင်၊ ညောင်းလေးပင်ခရိုင်၊ ထားဝယ်ခရိုင်၊ ဖာပွန်ခရိုင်၊ ဒူးပလာယာခရိုင်နဲ့ ဘားအံခရိုင်ဆိုပြီး ခရိုင်ခုနစ်ခုရှိပါတယ်။ ခရိုင်တစ်ခုစီမှာ တပ်မဟာတစ်ခုစီရှိပါတယ်။

ကော်သူးလေနယ်မြေမှာ ကျောင်းအမျိုးအစားသုံးမျိုးရှိပါတယ်။ KECD အောက်က ကော်သူးလေ စာသင်ကျောင်း၊ မြန်မာအစိုးရဖက်စပ်ကျောင်းနဲ့ ဘာသာရေးအဖွဲ့အစည်းတွေက ဦးဆောင်တဲ့ကျောင်းတွေ ဖြစ်ပါတယ်။

ကော်သူးလေကျောင်းတွေဟာ ကရင်ဘာသာစကားနဲ့ အင်္ဂလိပ်ဘာသာစကားကိုအဓိကအသုံးပြုပြီး KECD ရဲ့ ကိုယ်ပိုင်သင်ရိုးညွှန်းတမ်းနဲ့ သင်ကြားပါတယ်။
ဘာသာရေးနဲ့ဆက်နွှယ်တဲ့ ဘုန်းတော်ကြီးသင်ကျောင်းနဲ့ ခရစ်ယာန်ဘာသာ စာသင်ကျောင်းတွေကတော့ အရေအတွက်နည်းပါးတယ်လို့ KNU ဗဟိုကော်မတီဝင်လည်းဖြစ်သူ ဒူးပလာယာခရိုင်ပညာရေးမှူး ပဒိုမန်းကနေဒီကပြောပါတယ်။

ဖက်စပ်ကျောင်းတွေမှာတော့ မြန်မာတစ်နိုင်ငံလုံးအသုံးပြုတဲ့ အစိုးရသင်ရိုးကိုအဓိကသင်ရပြီး ကရင်ဘာသာစကား၊ ယဉ်ကျေးမှုဘာသာရပ်တွေကိုလည်း ထည့်သွင်းသင်ရတယ်လို့ ကျောင်းဆရာတွေက ပြောပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်မှာ NCA ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးလိုက်တဲ့အခါ KNU ထိန်းချုပ်နယ်မြေတချို့ကို မြန်မာအစိုးရရဲ့ အစီအစဉ်တွေလုပ်ဆောင်ဖို့ လမ်းဖွင့်ပေးလိုက်ရတဲ့ အနေအထားဖြစ်သွားခဲ့ပြီး ကရင့်စာသင်ကျောင်းတွေလည်း ပါဝင်သွားခဲ့ပါတယ်။

ဒီဖက်စပ်ကျောင်းတွေဟာ KECD ရဲ့သင်ရိုးအတိုင်းမဟုတ်တော့ဘဲ မြန်မာတစ်နိုင်ငံလုံးအသုံးပြုတဲ့ အစိုးရသင်ရိုးတွေပါဝင်လာတာကြောင့် ကရင့်ပညာရေးစနစ်ကို အနှောက်အယှက်အဟန့်အတား ဖြစ်နေစေတာလို့ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ် ကော်သူးလေပညာရေးမှူး ပဒိုမန်းရှားထူးဝေါ်က ဆိုပါတယ်။
ကော်သူးလေမှာ ၁၂ တန်းအထိ ပညာသင်ကြားရပါတယ်။ ကရင်၊ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ ၊ သိပ္ပံ၊ သမိုင်း၊ ပထဝီ၊ လူမှုရေးဆိုပြီး ဘာသာရပ်ရှစ်မျိုးသင်ကြားရပါတယ်။

မြန်မာစာမှာဆိုရင် သဒ္ဒါ၊ ကဗျာ၊ စကားပြေရေးသားရွတ်ဖတ်ခြင်းတွေသင်ကြားပြီး ကရင်လူမျိုးတွေနဲ့ ကိုက်ညီမယ့် အကြောင်းအရာ၊ ဇာတ်လမ်း၊ တောတောင်ရေမြေစတဲ့ သင်ခန်းစာတွေလည်း ထည့်သွင်းထားပါတယ်။

သမိုင်းဘာသာရပ်မှာတော့ လူမျိုးကြီးဝါဒသွတ်သွင်းထားတာတွေပါဝင်တယ်လို့ ဝေဖန်တာတွေရှိနေတဲ့ မြန်မာဘုရင်သမိုင်းကြောင်းတွေကိုဖြုတ်ထားပြီး ကရင့်သမိုင်း၊ ကရင့်ခေါင်းဆောင်တွေအကြောင်းကို ဖြည့်စွက်ထားပါတယ်။

သိပ္ပံဘာသာရပ်မှာတော့ ဓါတုဗေဒ၊ ရူပဗေဒနဲ့ ဇီဝဗေဒဘာသာရပ်တွေကို တစ်အုပ်တည်းမှာ ပေါင်းထားပါတယ်။

ပထဝီဝင်ကို အင်္ဂလိပ်ဘာသာနဲ့သာသင်ကြားပြီး ဖတ်စာအုပ်တွေဟာလည်း အင်္ဂလိပ်ဘာသာစကားနဲ့ပဲ ရိုက်နှိပ်ထားတာပါ။

အရှေ့ပိုး၊ အနောက်ပိုးနဲ့ စကောကရင်ဆိုပြီး ဘာသာစကားသုံးမျိုးရှိတဲ့အနက် ရုံးသုံးဘာသာစကားဖြစ်တဲ့ စကောကရင်ဘာသာကို ကော်သူးလေဖတ်စာအုပ်မှာ အသုံးပြုပေမယ့် စာသင်ကြားတဲ့အခါမှာတော့ ကျောင်းသားတွေရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး ဘာသာစကားအစုံ အသုံးပြုပါတယ်။

သိပ္ပံဘာသာသင်ဆရာတစ်ယောက်ကတော့ သူ့အတန်းထဲမှာ ပိုး၊ စကောအပြင် မြန်မာစကားနဲ့ရှင်းပြမှ နားလည်မယ့် ကျောင်းသားတွေလည်းပါဝင်နေလို့ တစ်မျိုးစီရှင်းပြရတယ်လို့ဆိုတယ်။

“ကျွန်တော့်အချိန်က ၄၅ မိနစ်ဆိုရင် အချိန်တစ်ဝက်လောက်က ဘာသာစကားကြောင့် ထပ်ရှင်းပြရတာမျိုးဖြစ်နေတယ်” လို့ အထက်ပါသိပ္ပံဘာသာရပ်ဆရာကပြောပြတယ်။

ပညာရေးနဲ့ နီးစပ်ကျွမ်းကျင်သူတွေကတော့ ကော်သူးလေကျောင်းတွေဟာ အင်္ဂလိပ်ဘာသာရပ်သင်ကြားမှုမှာ ပိုအားကောင်းတာမို့ ဒီကျောင်းဆင်းတွေဟာ အင်္ဂလိပ်စာမှာပိုတော်ကြတယ်လို့ ဆိုကြတယ်။

ကော်သူးလေစာသင်ခန်း အင်္ဂလိပ်ဘာသာရပ် သင်ကြားချိန် (ဓါတ်ပုံ – မော်ကွန်း)

KNU ပညာရေးအတိုင်ပင်ခံ စောကပိက ခုလက်ရှိသင်ရိုးဟာ ကရင်ပညာရေးဌာန ထူထောင်စဉ်ကတည်းက ရှိနှင့်ပြီးသားသင်ရိုးတွေကို အဆင့်မြှင့်တင်ထားတာလို့ ပြောပါတယ်။ နိုင်ငံတကာပညာရေးအဖွဲ့အစည်းတွေနဲ့ တိုင်ပင်တာမျိုး၊ သင်ရိုးရေးဆွဲမှုကျွမ်းကျင်သူတွေနဲ့အတူ ရေးဆွဲထားတာမျိုးလည်းရှိတယ်လို့ သူကပြောတယ်။
ပညာရေးနယ်ပယ်က ပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာသိန်းလွင်ကတော့ ကရင်ပညာရေးစနစ်မှာ အားသာချက်တွေရှိပြီး ပညာရေးလွတ်လပ်ခွင့်ရရှိသွားတာလို့ သူကသုံးသပ်ပါတယ်။

ကိုယ်ပိုင်ပြဌာန်းတဲ့သင်ရိုးနဲ့ ကရင်လူမျိုးတွေရဲ့ဘာသာစကားကို အသုံးပြုပြီးသင်ကြားတဲ့အတွက် ကျောင်းသားတွေနဲ့ကိုက်ညီမှုရှိပြီး သမိုင်း၊ ပထဝီ၊ လူမှုရေးဘာသာရပ်တွေမှာ ကောင်းမွန်စွာနားလည်အောင် ကျောင်းသားတွေကိုရှင်းပြနိုင်တယ်လို့ သူကပြောတယ်။

ဒါပေမယ့် သိပ္ပံပညာရပ်တွေကို သင်ကြားတဲ့ဆရာတွေရဲ့ ဘာသာရပ်တွေအပေါ် ပိုင်နိုင်မှုနဲ့ သင်ထောက်ကူပစ္စည်းတွေမစုံလင်ရင်တော့ အဲဒီဘာသာရပ်တွေမှာ အားနည်းနိုင်တယ်လို့ ထောက်ပြပါတယ်။

“လူမှုရေးဘာသာရပ်တွေမှာ အားကောင်းတယ်။ အထူးသဖြင့် အားကောင်းတာကတော့ အင်္ဂလိပ်စာပဲ။ နယ်စပ်ဒေသတွေမှာ ဖွင့်တဲ့ကျောင်းတွေဆိုရင် နိုင်ငံခြားကလုပ်အားပေးဆရာတွေ၊ အင်္ဂလိပ်စကားပြောတဲ့ဆရာတွေ သင်တာဖြစ်တဲ့အတွက် တော်တော်လေးအားကောင်းတယ်” လို့ ဒေါက်တာသိန်းလွင်က ပြောပါတယ်။

သူဟာ Thinking Classroom ဆိုတဲ့ ပညာရေးအဖွဲ့အစည်းကို တည်ထောင်ထားပြီး အင်္ဂလန်နိုင်ငံက ပညာရေးပါရဂူဘွဲ့ကို ရရှိထားသူဖြစ်ပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက် မြန်မာ့ပညာရေးလှုပ်ရှားမှုဖြစ်တဲ့ National Network for Educational Reform (NNER) ရဲ့ ဦးဆောင်သူတွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။

ကော်သူးလေ ပညာရေးခရီးကြမ်း

ကိုလိုနီခေတ်မှာ ကရင်တွေရဲ့ပညာရေးစနစ်ဟာ “သူ့အကျိုးစီးပွား ကင်းလွတ်တယ်လို့ပြောလို့မရပေမယ့် ကျွန်တော်တို့ ကရင်လူမျိုးတွေ ပညာရေးမှာ မြှောက်စားခံခဲ့ရတယ်” လို့ ဒူးပလာယာခရိုင်ပညာရေးမှူး ပဒိုမန်းကနေဒီက ဆိုတယ်။

ဒုတိယကမ္ဘာစစ်မတိုင်ခင်မှာ ကရင့်စာသင်ကျောင်းတွေဟာ အင်္ဂလိပ်၊ ကရင်ဘာသာစကားတွေနဲ့ အဓိကအသုံးပြု သင်ကြားခဲ့တယ်လို့ KNU ဝက်ဘ်ဆိုက်မှာ ဖော်ပြပါတယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာ မြန်မာစာကို ပြောင်းလဲလိုက်တာကြောင့် ဘာသာစကားပြဿနာ စတင်လာခဲ့တယ်လို့ဆိုပါတယ်။

ကရင့်ပညာရေးဌာနကို ၁၉၅၆ မှာ တည်ထောင်ခဲ့ပြီး ပထမဆုံး ဆရာအတတ်သင်ကောလိပ်ကို ၁၉၅၈ မှာ ဖွင့်လှစ်လိုက်ပါတယ်။

ပဒိုမန်းကနေဒီဟာ ငယ်စဉ်ကတည်းက ကရင်တော်လှန်ရေးမှာပါဝင်ခဲ့သူဖြစ်ပြီး ခုထိမှတ်မိနေတဲ့ အတိတ်ကအဖြစ်အပျက်တွေ ရှိနေပါတယ်။

၁၉၉၀ ဝန်းကျင်မှာ စစ်အစိုးရက သူတို့ကရင်ရွာတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အိုးအိမ်တွေစွန့်ခွာပြီး ထွက်ပြေးကြရတဲ့ ကရင်စစ်ရှောင်တွေဟာ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ နှစ်အတော်ကြာခိုလှုံခဲ့ရပါတယ်။

အဲဒီလို ထွက်ပြေးတိမ်းရှောင်ကြရင်း ကော်သူးလေကျောင်းတွေ တစ်ခုပြီးတစ်ခုပေါ်လာခဲ့သလို ထိုင်းနိုင်ငံက ဒုက္ခသည်စခန်းတွေမှာလည်း ကော်သူးလေရဲ့ပညာရေးစနစ်ကို အကောင်အထည်ဖော်နိုင်ခဲ့တယ်လို့ ပညာရေးအတိုင်ပင်ခံစောကပိကပြောပါတယ်။

၁၉၈၈ စက်တင်ဘာကလည်း ကော်သူးလေ မဲသဝေါစခန်းကို စစ်အစိုးရက ထောင်ချီတဲ့စစ်အင်အားနဲ့အတူ အမြောက်တပ်ရင်းတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မဲသဝေါစခန်းကျခဲ့ပြီး ကရင်ပြည်သူတွေဟာ ဒုက္ခသည်စခန်းတွေဆီ ရောက်ခဲ့ရပါသေးတယ်။

အဲဒီနောက် စစ်အစိုးရလက်ထဲ ကျရောက်သွားခဲ့တဲ့နယ်မြေတွေကို တဖြည်းဖြည်းပြန်လည်သိမ်းပိုက်ပြီး စာသင်ကျောင်းတွေ အသစ်တဖန်ပြန်ဆောက်ခဲ့ရတယ်လို့ ပဒိုမန်းကနေဒီက ပြောပြပါတယ်။

ကိုယ်ထူကိုယ်ထစနစ်

ကော်သူးလေကျောင်းတွေဖြစ်ပေါ်လာဖို့ ကရင်ပြည်သူလူထုကိုယ်တိုင်က စတင်ရတာပါ။ ကျောင်းဆောက်ဖို့ လိုအပ်တဲ့ သစ်၊ ဝါးတွေကို KNU ရဲ့ ခွင့်ပြုချက်ယူပြီး ခုတ်ယူကြရပါတယ်။

ကော်သူးလေမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သစ်တောတွေကို ဥပဒေနဲ့တားမြစ်ထားတာမို့ KNU သစ်တောဌာနကို ခုတ်ယူခွင့်တောင်းရတာပါ။

ရပ်ရွာက သစ်တွေ ဝါးတွေနဲ့ ဝိုင်းဝန်းတည်ဆောက်ထားတဲ့ ခုဒုံရွာ အထက်တန်း တိုးချဲ့ စာသင်ဆောင် (ဓါတ်ပုံ – မော်ကွန်း)

အဲဒီနောက် ကရင်ပညာရေးနဲ့ယဉ်ကျေးမှုဌာနက ချပေးတဲ့ ဆရာ၊ ဆရာမတွေဟာ ကျောင်းအသီးသီးမှာ အခမဲ့ တာဝန်ထမ်းဆောင် သင်ကြားပေးကြပါတယ်။

ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတစ်ကျောင်းဖြစ်လာဖို့ ပြည်ပရောက် ကရင်လူမျိုးတွေရဲ့ ထောက်ပံ့လှူဒါန်းမှုတွေနဲ့ ရပ်ရွာရဲ့စုပေါင်းထည့်ဝင်မှုတွေလုပ်ရပါတယ်။

ကော့ကရိတ်မြို့နယ်က ခုဒုံရွာကျောင်းဆိုရင် ဆရာ ၃၀ ကျော်ရှိပြီး သူတို့အတွက် ရွာက နေစရာ စီစဉ်ပေးရသလို တစ်နှစ်စာ စပါးနဲ့ အသုံးစရိတ်တွေကိုလည်း ထောက်ပံ့ကြရပါတယ်။

ကရင်ပညာရေးနဲ့ယဉ်ကျေးမှုဌာနက ဆရာတစ်ဦးကို တစ်နှစ်စာထောက်ပံ့ကြေး ထိုင်းဘတ်ငွေ ၉,၀၀၀ ပေးတယ်လို့ ကော့ကရိတ်မြို့နယ်၊ လန်းဖား အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး နန်းပုံးလုံးအွာက ပြောပါတယ်။ လက်ရှိမြန်မာကျပ်ငွေနဲ့ဆို ၅၂၀,၀၀၀ ဝန်းကျင်ရှိတာကြောင့် တစ်လကို ကျပ် ၄၃,၀၀၀ ဝန်းကျင်ဖြစ်ပါတယ်။

ခုဒုံရွာကျောင်းက မူလတန်းဆရာစောအဲဒါးကတော့ ဒီပမာဏဟာ လူပျိုလူလွတ်အရွယ်မှာ အဆင်ပြေနိုင်သေးပေမယ့် အိမ်ထောင်ကျတဲ့အခါမှာတော့ အခက်အခဲတွေရှိလာနိုင်တယ်လို့ ပြောပါတယ်။

ကော်သူးလေအစိုးရမှာ တာဝန်ထမ်းဆောင်ကြသူတွေဟာ လစာမရကြပါဘူး။ ဒါက နှစ် ၇၀ ကျော် တော်လှန်ရေးနဲ့အတူ ကော်သူးလေတည်ဆောက်ရေးမှာ ပါဝင်ကြတဲ့စိတ်ဓါတ်လို့ ကရင်လူမျိုးအများစုက လက်ခံထားကြတာကိုတွေ့ရပါတယ်။

ကိုယ်ထူကိုယ်ထကျောင်းတွေဟာ ရပ်ရွာကိုအခြေပြုမှီခိုရတာဖြစ်လို့ ရပ်ကြီးရွာကြီးနဲ့ လူဦးရေများတဲ့နေရာ၊ စီးပွားရေးကောင်းတဲ့နေရာကကျောင်းတွေဟာ ဆရာတွေကိုထောက်ပံ့မှုပိုပေးနိုင်ပေမယ့် စီးပွားရေးလည်း မဖြစ်ထွန်း၊ လူဦးရေလည်းနည်းတဲ့ရွာငယ်တွေမှာတော့ ကျောင်းလည်ပတ်ဖို့ အသုံးစရိတ်တွေကို ရုန်းကန်အားထုတ်နေရပါတယ်။

တစ်ချိန်က နိုင်ငံတကာအဖွဲ့အစည်းတွေဆီကနေ ကော်သူးလေပညာရေးအတွက် အထောက်အပံ့ အကူအညီတွေရခဲ့ဖူးပေမယ့် ဦးသိန်းစိန်အစိုးရလက်ထက် ငြိမ်းချမ်းရေးလက်မှတ်ထိုးလိုက်တဲ့အခါ ဒီအကူအညီတွေဟာ သူတို့ဆီတိုက်ရိုက်မလာတော့ဘဲ မြန်မာအစိုးရကတစ်ဆင့် ဝင်ရောက်တဲ့ ပုံစံဖြစ်သွားတာကြောင့် ပိုခက်ခဲလာတယ်လို့ ကော်သူးလေပညာရေးအကြံပေး စောကပိကပြောပါတယ်။

မြန်မာအစိုးရဟာ စာသင်ကျောင်းတွေအတွက် ဘတ်ဂျတ်ထည့်သွင်းတဲ့အခါ ဖက်စပ်ကျောင်းတွေကိုပါ ထည့်သွင်းပေမယ့် မူဝါဒပိုင်းဆိုင်ရာချုပ်ကိုင်မှုတွေပါဝင်လာတာမို့ KNU က ငြင်းထုတ်ခဲ့တယ်လို့ သူကဆိုပါတယ်။

“(မြန်မာ)အစိုးရဆီက လာတယ်ဆိုရင် (နိုင်ငံတော်)အလံထောင်တာတို့၊ သူတို့(မြန်မာ)ဘာသာစကားနဲ့ သင်ရမယ်တို့ လုပ်လာတဲ့အခါကျ ကျွန်တော်တို့လည်း ငြင်းဆန်ပြီးတော့ မလုံလောက်တဲ့ ဘတ်ဂျတ်အခက်အခဲတွေလည်း ကြုံခဲ့ရဖူးတယ်”လို့ စောကပိက ဆိုတယ်။

ကရင်ပညာရေးက ခေါင်းဆောင်တချို့ကတော့ ကရင့်ကျောင်းတွေကို မြန်မာအစိုးရက မြန်မာကျောင်းပုံစံလုပ်ပစ်တယ်လို့ မြင်ကြပါတယ်။

ဖက်စပ်ကျောင်းဖြစ်သွားခဲ့တဲ့ ကော်သူးလေကျောင်းတွေဟာ အခုအချိန်မှာတော့ ကရင့်လက်ထဲ ပြန်ရောက်လာပြီး ကော်သူးလေပညာရေးစနစ်အတိုင်း သွားခွင့်ရတာကို ကရင်လူထူအများစုက ကျေနပ် နှစ်သက်ကြတယ်လို့ဆိုပါတယ်။

ကရင့်ပညာရေးဟာ ဖက်ဒရယ်ပညာရေးလား

ကရင့်ပညာရေးဟာ ဖက်ဒရယ်ပညာရေးလို့ ပြည့်ပြည့်စုံစုံခေါ်ဆိုလို့ ရနိုင်မှာမဟုတ်သေးပေမယ့် အတိုင်းအတာတစ်ခုထိတော့ ပြောလို့ရနိုင်ကြောင်း ကော်သူးလေပညာရေးအတိုင်ပင်ခံ စောကပိက ပြောပါတယ်။

သူက အချက်နှစ်ချက်အပေါ်အခြေခံပြီး ဖက်ဒရယ်ပညာရေးလို့ သတ်မှတ်နိုင်တယ်လို့ ဆိုပါတယ်။

ဒေသဆိုင်ရာဘာသာစကားတွေနဲ့ ကိုက်ညီအောင်တည်ဆောက်ထားတဲ့အချက်နဲ့ ဗဟိုချုပ်ကိုင်မှုကလာတဲ့ ပညာရေးမဟုတ်တာကြောင့် ဖက်ဒရယ်ပညာရေးလို့ ခေါ်ဆိုနိုင်တယ်လို့ သုံးသပ်ပါတယ်။

“နေပြည်တော်က ချပေးလိုက်တဲ့၊ ဗဟိုကချပေးလိုက်တဲ့ ပညာရေးစနစ်မဟုတ်ဘဲနဲ့ ပြည်နယ်အဆင့်မှာတင် ကိုယ့်ရဲ့သက်ဆိုင်ရာ လိုအပ်တဲ့ဆုံးဖြတ်ချက်တွေကို ကိုယ့်ဟာကိုယ်ဆုံးဖြတ်ပြီးတော့ လုပ်တဲ့သဘောဆိုတော့ ပညာရေးဆိုင်ရာလုပ်ပိုင်ခွင့်တွေကို ကိုယ့်ဟာကိုယ် ဆုံးဖြတ်လုပ်ကိုင်ရတာကြောင့် ဖက်ဒရယ်ပညာရေးစနစ်လို့လည်း ခေါ်လို့ရတဲ့သဘောဖြစ်သွားတယ်” လို့ သူကရှင်းပြပါတယ်။

ကော်သူးလေမှာ ကရင်ဘာသာစကားတွေအပြင် အခြားဘာသာစကားပြောတဲ့သူတွေလည်း ရှိနေလို့ သူတို့တွေအတွက် ထည့်သွင်းစဉ်းစားနိုင်ဖို့ ပညာရှင်၊ နည်းပညာနဲ့ ဘတ်ဂျတ်အခက်အခဲတွေ ရင်ဆိုင်နေရသေးတယ်လို့ သူကပြောတယ်။

ဒူးပလာယာခရိုင်၊ KECD ကျောင်းတစ်ကျောင်းရဲ့ဘေး သစ်ပင်တွေအောက်က စာသင်ဝိုင်း (ဓါတ်ပုံ – မော်ကွန်း)

ဖက်ဒရယ်ပညာရေး ဘာကြောင့်လို

ဖက်ဒရယ်စနစ်ကိုသွားတဲ့အခါ ပညာရေးဟာ တိုင်းရင်းသားတွေအတွက် နိုင်ငံရေးဆိုင်ရာ ကိုယ်ပိုင်ပြဌာန်းချက်တစ်ခုအနေနဲ့ ပါဝင်လာတယ်လို့ ဒေါက်တာသိန်းလွင်က ဆိုပါတယ်။

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးချိန်ကစလို့ ခေတ်အဆက်ဆက် အချိန်အများဆုံးအုပ်ချုပ်ခဲ့တာဟာ စစ်အစိုးရဖြစ်နေပြီး သူတို့ရေးဆွဲထားတဲ့ အခြေခံဥပဒေတွေအောက်က သွားနေရတဲ့အတွက် ကိုယ်ပိုင်ပြဌာန်းခွင့်ဟာ တိုင်းရင်းသားတွေအတွက်မရခဲ့ဘူးလို့ သူကဆိုပါတယ်။

ဘာသာစကားနဲ့ သင်ရိုးညွှန်းတမ်းဟာ အဆင်မပြေဆုံးကိစ္စရပ်တွေလို့ ရှင်းပြပါတယ်။

၁၉၆၂ ဦးနေဝင်းအာဏာသိမ်းလိုက်ချိန်ကစလို့ ကျောင်းသုံးစာအုပ်ကို မြန်မာဘာသာနဲ့သာပြဌာန်းခဲ့သလို မြန်မာဘာသာစကားနဲ့ပဲ သင်ကြားကြတာကြောင့် “ဆရာတွေပြောတာလည်း တိုင်းရင်းသားတွေက နားမလည်ဘူး၊ သူတို့(ကျောင်းသားတွေ)ပြောတာ ဆရာလည်း နားမလည်ပါဘူး။ ရေးတဲ့စာတွေလည်း သူတို့(ကျောင်းသားတွေ) မဖတ်တတ်တော့ သူတို့အတွက်က အခက်အခဲရှိတယ်၊ ပညာရေးမှာ မအောင်မြင်ဘူး” လို့ သူက ပြောပါတယ်။

ဒါ့အပြင် မြန်မာလူမျိုး၊ မြန်မာစကား၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံတမ်းအစဉ်အလာတွေကို အခြေခံထားတဲ့ သင်ရိုးညွှန်းတမ်းတွေကို တိုင်းရင်းသားတွေဆီမှာ သွားသင်နေတာလို့ သူကဆက်ပြောြပတယ်။

အထူးသဖြင့် မြန်မာဘုရင်တွေကိုသာ သူရဲကောင်းအဖြစ် သင်ခန်းစာတွေမှာ အမွှန်းတင် ထည့်သွင်းထားတာဟာ “တိုင်းရင်းသားတွေအတွက် သွားအခက်အခဲ​ဖြစ်တယ်။ ကျွန်တော့်ကို မွန်က ဆရာတွေပြောပြတယ်လေ။ သူတို့အနေနဲ့က မသင်နိုင်ဘူး၊ ဘာလို့လဲဆို ဘုရင့်နောင်တို့ တပင်ရွှေထီးတို့က သူတို့ဒေသကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့သူတွေ၊ အဲဒါကို သူရဲကောင်းအဖြစ်နဲ့ သူတို့မသင်နိုင်ဘူး” လို့ ဒေါက်တာသိန်းလွင်က ထောက်ပြပါတယ်။

ပထဝီဘာသာရပ်မှာလည်း စစ်အစိုးရကသတ်မှတ်ထားတဲ့ ပြည်နယ်နယ်နိမိတ်တွေဟာ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးသမိုင်းအရရော လက်တွေ့မြေပြင်အခြေအနေနဲ့ပါ အံဝင်ခွင်ကျမဖြစ်တာတွေ ရှိတယ်လို့ သူကဆိုပါတယ်။

ဦးသိန်းစိန်အစိုးရနဲ့ NLD အစိုးရလက်ထက်တွေမှာ ဖက်ဒရယ်ပညာရေးအကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့တာတွေဟာ ဖက်ဒရယ်စနစ်ကို အခြေမခံတဲ့ ၂၀၀၈ အခြေခံဥပဒေအောက်က သွားနေရတဲ့အတွက် မအောင်မြင်ခဲ့ဘူးလို့ သူကဆိုပါတယ်။

ဒူးပလာယာခရိုင်ပညာရေးမှူး ပဒိုမန်းကနေဒီကတော့ ပြီးခဲ့တဲ့အရပ်သားအစိုးရတွေလက်ထက်မှာ ကိုယ်ပိုင်ဘာသာစကားနဲ့ သင်ရိုးညွှန်းတမ်းတွေကို တရားဝင်အသိအမှတ်ပြုပေးဖို့ KNU က သွားရောက်ညှိနှိုင်းခဲ့ပေမယ့် လျစ်လျူရှုခံခဲ့ရတယ်လို့ ဆိုပါတယ်။

စိန်ခေါ်မှုနဲ့ အခက်အခဲများ

ကိုယ်ထူကိုယ်သွားနေရတဲ့ ကော်သူးလေပညာရေးမှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေရှိနေပါတယ်။

အဓိကကျတဲ့ စိန်ခေါ်မှုတွေထဲက တစ်ခုကတော့ ကော်သူးလေကျောင်းတွေကနေ အထက်တန်းပြီးသွားသူတွေဟာ ကော်သူးလေကောလိပ်တွေကိုပဲ ဆက်တက်နိုင်ပြီး ပြည်မနဲ့ပြည်ပက အဆင့်မြင့်တက္ကသိုလ်တွေကို တိုက်ရိုက်တက်လို့မရပါဘူး။ အကြောင်းကတော့ ကော်သူးလေကျောင်းတွေဟာ ပြည်တွင်းပြည်ပမှာ တရားဝင်အသိမှတ်ပြုမခံရသေးတဲ့အတွက်ကြောင့်ပါ။

ဒါပေမဲ့ ကျောင်းသားတွေကို နိုင်ငံခြားကျောင်းတွေရဲ့ ပညာရေးအစီအစဉ်တွေ၊ ပညာတော်သင် အခွင့်အလမ်းတွေနဲ့ ချိတ်ဆက်ပေးနိုင်အောင် ကရင်ပညာရေးဌာနကကူညီနေတာတွေရှိပါတယ်။

ဥပမာ အမေရိကန်နိုင်ငံရဲ့ပညာရေး ၁၂ တန်းနဲ့ ညီမျှတဲ့ GED (General Educational Development) လို့ခေါ်တဲ့စာမေးပွဲကို ကရင်ကျောင်းသားတွေဖြေဆိုနိုင်ဖို့ လမ်းညွှန်ပေးနေတာမျိုးတွေပါ။

GED လို စာမေးပွဲအောင်ရင်တော့ နိုင်ငံတကာက ကောလိပ်၊ တက္ကသိုလ်တွေဆီ လှမ်းတက်နိုင်မယ်လို့ စောကပိက ဆိုပါတယ်။
ဒါပေမဲ့ ဒီလိုဆက်ပြီးတက်နိုင်ဖို့ဆိုတာမှာ အကန့်အသတ်များစွာရှိနေပြန်ပါတယ်။

တစ်ဘက်က လက်ခံနိုင်မယ့်ကျောင်းသားအရေအတွက်နဲ့ ကော်သူးလေဘက်ကထွက်လာတဲ့ကျောင်းသား မညီမျှမှု၊ ပညာသင်စရိတ်၊ ကျောင်းသားမိဘတွေရဲ့ အားပေးနိုင်မှုနဲ့ စီးပွားရေးအခြေအနေတွေပေါ်မှာ မူတည်နေပါတယ်။

ဒါကြောင့်လည်း မိဘတချို့ဟာ သူတို့ကလေးတွေကို ကော်သူးလေကျောင်းတွေမှာ မထားဘဲ မြန်မာအစိုးရကျောင်းတွေမှာ ထားကြတာလည်းရှိပါတယ်။

ကော်သူးလေနယ်မြေနဲ့ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ KECD ရဲ့မူဝါဒနဲ့စီမံခန့်ခွဲထားတဲ့ ကောလိပ်နဲ့သင်တန်းကျောင်း ၁၁ ခုရှိပြီး KECD ရဲ့ခွင့်ပြုချက်နဲ့ ကိုယ်ပိုင်လွတ်လွတ်လပ်လပ်ရပ်တည်ပြီး ကိုယ်ပိုင်သင်ရိုး၊ ကိုယ်ပိုင်ပညာရေးစနစ်နဲ့သင်ကြားတဲ့ ကောလိပ်နဲ့ သင်တန်းကျောင်း ကိုးခုရှိတယ်လို့ KECD ဝက်ဘ်ဆိုက်မှာဖော်ပြထားပါတယ်။

အဲဒီ့ကောလိပ်နဲ့ သင်တန်းကျောင်းတွေမှာ ဆရာအတတ်သင်၊ ပြည်သူ့ကျန်းမာရေး၊ စီးပွားရေး၊ စီမံခန့်ခွဲမှုအတတ်ပညာ၊ ကွန်ပြူတာနဲ့ ဘာသာစကားရပ်တွေသင်ကြားပေးပါတယ်။ KECD ရဲ့ စီမံခန့်ခွဲမှုအောက်က ဆရာအတတ်သင်နဲ့ ပြည်သူ့ကျန်းမာရေးပညာရပ်တွေ သင်ယူသူတွေအနေနဲ့ ကော်သူးလေအစိုးရထံမှာ ပြန်လည်တာဝန်ဆောင်ဖို့ ကတိကဝတ်ပြုမှသာ တက်ရောက်ခွင့်ပြုတယ်လို့ စောကပိကရှင်းပြပါတယ်။

KNU ရဲ့ သဘောထားကတော့ ကော်သူးလေတည်ဆောက်ရေးမှာ သူတို့ကျောင်းကထွက်တဲ့ ခေတ်ပညာတတ်ကျောင်းသားတွေကို ပြန်ပါဝင်စေနိုင်ဖို့ ရည်ရွယ်တယ်လို့ဆိုပါတယ်။

ကော်သူးလေ ကျောင်းဆင်းတွေဟာလည်း KNU ရဲ့ ဌာနအသီးသီးမှာ ပြန်လည်တာဝန်ထမ်းဆောင် နေကြတာမျိုးတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ NGO တွေမှာ ပါဝင်နေကြတယ်လို့ စောကပိကဆိုတယ်။

သင်ခန်းစာတွေကို မိတ္တူဆွဲပြီး ဝေဖို့ ပြင်ဆင်နေတဲ့ ခုဒုံကျောင်းမှ ဆရာ၊ ဆရာမများ (ဓါတ်ပုံ – မော်ကွန်း)

အဓိကကျတဲ့ စိန်ခေါ်မှုတွေထဲက နောက်တစ်ခုကတော့ ပညာရေးအသုံးစရိတ်နည်းနေတာကြောင့် ကျောင်းသားတွေမှာ ကျောင်းသုံးဖတ်စာအုပ် အလုံအလောက်မရကြပါဘူး။

ကျောင်းသားမိဘတွေက ဖတ်စာအုပ်ဝယ်ယူချင်တယ်ဆိုရင်တောင် အလုံအလောက် ထုတ်မပေးနိုင်သေးတဲ့ အခက်အခဲဖြစ်နေတယ်လို့ ခရိုင်ပညာရေးမှူးပဒိုမန်းကနေဒီက ဆိုတယ်။

ကော့ကရိတ်ခရိုင် ခုဒုံရွာကျောင်းမှာတော့ အလှူရှင်တွေပေးထားတဲ့ မိတ္တူစက်နဲ့ကူးယူပြီး တစ်နေ့တာ သင်ကြားမယ့် သင်ခန်းစာတွေကို ဝေတဲ့စနစ်ကိုသုံးပါတယ်။ ဆရာတွေအတွက် သင်ကြားရေးလမ်းညွှန်စာအုပ်တွေကိုလည်း မိတ္တူဆွဲရပါတယ်။

ဒါပေမဲ့ အဲဒီ့မိတ္တူစက်ကပျက်သွားလို့ ပြင်ရမယ့်ဆိုင်လည်းမရှိတာကြောင့် ပစ်ထားရပါတယ်။ နောက်ထပ်မိတ္တူစက်အသေးတွေနဲ့ အချိန်ကြာမြင့်စွာ ကူးယူနေရတယ်လို့ ဆရာမတစ်ယောက်က ပြောပါတယ်။

“ကျွန်မတို့ စာရွက်တစ်ရွက်ထွက်ဖို့ ပျင်းလောက်အောင်စောင့်ရတယ်” လို့ စက်ရဲ့ အရည်အသွေးကို မိတ္တူဆွဲနေရင်း ဆရာမတစ်ယောက်က ပြောပြပါတယ်။

ဒေါက်တာသိန်းလွင်ကတော့ ကရင်ပညာရေးဌာနက တာဝန်ရှိသူတွေ KNU ကို ပညာရေးအသုံးစရိတ်တွေနဲ့ပတ်သက်လို့ တင်ပြပေးသင့်တယ်လို့ ထောက်ပြပါတယ်။

ပညာရေးနဲ့တော်လှန်ရေး

ဒူးပလာယာခရိုင် လန်းဖားရွာက ရွာလူကြီးတချို့ကတော့ ကရင့်စာသင်ကျောင်းတွေကို အခုလိုစနစ်တစ်ခုတည်း သတ်မှတ်လိုက်တဲ့အပေါ် အားရတယ်လို့ ဆိုကြတယ်။

ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ငယ်စဉ်ကတည်းက ဒီရွာရဲ့စာသင်ကျောင်းကို သူတို့ကိုယ်တိုင် တည်ဆောက်ခဲ့ရတာြဖစ်ပေမယ့် ပြည်မအစိုးရရဲ့ဖက်စပ်ကျောင်းတွေအဖြစ် သွတ်သွင်းခံရတဲ့အပေါ် မကျေနပ်ခဲ့ပါဘူး။

စစ်အစိုးရက သူတို့ကျေးရွာတွေကို ထိုးစစ်တွေဆင်တဲ့အခါ ကိုယ်တိုင်ခက်ခက်ခဲခဲဆောက်ထားရတဲ့ ကျောင်းတွေ အဖျက်ခံလိုက်ရ၊ ပြန်ဆောက်လိုက်ရနဲ့ အဖြစ်အပျက်တွေဟာ သူတို့အတွက် မမေ့နိုင်တဲ့ ခံစားချက်တွေလို့ သူတို့ကဆိုကြပါတယ်။

ခုလက်ရှိစစ်တပ်ရဲ့ တစ်ကျော့ပြန်အာဏာသိမ်းမှုအပေါ် သူတို့ဟာ ပြည်မက ပြည်သူတွေနဲ့ တသားတည်းရှိကြောင်း ငြိမ်းချမ်းမယ့်နေ့ကို မျှော်လင့်နေကြောင်းလည်း ပြောကြပါတယ်။

၂၀၂၁ နွေဦးတော်လှန်ရေးဟာ ပြည်မမှာ တိုက်ပွဲတွေပြင်းထန်နေသလို ကရင့်နယ်မြေထဲမှာလည်း တိုက်ပွဲတွေပြင်းထန်နေတုန်းပါ။

KNU ဟာ စစ်အာဏာရှင်ကိုတွန်းလှန်နေတာ နှစ် ၇၀ ကျော်လာသလို ဒီအချိန်မှာလည်း ပြည်မက ထွက်ပြေးခိုလှုံလာသူတွေကို သူ့နယ်မြေထဲမှာ ထမ်းပိုးကာကွယ်ပေးနေရပါသေးတယ်။

အခုနောက်ဆုံး KNU တပ်မဟာ (၆) နယ်မြေထဲက လေးကေ့ကော်မြို့သစ်အပါအဝင် ကော်သူးလေနယ်မြေတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်ကြောင်းထိုးတိုက်ခိုက်တာတွေကြောင့်ပါ ထောင်သောင်းချီတဲ့ဒေသခံတွေဟာ ထိုင်းနိုင်ငံထဲကို ထွက်ပြေးခိုလှုံနေရပါတယ်။

လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ ကော်သူးလေကျောင်းတွေ မကြာခဏ ပိတ်ရလေ့ရှိသလို ပြီးခဲ့တဲ့ ဒီဇင်ဘာက စစ်ကောင်စီတပ်တွေလေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်တာကြောင့် ကော်သူးလေထဲက စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးခဲ့ရပါသေးတယ်။

၂၀၂၁ ဒီဇင်ဘာက ကော်သူးလေ မူတြော်ခရိုင်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက် ဗုံးကြဲသဖြင့် ပျက်စီးသွားရသည့် စာသင်ကျောင်း (ဓါတ်ပုံ – စောကပိ)

လက်နက်ကြီးတွေ တစ်နေ့ကို အလုံးရေ ဆယ်ဂဏန်းကနေ ရာဂဏန်းအထိ ကော်သူးလေထဲကို အာဏာသိမ်းစစ်တပ်က ပစ်ခတ်နေပေမယ့် ကော်သူးလေရဲ့ စာသင်ကျောင်းတွေကတော့ ရပ်တန့်မသွားပါဘူး။

စစ်ကောင်စီဟာ တိုင်းပြည်ကို တည်ငြိမ်အောင်အုပ်ချုပ်လို့မရသေးဘဲ ဖရိုဖရဲဖြစ်နေချိန်မှာ ကော်သူးလေအတွက်ကတော့ စစ်ကောင်စီအခက် ကော်သူးလေအချက်ဖြစ်လို့နေပါတယ်။

“ကျွန်တော်တို့ရဲ့ စနစ်ကို ပိုမိုခိုင်ခန့်အောင် ပြန်လည်ထူထောင်နိုင်အောင် လုပ်လိုက်တဲ့သဘောပဲ” လို့ စောကပိက ဆိုပါတယ်။

အမျိုးအစား - သတင်းဆောင်းပါးအမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."