စားသုံးသူကာကွယ်ရေးက လက်မှိုင်ချထားရတဲ့ ဝန်ဆောင်မှု

စားသုံးသူကာကွယ်ရေးက လက်မှိုင်ချထားရတဲ့ ဝန်ဆောင်မှု

၂ဝ၁၉၊ ဖေဖော်ဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၂)မှ Analysis ဖြစ်ပါသည်။

ဒေါက်တာစိုးခိုင် ရေးသည်။

 

ပြီးခဲ့တဲ့ အောက်တိုဘာက ထုတ်ဝေခဲ့တဲ့ မော်ကွန်းမဂ္ဂဇင်း အမှတ် ၅၈ မှာ “ဝန်ဆောင်ခဆိုတာ ကောက်သင့်ရဲ့လား” ခေါင်း စဉ်ပါ ဆောင်းပါးတစ်ပုဒ်ကို ဖတ်ခဲ့ရပါတယ်။ ဝန်ဆောင်ခ (Service Charge) ဆိုတာ ဝန်ဆောင်မှု (Service) ဆိုတဲ့ လုပ် ကိုင်ဆောင်ရွက်ပေးရမှုအပေါ် ကောက်ခံရယူလိုက်တဲ့ အဖိုးအခ (Charges) ဖြစ်တယ်လို့ ယေဘုယျ နားလည်လို့ရပါတယ်။ ဒါဖြင့်ရင် ဝန်ဆောင်ခ ကောက်သင့်၊ မကောက်သင့်မှာ ပထမဦး ဆုံးအနေနဲ့ ဝန်ဆောင်မှု (Service) ဆိုတာ ဘာလဲကို အရင်ဆုံး အဓိပ္ပာယ် ဖော်ဆောင်ကြည့်ရအောင်။

Coaching of Marketing ဆိုတဲ့ ဘာသာရပ်ကို ပို့ချ ဟောပြောပေးနေတဲ့ မိတ်ဆွေတစ်ယောက်ကတော့ ဝန်ဆောင်မှု (Service) ဆိုတာ တာဝန်ကျေပွန်ခြင်း (Dutifulness) ၊ စိတ် ခံစားမှု စီးမျောပြီး အလေးအနက်ထား လုပ်ဆောင်ခြင်း (Pass-ion with Focus)၊ စိတ်နေသဘောထား (Attitude) တို့ ပေါင်း စပ်ပြီး အကောင်းဆုံး လုပ်ကိုင်ဆောင်ရွက်ပေးခြင်းလို့ အဓိပ္ပာယ် သက်ရောက်ကြောင်း ရှင်းပြပါတယ်။ မြန်မာနိုင်ငံရဲ့ စားသောက် ဆိုင်၊ မီနီစူပါမားကက်နဲ့ စတိုးဆိုင်၊ သယ်ယူပို့ဆောင်ရေး၊ ဆောက်လုပ်ရေး၊ ပြုပြင်ထိန်းသိမ်းရေး၊ ပြည်သူ့ဝန်ဆောင်မှု အစိုးရယန္တရားတွေမှာ အဲဒီလိုအချက်တွေကို အခြေခံပြီး အပြည့်အ၀ ဝန်ဆောင်မှုပေးနေပြီလား စဉ်းစားကြည့်ရအောင်ပါ။

မြန်မာနိုင်ငံထက် စီးပွားရေး၊ ပညာရေး၊ လူနေမှုအဆင့် အတန်းမှာ နှစ်ပေါင်း ၅၀ လောက် ရှေ့ရောက်နေတဲ့ ဖွံ့ဖြိုးတိုး တက်နေတဲ့ အိမ်နီးချင်းနိုင်ငံတစ်ခုက မိတ်ဆွေကတော့ သူတို့ နိုင်ငံမှာ ဝန်ဆောင်မှု (Service) ဆိုတာ You come in give me money now get out “မင်း ငါ့ဆိုင်ထဲ ဝင်လာပြီး ငါ့ကို အကျိုးအမြတ် ပိုက်ဆံလာပေးတယ်။ ပြီးပြီ။ အခုထွက်သွားစမ်း”  လို့ အဓိပ္ပာယ်ရှိ သဘောထားကြကြောင်း ရင်ဖွင့်ပါတယ်။ မြန်မာ နိုင်ငံမှာရော။

၁၉၆၂ မတ် ၂ ရက်မှာ ဗိုလ်ချုပ်ကြီးနေဝင်းက မြန်မာပြည် ကို ချောက်ကမ်းပါးထဲ ကျလုလုအခြေအနေမှာ ကယ်တင်တယ် ဆိုပြီး တိုင်းပြည်အာဏာကို အနုကြမ်းစီး ဓားပြတိုက်ယူသွားပြီး တဲ့နောက် မြန်မာနိုင်ငံမှာ ဝန်ဆောင်မှု (Service) ရဲ့ အခန်းကဏ္ဍဟာ သေဆုံးသွားခဲ့ရာ ယနေ့အထိ အပြည့်အ၀ ပြန်လည်ရှင်သန် လာခြင်း မရှိသေးပါဘူး။ အဲဒီခေတ်က ပပက ပြည်သူ့ဆိုင်၊ သမ ဝါယမဆိုင်တွေနဲ့ အစိုးရ ရုံးဌာနတွေဟာ ပြည်သူလူထုကို ဝန် ဆောင်မှု ပေးကြတာ မဟုတ်ခဲ့ဘဲ လက်ထဲက လုပ်ပိုင်ခွင့်ကို အစွမ်းကုန် ထုတ်သုံးပြီး ပြည်သူလူထုကို စိတ်လိုလက်ရ အားရှိ ပါးရှိ စိတ်ကြိုက် စော်ကား ရိုင်းပျခဲ့ကြပါတယ်။ အစိုးရအမှုထမ်း တွေ၊ နိုင်ငံခြားသံရုံးနဲ့ အဖွဲ့အစည်းတွေမှာ လုပ်ကိုင်နေတဲ့ စိန်နား ကပ်ရောင်နဲ့ ပါးပြောင်၊ သခင်အားရ ကျွန်ပါး၀ မြန်မာ့ဝန်ထမ်း တွေဟာ ဝန်ဆောင်မှု(Service) အစား ရိုင်းပျစော်ကားပညာပြ ညှဉ်းပန်းနှိပ်စက်မှု (Insult and Torture) စိတ်နေသဘောထား အခြေပြု ဆုပ်ကိုင်ပြီး လုပ်ကိုင်ဆောင်ရွက်နေကြတာ ဒီနေ့အထိ ပါပဲ။ ပပက ပြည်သူ့ဆိုင်နဲ့ သမဝါယမဆိုင်တွေနေရာမှာ ပုဂ္ဂလိက ပိုင် စူပါမားကက်၊ မီနီမတ်၊ Convenience Store eJY Shop Store  တွေ အစားထိုး ဝင်လာပေမယ့်လည်း ဝန်ဆောင်မှုကတော့ နှစ်ပေါင်း ၅၀ ကျော် ရိုးရာမပျက် ထိန်းသိမ်းလာခဲ့တဲ့ အစဉ် အလာအတိုင်း အလှမ်းကွာဝေးနေဆဲ ဖြစ်ပါတယ်။ မိမိလုပ်နေတဲ့ အလုပ်ကို မနှစ်သက်ဘဲ ထမင်းစားရဖို့သာ လုပ်နေရတဲ့အခါ စိတ်ဝင်စားမှုနဲ့ ထပ်ဆင့်လေ့လာကြိုးပမ်းမှုဆိုတာ လုံးလုံး မရှိ တော့ဘဲ အကျိုးမဖြစ်ထွန်းတဲ့အခါကျတော့ စားသုံးသူတွေကို ထွက်ပေါက်အဖြစ်အသုံးချပြီး မိမိရဲ့ မကျေနပ်မှုတွေ၊ ဒေါသ အာဃာတ အမုန်းတွေကို စားသုံးသူအပေါ် အန်ချလိုက်တာပါပဲ။ တရားလွန် အဆင်ပြေပြီး အိပ်မက်တောင် မမက်ရဲခဲ့တဲ့ စည်းစိမ် ဥစ်္စာဓနတွေ၊ ရာထူးအဆင့် လုပ်ပိုင်ခွင့်တွေ ရရှိထားသူတွေကျ တော့လည်း တောသားမြို့ ရောက် မြောက်ကြွမြောက်ကြွ ဖြစ်ပြီး စားသုံးသူနဲ့ ပြည်သူလူထုကို အစွမ်းကုန် မောက်မာစော်ကားကြ တော့တာပါပဲ။ ၁၉၆၂ က စပြီး မြန်မာနိုင်ငံမှာ ဝန်ဆောင်မှု (Service) နဲ့ ကန့်လွတ်ခြင်း (Complain) ဆိုတာ အလုံးလား၊ အပြားလား၊ အခဲလား၊ အရည်လားဆိုတာ လုံး၀ မသိတော့တဲ့ အခြေအနေ ရောက်သွားပါတော့တယ်။

စာရေးဆရာ ညီမင်းညိုရဲ့ ဟောပြောပွဲတစ်ခုကို ရုပ်သံ လိုင်းမှာ ကြည့်ခဲ့ရပါတယ်။ မူလတန်းကျောင်းတစ်ကျောင်းမှာ သဘာဝအတိုင်း ဆံပင်ရွှေအို ရောင်ဖျော့ဖျော့ (Blonde) ရှိတဲ့ ကျောင်းသူလေးတစ်ယောက်ကို ကျောင်းအုပ်ဆရာမကြီးက အထက်လူကြီး လာမှာမို့ ဆံပင်ကို အနက်ရောင်ဆေးဆိုးခဲ့ဖို့ အမိန့်ပေးလိုက်ပါတယ်။ ဖခင်လုပ်သူက သမီးကို ဆံသအလှပြု ပြင်တဲ့ဆိုင် ခေါ်သွားပြီး ဆေးဆိုးပေးဖို့ ပြောတဲ့အခါ အကြောင်းစုံ သိသွားတဲ့ ဆိုင်ရှင်က ဆေးဆိုးပေးဖို့ လုံးဝငြင်းပယ်လိုက်ပါတယ်။ အကြောင်းရင်းက ဆိုးဆေးဟာ ဒီ ကလေးမကို ဦးရေပြားရောဂါ ရစေရာကနေ ကင်ဆာရောဂါ ရရှိစေနိုင်တာကြောင့် သူရမယ့် အမြတ်ကိုတောင် မယူတော့ဘဲ ငြင်းပယ်လိုက်တာ ဖြစ်ပါတယ်။ အဲဒါ ဝန်ဆောင်မှု (Service) ပါပဲ။

ထိုင်ဝမ်နိုင်ငံ ထိုင်ပေမြို့ရဲ့  ဖိနပ်ဆိုင်တစ်ဆိုင်မှာ ဝယ်ယူသူ တစ်ယောက်က သူနှစ်သက်တဲ့ ဖိနပ်တစ်ရန်ကို ဝယ်ဖို့ စမ်းပြီးစီး ကြည့်တဲ့အခါ နည်းနည်းကျပ်နေတာ ခံစားရပါတယ်။ ဒါပေမဲ့ ကြာလာရင် ဖိနပ်ဆိုတာ ချောင်သွားတတ်တာပဲ ဆိုပြီး ဝယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ ဖိနပ်ဆိုင်ရှင်က သူ့ကို ရောင်းပေး ဖို့ ငြင်းပယ်လိုက်ပါတယ်။ အကြောင်းရင်းက ဖိနပ်ကို စမ်းပြီး စီး ကြည့်တဲ့အခါ သူ့ရဲ့ မျက်နှာမှာ အလိုမကျတဲ့ ခံစားမှုတစ်ခုကို ဆိုင်ရှင်က တွေ့လိုက်မိပါတယ်။ ကျွန်တော်တို့ဆိုင်က ဝယ်ယူသူ တွေ ဝယ်ပြီးရင် စိတ်မချမ်းမသာဖြစ်မယ့် ပစ္စည်းမျိုး ဘယ်တော့ မှ မရောင်းပါဘူးလို့ ရှင်းပြပါတယ်။ မြန်မာနိုင်ငံမှာ ကြုံဖူးရင် ပြောပြပေးပါလားဗျာ။

မော်ကွန်းဆောင်းပါးမှာ ဝန်ဆောင်ခကောက်ယူခြင်းကို ကြိုတင်အသိပေးသင့် မပေးသင့် ဆွေးနွေးထားပါတယ်။ ဒီကနေ့ ကမ္ဘာ့လေကြောင်းပို့ဆောင်ရေးမှာBudget Airline ဆိုတာ ပေါ်နေပါတယ်။ ဈေးနှုန်းသက်သာပါတယ်။ စီးသူလည်း များပါ တယ်။ သူက ဘာကို ကြိုအသိပေးထားသလဲဆိုတော့ လေယာဉ် ပေါ်မှာ အစားအသောက် ကျွေးမွေးဧည့်ခံခြင်း (In Flight Catering Service Service) လုံးဝမပေးကြောင်း ကြိုပြောထားပြီးသား ပါ။ တချို့ လေကြောင်းလိုင်းတွေက သူတို့ရဲ့ အထူးဈေးကွက်မြှင့် တင်ရေး (Promotion Period) ပြီးဆုံးသွားရင် လေယာဉ်ခ အပြင် သီးခြား အခကြေးငွေ (Surcharge) ကောက်ခံမှာဖြစ် ကြောင်း ကြိုပြောထားပါတယ်။ အဲဒါဟာ ကျင့်ဝတ် (Ethic) လို့ ခေါ်ပါတယ်။

၂၀၀၀ ပြည့်နှစ်က ရန်ကုန်ကနေ အညာမြို့တစ်မြို့ကို သွား ဖို့ အောင်မင်္ဂလာကားဝင်းထဲက ယာဉ်လိုင်းတစ်ခုမှာ သုံးရက်ကြို တင်ပြီး လက်မှတ်ဝယ်ခဲ့ပါတယ်။ သွားရမယ့်ရက် ရောက်လို့ ကားပေါ်တက်တဲ့အခါကျမှ အဲဒီနေ့က ဓာတ်ဆီဈေးတက်သွားလို့  ခရီးသည်တွေအားလုံး နောက်ထပ် နှစ်ရာကျပ် ပေးရမယ်လို့ ကြေညာပြီး ငွေတောင်းပါတယ်။ မပေးရင် ကားပေါ်က မောင်းချ ပါတယ်။ မြန်မာပြည်ပါခင်ဗျ။

နိုင်ငံများစွာက စားသောက်ဆိုင်တွေမှာ ဝန်ဆောင်ခ (Service Charge) ထည့်တွက်ပြီး ကောက်ယူတဲ့ဆိုင် အများ ကြီး ရှိပါတယ်။ ဝန်ဆောင်ခကို ကောက်ယူထားတဲ့အတိုင်း ရှိသင့် တာထက် ပိုလွန်တဲ့ဝန်ဆောင်မှုတွေ အသေအချာပေးပါတယ်။ဥပမာ-လေကြောင်းခရီးတစ်ခုမှာ Business Class နဲ့ Economy Class  ပေးရတဲ့ပိုက်ဆံ မတူသလို ဝန်ဆောင်မှု အရည် အသွေးလည်း တကယ်ကွာခြားပါတယ်။ မြန်မာနိုင်ငံမှာ ရှယ်၊ ထူး ရှယ်၊ ဗွီအိုင်ပီဆိုတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ပိုက်ဆံအများ ကြီးပိုယူထားပြီး ဝန်ဆောင်မှုမှာ စိတ်ကျေနပ်စရာ ဘာမှထူး ထူးခြားခြားမရှိတာ မကြာခဏ ကြုံရပါတယ်။

အဲဒီတော့ မြန်မာနိုင်ငံမှာ ဝန်ဆောင်ခဆိုတာ ကောက် သင့်သလား။ တကယ် စိတ်ကျေနပ်စေပြီး ထိုက်တန်တဲ့ ဝန် ဆောင်မှုပေးနေတယ်ဆိုရင် ကောက်ပါ။ သိက္ခာရှိရှိ ကြိုပြောပြ ထားပါ။ အဲဒီလိုမဟုတ်ဘဲ ဘာဝန်ဆောင်မှုမှလည်း ကောင်း ကောင်းမွန်မွန် မပေးဘဲနဲ့ အလုပ်သမားလစာ၊ ဆိုင်မှာသုံးနေတဲ့ တစ်ခါပဲ ရင်းရတဲ့ ပန်းကန်ခွက်ယောက် အသုံးအဆောင်တွေ အတွက်၊ တစ်ရှူးဘူး၊ အိမ်သာဆေးခ၊ အလုပ်သမား ထမင်းကျွေး ရပြီး နေမကောင်းရင် ဆေးကုပေးရလို့၊ နေစရာ အဆောင်ပေး ထားရလို့ဆိုပြီး ဝန်ဆောင်ခဆိုတာကို ကောက်ခံရင်တော့ ဝန် ဆောင်မှုလုပ်ငန်း မဟုတ်တော့ဘဲ အနုကြမ်းစီးလုပ်ငန်း (Black-mail Business) ဖြစ်သွားပါပြီ။ ကျသင့်ငွေအပေါ်မှာ ဝန်ဆောင် ခ ကောက်ခံမည်ဖြစ်ကြောင်း ရိုးသားစွာ ကြိုတင်အသိပေး ကြေ ညာပါ။ လက်ခံတဲ့သူတွေ လာစားပြီး လက်မခံသူတွေ မစားတော့ ပါဘူး။ ဒါဟာ သိက္ခာနဲ့ နာမည်ကောင်း ဖြစ်သွားပါတယ်။ တကယ်ကို ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုရဲ့ အရည်အသွေးက  စား သုံးသူတွေ ငြင်းပယ်လို့ မဖြစ်အောင်ကို ထူးခြားကောင်းမွန်လှပါ တယ်ဆိုရင် စားသုံးသူတွေက ဝန်ဆောင်ခ (Service Charge) တင်မကဘဲ ဆုကြေးငွေ (Tip Money) ကိုပါ ကျေကျေနပ်နပ် ပေးဆောင်သွားမယ့်အပြင် လူသတင်း လူချင်းဆောင် ဒီဆိုင်ရဲ့ ကောင်းမွန်တဲ့ ဂုဏ်ရည်တွေကို သတင်းဖြန့်ပေးမှာ ဖြစ်တယ်ဆို တာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး သိက္ခာရှိတဲ့ ဝန်ဆောင်မှု လုပ်ငန်းတိုင်း သိပြီးသား ဖြစ်လိမ့်မယ်ဆိုတာ ယုံကြည်ပါကြောင်း ရေးသားတင်ပြလိုက်ပါတယ်။

#mawkun #magazine #chronicle #ServiceCharge #monthly #Service




 

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."