ဂေထော
ရန်ကုန် – ၂၀၂၀ ဇွန် ၉ (မော်ကွန်း)
လာမည့်ဇူလိုင်လတွင် အစိုးရအခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ရာ ရခိုင်ပြည်နယ်အတွင်းရှိ အစိုးရစာသင်ကျောင်းများတွင်ခိုလှုံနေထိုင်သည့်စစ်ဘေးရှောင်များ အခြားနေရာသို့ပြောင်းရွေ့နေထိုင်ရန် အခက်ခဲရှိနေသည်ဟု Rakhine Ethnics Congress (REC) မှ အတွင်းရေးမှူးကိုဇော်ဇော်ထွန်းက မော်ကွန်းသို့ပြောသည်။
တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်လာကြသည့်လူဦးရေ ၁၅၆,၀၀၀ ကျော်ရှိပြီး ၎င်းတို့၏ ၂၀ ရာခိုင်နှုန်းမှာကျောက်တော်၊ ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ မြေပုံမြို့နယ်များရှိ အစိုးရကျောင်းများတွင် ခိုလှုံနေကြကြောင်း သူကရှင်းပြသည်။
“စစ်ဘေးရှောင်တွေမှာ အနေအထားကတော့ စာသင်ကျောင်းက ထွက်ရမှာသေချာတယ်။ တခြားမှာ သွားပြီးတော့ ဘယ်သူက ကူညီပေးမယ်၊ ဘယ်လိုလုပ်မယ်ဆိုတာကတော့ အတိအကျရှိမနေဘူး”ဟု သူက ပြောသည်။
ဒေသခံအဖွဲ့အစည်းအချို့က စစ်ဘေးရှောင်များနေထိုင်ရေးအတွက် ယာယီအဆောက်အအုံများ၊ ယာယီတဲများ ဆောက်လုပ်ရန် အစီစဉ်ရှိသော်လည်း တိကျသေချာသည့် အနေထားမျိုးမရှိသေးသည့်အတွက် အစိုးရကျောင်း၌ နေထိုင်သည့် တချို့စစ်ဘေးရှောင်များ မလွဲမရှောင်သာ မူလနေရပ်သို့ ပြန်သွားကြသူများလည်းရှိကြောင်း ကိုဇော်ဇော်ထွန်းကဆက်ပြောသည်။
မိုးတွင်းကာလရောက်နေပြီဖြစ်သည့်အတွက် စစ်ဘေးရှောင်တချို့ ဝမ်းပျက်ဝမ်းလျောနှင့် သွေးလွန်တုပ်ကွေးရောဂါ ခံစားနေကြသူများလည်းရှိသည်ဟုဆိုသည်။
မြို့ပြနှင့်နီးသည့် စစ်ရှောင်စခန်းများတွင် COVID-19 ရောဂါကာကွယ်ရေးအတွက် လိုအပ်သည့် ကျန်းမာရေးအသုံးဆောင်ပစ္စည်းများ၊ အခြားသော ကျန်းမာရေးအသိပညာပေးမှုများကို မကြာခဏ လုပ်ဆောင်လျက်ရှိသော်လည်း တိုက်ပွဲဖြစ်သည့်နေရာ၊ မြို့ပြနှင့်အလှမ်းဝေးသည့် စစ်ဘေးရှောင်စခန်းများတွင် မရရှိကြပေ။
Rakhine Ethnics Congress (REC) မှ နောက်ဆုံးကောက်ယူထားသည့်စာရင်းများအရ ရခိုင်ပြည်နယ်ရှိ ၁၁ မြို့နယ်တွင် စစ်ရှောင်စခန်း ၁၄၃ ခုရှိသည်။
ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခု
ပုံ# REC Facebook Page
#Dailynews