စဉ့်မြို့ ဆိပ်ကမ်းမြို့ ရှေးဟောင်းမြို့
သန်းနိုင်ဦး ရေးသည်။

Photo – Than Naing Oo
စဉ့်ထည် လက်မှုအနုပညာတွေနဲ့ ထင်ရှားတဲ့ ဧရာဝတီမြစ်ကမ်းနဖူးက ရှေးဟောင်းမြို့ လေးကို အလည်အပတ်သွားရောက်ကြဖို့ 7DAY ဂျာနယ်က သတင်းထောက် ကိုညီ ညီဇော်က အဖော်စပ်တယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း အဖော်ကောင်းရင် ကျောက် မြောင်းတစ်ခေါက်ဆိုတော့ သူ့ဖိတ်ခေါ်မှုကို လက်ခံလိုက်တယ်။ စာချိုးအတိုင်းပဲ အဖော် ကောင်းတော့ ကျောက်မြောင်းတင်မက ရွှေဘိုဘက်ပါ ကူးခဲ့ကြတယ်။
ရွှေဘိုကို ခရီးသွားဟန်လွှဲ ရောက်လေ့ရောက်ထ ရှိပေမယ့် ရွှေဘိုမြို့ရဲ့ အရှေ့စူးစူးမှာ ရှိတဲ့ ကျောက် မြောင်းကိုတော့ အကြောင်းမတိုက်ဆိုင်လို့ တစ်ခါမှ မရောက်ဖူးဘူး။ ကျွန်တော် ကိုယ်တိုင် ကျောက်မြောင်း မရောက်ဖူးပေမယ့် ကျွန်တော်နဲ့ အတူသွားကြမယ့် ကိုညီညီဇော့်အတွက် ကျောက်မြောင်းက ရေအိုးနဲ့ ရေမှုတ်ဆိုသလို မကြာခဏ ရောက်နေကျအရပ်။ သြင်္ကန်အပြီး ပျင်းရိငြီးငွေ့ ဖွယ် နွေရက်တွေကို အန်တုလို့ ကျောက်မြောင်းကို သွားခဲ့ကြတယ်။
ကျောက်မြောင်းကို ရွှေဘိုမြို့က တစ် ဆင့် သွားလို့ရသလို စဉ့်ကူးမြို့ဘက်က ဧရာဝတီမြစ်ကို ကူးလာခဲ့ရင်လည်းရတယ်။ ကျွန်တော်တို့က ခရိုင်ချင်းဆက်လမ်း လို့ ခေါ်တဲ့ မင်းဝံတောင်ရိုး ရဲ့ အနောက်ဘက် ယှဉ်ဖောက်ထားတဲ့ ဗျူဟာလမ်းအတိုင်း သွားခဲ့ကြတယ်။ အဲဒီလမ်းက မင်းဝံတောင် ရိုးနဲ့ မြစ်ကြီးနားမီးရထားလမ်းကြားမှာ တောင်မြောက်ဖောက် ထားတဲ့လမ်းဖြစ်တယ်။ စစ်ကိုင်း စက်မှုဇုန်အလွန်မှာ မြင်ကွင်းက သိသိသာသာ ပြောင်းသွားတယ်။ မြို့ပြရဲ့ ညှော်နံ့၊ မီးခိုးနံ့တွေ ကင်းစင်ရာ ကျေးလက်ရဲ့ ထန်းနံ့၊ မြေသင်းနံ့ ထုံသင်းရာ အညာအငွေ့အသက်တွေ ခံစားလာရတယ်။ ဗျူဟာလမ်းက မင်းဝံတောင်ရိုးနဲ့ ယှဉ်ဖောက်ထားတဲ့ လမ်းဖြစ်လို့ ရေ ကျော်တွေများတယ်။ ကားလမ်းနဲ့ တချို့နေရာတွေမှာ ဆင်ခြေလျှော အနည်းငယ် မတ်စောက်တယ်။ စရေး စကျင်၊ ပဒူ၊ ခက်ခ စတဲ့ အညာရွာတွေ ဖြတ်ကျော်ခဲ့တယ်။ ကတ္တရာလမ်းဖြစ်ပြီး လမ်းကျဉ်းပေမယ့် မဆိုးပါဘူး။
ဗျူဟာလမ်း ဝဲယာမှာ လျှော်ဖြူစိုက်ခင်းတွေ တပြန့်တပြူး တွေ့ကြရတယ်။ တစ်ချိန်က ယာခင်းအဖြစ် ရှိခဲ့တဲ့နေရာတွေ လည်း သရက်ခြံတွေအဖြစ် အသွင်ပြောင်းကုန်ကြပြီ။ ထန်းတော အချို့မှာ ထန်းပင်တွေ ခုတ်လှဲခံထားရတယ်။ ထန်းလျက်က ဈေးကောင်းမရ၊ ထန်းတက်မယ့်သူက ရှား၊ ထန်းမြူကောက်မယ့်သူက မြို့တက်၊ ထန်းချက်မယ့်သူလည်း နည်းပါးနေချိန်မှာ ဒီထန်းတောတွေရဲ့ ထန်းပင်တွေ စောင့်ရှောက်ဖို့ဆိုတာ မြေပြင် လက် တွေ့ အနေအထားအရ သိပ်မလွယ်လှပေ။ မြို့ပေါ်ကထန်းချစ်သူတွေ ထန်းပင်တွေကို တန်ဖိုးထားသလို ထန်းသမားမိသားစုဝင်တွေလည်း ထန်းပင်တွေအပေါ် ချစ်ခင်တွယ်တာကြမှာပဲဆိုတာ ယုံမှားသံသယ မရှိပါဘူး။ ထန်းသမား မိသားစုတွေရဲ့ ထန်းပင် တွေအပေါ် ထားတဲ့ မေတ္တာတရားက မြို့ပေါ်က ထန်းချစ်သူတွေ ထက် လျော့မှာ မဟုတ်ဘူး။ ထန်းပင်တွေ ခုတ်လှဲရောင်းချတယ် ဆိုတာကိုက ရွေးချယ်စရာ မရှိတော့လို့ ပေါင်သားလှီးလိုက်ရတဲ့ အဖြစ်တွေ။
တကယ်တော့ အညာဒေသက ထန်းပင်တွေတင် ချစ်စရာ ကောင်းတာ မဟုတ်ပါဘူး။ ရှားပင်၊ ထနောင်းပင်၊ ဆူးဖြူပင်၊ က္တာရပင်တွေကလည်း ခင်တွယ်တန်ဖိုးထားစရာ ကောင်းတာ ပါပဲ။ မြေသင်းနံ့၊ နွားချေးနံ့၊ ကောက်လှိုင်းနံ့တွေဟာ အညာရနံ့ ဖြစ်သလို ချိုးကူသံ၊ တုံးခေါက်သံ၊ နွားစာစဉ်းသံတွေကလည်း အညာတေးသံတွေ မဟုတ်ပါလား။ အညာဓလေ့၊ အညာစရိုက်၊ အညာလူမှုဗေဒတွေဟာ ချစ်စရာ၊ လွမ်းစရာတွေချည်းပါပဲ။ လွမ်းတတ်သူတွေ ပြိုင်ပွဲလုပ်ရင် အညာသူ အညာသားတွေ တံခွန်စိုက်ဒိုင်းဆုရမှာ သေချာတယ်။
ကျွန်တော်တို့နှစ်ယောက် ဆိုင်ကယ်နဲ့ မနက်အစောပိုင်းမှာ မန ္တလေးက ထွက်လာကြတာ ဖြစ်ပေမယ့် လမ်းခရီးကို နားနား နေနေပဲ သွားနေကြတာပါ။ စိတ်ကူးပေါက်တဲ့နေရာ ဆိုင်ကယ် ရပ်ပြီး ဓာတ်ပုံဆင်းရိုက်တဲ့အခါလည်း ရိုက်တာပဲ။ ဗျူဟာလမ်း ပေါ်က တောင်ရင်းရွာအရောက်မှာ လက်ဖက်ရည်သောက် ခဏ နားကြပါတယ်။ တောင်ရင်းရွာရောက်မှပဲ လိုက်ထရပ်နှစ်စီးရပ် ထားတာ တွေ့ရတယ်။ တစ်လမ်းလုံး ဆိုင်ကယ်တစ်စီးစ နှစ်စီးစ ဖြတ်တာက လွဲလို့ ကားတစ်စီးမှ မတွေ့ခဲ့ရဘူး။ တောင်ရင်းက လက်ဖက်ရည်ဆိုင်မှာ ကော်ဖီမစ် သောက်ပြီးတာနဲ့ ဆက်ထွက်ခဲ့ ကြတယ်။ သစ်ဆိမ့်ကြီးလမ်းဆုံက လက်ဖက်ရည်ဆိုင်မှာ နေပြင်း လွန်းလို့ ခဏတဖြုတ် နားပြီး လက်ဖက်သုပ် ဝင်စားကြပြန်တယ်။ ဆိုင်ရှင်က ဒီဇာတိသားမဟုတ်ဘဲ လှတောဘက်က လာပြီး အခြေချနေတာပါတဲ့။ အခုလက်ရှိဒေသကို ရောက်တာ ဆယ့်ငါး နှစ်လောက်ရှိပြီး တောင်သူလုပ်ငန်း အဓိကထား လုပ်ပါသတဲ့။ ဆိုင်ဖွင့်တာ လေးငါးနှစ်သာရှိသေးပေမယ့် အသင့်အတင့် ရောင်းရတယ်လို့ သူ့ဆိုင်ရောင်းအားကို ပြောပြတယ်။
အဲဒီဆိုင်မှာ အအေးဘူးတွေမှာပါတဲ့ သတ္တုကွင်းလေးတွေကို ကြိုးနဲ့ သီထားပြီး အအေးသောက်သူတွေထံက အလှူခံထား တဲ့ စာတစ်စောင်လည်း ကပ်ထားပါတယ်။ သတ္တုကွင်းလေးတွေ က ခြေတုလက်တုလုပ်ရာမှာ ထည့်သွင်း အသုံးပြုနိုင်တဲ့ သတ္တု ဖြစ်ပြီး အင်န်ဂျီအိုတချို့ လူမှုကွန်ရက်မှာ အလှူခံတာ ကျွန်တော် တွေ့ ဖူးတယ်။ သစ်ဆိမ့်ကြီးလမ်းဆုံနဲ့ ကျွန်တော်တို့ သွားမယ့် ကျောက်မြောင်းက ၁၅ မိုင်လောက်သာ ဝေးတယ်။ လက်ဖက် ရည်ဆိုင်နဲ့ မျက်နှာချင်းဆိုင်မှာ မူလတန်းကျောင်းလေးရှိပြီး သစ် သစ်လွင်လွင်လေး။ ကျွန်တော်တို့ သွားတဲ့ အချိန်က ကျောင်း ပိတ်ချိန်မို့ ကလေးတွေကို မမြင်ခဲ့ရဘူး။
ဘေးမဲ့တော ရှိတဲ့ ရှိမ္မကားကို ကျော်ဖြတ်ပြီး မကြာမီမှာပဲ ရွှေဘိုမြို့နယ်ထဲကို ဝင်လာတယ်။ ကျွန်တော်တို့ သွားကြမယ့် ကျောက်မြောင်းကလည်း ရွှေဘိုမြို့နယ်ထဲက မြို့နယ်ခွဲတစ်ခု။ ရှိမ္မ ကားကနေ ကျောက်မြောင်းလမ်းဆုံ ရောက်အောင် ဆိုင်ကယ်နဲ့ ၁၅ မိနစ်လောက် မောင်းကြရတယ်။ ကျောက်မြောင်းလမ်းဆုံမှာ လမ်းòန်ဆိုင်းဘုတ်ကြီးက ဟည်းထနေတယ်။ လမ်းဆုံကနေ အရှေ့စူးစူးကို သွားရင် ကျောက်မြောင်း၊ အနောက်ဘက်ကို ချိုး ဝင်ရင် ရွှေဘို၊ ဘယ်ကိုမှ မကွေ့ဘဲ ဗျူဟာလမ်းအတိုင်း ဆက်သွား ရင် မြစ်ကြီးနားအထိ ဒုတ်ဒုတ်ထိ ဆိုက်ရောက်မှာ ဖြစ်တယ်။ စစ် ကိုင်းမြို့ ကောင်းမှုတော်ဘုရားကနေ ကျောက်မြောင်းလမ်းဆုံ အထိ ၅၁ မိုင် ကွာဝေးပြီး ရွှေဘိုနဲ့ ၁၆ မိုင် ကွာဝေးပါတယ်။ ကျောက်မြောင်းလမ်းဆုံကနေ ကျောက်မြောင်းကို နှစ်မိုင်ပျော့ ပျော့လောက် သွားရပါသေးတယ်။
ကျောက်မြောင်းက ဧရာဝတီမြစ်ကမ်းနဖူးမှာ တည်ထား တဲ့ ရှေးဟောင်းမြို့ ဖြစ်ပါတယ်။ ရွှေဘိုမင်းတရားကြီးလက်ထက် ကျောက်မြောင်းမှာ ယာယီ စံမြန်းခဲ့ပါသေးတယ်။ ကျောက် မြောင်းက မြို့နယ်ခွဲ ဖြစ်တာနဲ့အညီ ဌာနဆိုင်ရာ ရုံးတွေကို ဧရာ ဝတီမြစ်ကူးတံတား (ရတနာသိင်္ခ) သွားရာ လမ်းဘေးမှာ အစီ အရီ ဆောက်ထားတယ်။ ကျွန်တော်တို့က ကျောက်မြောင်းမြို့ ထဲကို ဝင်မှာ ဖြစ်လို့ မြောက်စူးစူးကို သွားခဲ့ကြတယ်။ (ရတနာ သိင်္ခတံတားက ကျောက်မြောင်းအဝင်မှာ အရှေ့ စူးစူးကို ချိုးသွား ရတာ ဖြစ်ပါတယ်။) ကျောက်မြောင်းက အပြန်မှာတော့ ရတနာ သိင်္ခတံတားဘက်က လှည့်ပြန်ခဲ့ကြတယ်။
ကျောက်မြောင်းက ရှေးဟောင်းမြို့ ဖြစ်ပြီး သာသနာထွန်း ကားရာအရပ် ဖြစ်တယ်။ ရှေးဟောင်းမြို့လည်း ဖြစ်တာမို့ ဘုရား ကျောင်းကန်တွေ သာသနိက အဆောက်အအုံတွေ ကျောက် မြောင်းမှာ များများစားစား ဖူးတွေ့နိုင်တယ်။ ကျောက်မြောင်းမြို့ အဝင်မှာ ရှိတဲ့ စေတီက ရွှေရောင်ဝင်းဝင်းနဲ့ သပ္ပာယ်လှတယ်။ ကျောက်မြောင်းမြို့အဝင်မှာ တပ်မတော်တပ်ရင်းတစ်ခု အခြေ စိုက်တယ်။ ကျောက်မြောင်း တိုက်နယ်ဆေးရုံ ရှိတယ်။ ကျွန် တော်တို့ ကျောက်မြောင်းရောက်ချိန်က မွန်းလွဲပိုင်း ဖြစ်လို့ ဈေး ကွဲချိန် ရောက်နေပြီ။ ကျောက်မြောင်းက မြို့နယ်ခွဲ ဆိုပေမယ့် အိမ်ကြီးရခိုင်တွေ များတယ်။ တချို့ လူနေအိမ်တွေ သက်တမ်း ရှည်ကြာလို့ အိုမင်းဟောင်းနွမ်းနေပြီ။ အိမ်အချို့က ရေနံချေး မည်းမည်းတွေ သုတ်ထားတယ်။ အာစီကွန်ကရစ်နဲ့ အခိုင်အမာ ဆောက်ထားကြတဲ့ ခေတ်မီတိုက်တာတွေလည်း ကျောက် မြောင်းမှာ ရှိတယ်။ ရှေးဟောင်းမြို့ ဖြစ်လို့လား မဆိုနိုင်၊ သစ်ကြီး ဝါးကြီးတွေ ကျောက်မြောင်းမှာ ပေါတယ်။ မြို့လယ်မှာ ကုက္ကိုပင် ကြီးတွေ၊ ခရေပင်ကြီးတွေ၊ မယ်ဇယ်ပင်ကြီးတွေ၊ မန်ကျည်းပင် ကြီးတွေ စတဲ့ သစ်ပင်ကြီးတွေရဲ့ အရိပ်အာဝါသကြောင့် ပူသင့် သလောက် မပူဘူး။ ကုက္ကိုပင်ကြီးတွေရဲ့ ပင်စည်က လူလေးငါး ယောက် ဝိုင်းဖက်လို့ရအောင်အထိ ကြီးမားတယ်။
တယ်လီဖုန်းဆိုင်၊ ဆိုင်ကယ်အပိုပစ္စည်းဆိုင်၊ အလှပြင်ဆိုင် တွေအပြင် လက်ဖက်ရည်ဆိုင်၊ အရက်ဖြူဆိုင်၊ စားသောက်ဆိုင် တွေလည်း ကျောက်မြောင်းမှာ ပေါတယ်။ ကျောက်မြောင်းက ဆိပ်ကမ်းမြို့ဖြစ်လို့ ဧရာဝတီကမ်းနဖူးကိုလည်း ရောက်အောင် သွားခဲ့ကြပါသေးတယ်။ဧရာတီမြစ်အနောက် ဘက်မှာ ကျောက် မြောင်းက တိတ်ဆိတ်ငြိမ်းချမ်းနေတယ်။ မြစ်အတွင်း အဝတ် လျှော်နေသူတွေ၊ ရေချိုးနေသူတွေ၊ ဖောင်လုပ်သားတွေ တွေ့ ကြရတယ်။ ကိုရင်ငယ်လေးတွေက ဝါးဖောင်ပေါ်ကနေ ဧရာ ဝတီမြစ်အတွင်း ဒိုက်ထိုးဆင်းနေကြတယ်။ ကျွန်တော်တို့နှစ် ယောက် ကင်မရာ ကိုယ်စီထုတ်ပြီး ကျောက်မြောင်းဆိပ်ကမ်းကို မှတ်တမ်းတင်နေချိန်မှာ လူလတ်ပိုင်းအရွယ် အမျိုးသားတစ် ယောက်ရောက် လာပြီး ဘာအတွက်ရိုက်တာလဲလို့စပ်စုတယ်။ ကျွန်တော်တို့ကလည်း အလှဓာတ်ပုံရိုက်နေတာလို့ အလွယ် တကူပဲ အဖြေပေးလိုက်ကြတယ်။ လူတချို့မှာ ကင်မရာကြောက် တဲ့ရောဂါ အခုထိစွဲကပ်နေတုန်းပဲ။ မဟုတ်တာလုပ်တဲ့သူ ကင် မရာကြောက်တာ အံ့သြစရာမရှိပေမယ့် မဟုတ်တာ ဘာ တစ်ခုမှလုပ်မထားတဲ့သူ အချို့ကလည်း ကင်မရာ ကြောက် နေကြတာ ကြုံဖူးတယ်။
ကျောက်မြောင်း ကမ်းနားလမ်းပေါ်မှာပဲ ချမ်းမြေ့ပါစေ ပရဟိတအသင်းရှိပြီး လူငယ်ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ဆောင်နေတယ်။ ချမ်းမြေ့ပါစေအသင်းနဲ့ ဓား လွယ်ခုတ်မှာ သုခိတာ လူမှုကူညီရေးအသင်းရုံး ရှိပြီး အသင်းပိုင်ကားသုံးစီးကို ရုံးအတွင်း မှာ တန်းစီထိုးထားတယ်။ ချမ်းမြေ့ပါစေ ပရ ဟိတ အသင်းနဲ့ သုခိတာ လူမှုကူညီရေးအသင်းတွေက တစ်ထပ်အုပ် တိုက် သွပ်မိုးအဆောက်အအုံတွေ ဖြစ်ကြပါတယ်။ ကျောက် မြောင်းမြို့မြောက်ခြမ်းက ဘုရားအနီးမှာ ဘုရားဖူးလာသူတွေ ခိုနားဖို့ သစ်သားဇရပ်တစ်ဆောင် ဆောက်လုပ်ထားပါတယ်။ ရှေး ကတည်းက တည်ရှိခဲ့ဟန်တူတဲ့ ဇရပ်ကြီးက အိုမင်းနေပေ မယ့် ကျောက်မြောင်းသူ ကျောက်မြောင်းသားတွေရဲ့ စေတနာက ပေါ်လွင်လှတယ်။ ပွင့်လင်းခေတ် ကျောက်မြောင်းမှာ နိုင်ငံရေး ပါတီ ဆိုင်းဘုတ်တွေလည်း ထည်ထည်ဝါဝါ ချိတ်ဆွဲထားကြ ပါတယ်။
စဉ့်ထည် လက်မှုအနုပညာ ထွန်းကားတဲ့ မြို့ ဖြစ်လို့ စဉ့် ထည်အရောင်းဆိုင်တွေ ဧရာဝတီမြစ်ကူးတံတား(ရတနာသိင်္ခ အနီးမှာ တန်းစီနေတယ်။ တနိုင်တပိုင် ဆိုင်လေးတွေ ရှိသလို ဆိုင်ကြီးကန္နားကြီးနဲ့ ဖွင့်လှစ်ရောင်းချတဲ့ ဆိုင်တွေလည်း ရှိ တယ်။ ကျောက်မြောင်းထုတ် စဉ့်ထည်ပစ္စည်းတွေက ရေကြောင်း၊ ကုန်းကြောင်းကတစ်ဆင့် နိုင်ငံအနှံ့အပြားမှာ ခြေဆန့်နေတယ်။ မိတ်အင်ကျောက်မြောင်း ထုတ်ကုန်တွေထဲမှာ စဉ့်အင်တုံ၊ စဉ့် အိုး၊ စဉ့်ညောင်ရေအိုးတွေအပြင် စဉ့်နဲ့ လုပ်တဲ့ ဆေးလိပ်ခွက်၊ ရေနွေးအိုး၊ ပန်းအိုး စတာတွေလည်း ပါဝင်တယ်။ နည်းပညာ မြင့် ထုတ်ကုန်တွေ ဖန်တီးပြီး အမှတ်တရ တန်ဖိုးထားစရာ အနုပညာလက်ရာအဖြစ် ဖန်တီးထုတ်လုပ်နိုင် ခဲ့ရင် ကောင်း မှာပဲ။
ကျောက်မြောင်းကမ်းနားလမ်းမှာ ထူးထူးခြားခြား တွေ့ရတာက အိမ်ရောင်း မည် ဆိုင်းဘုတ်တွေ ချိတ်ဆွဲထားတာ ပါပဲ။ မြို့က ခပ်ငယ်ငယ် ပေမယ့် ‘ရောင်း မည်’ ဆိုင်းဘုတ်ချိတ် ထားတဲ့ အိမ်က အများကြီးပဲ။ တချို့အိမ် တွေက သော့ခတ်ထားပြီး တချို့တွေက ဝင်းအလွတ်တွေ။ ရေ ကြည်ရာ မြက်နုရာ ရွှေ့ပြောင်းသွားကြပုံပါပဲ။
Photo – Than Naing Oo
ကျောက်မြောင်းက မ္တလေးမြို့ရဲ့ အနောက်မြောက်ယွန်း ယွန်း ရွှေဘိုမြို့နယ်အတွင်းက မြို့နယ်ခွဲ ဖြစ်ပါတယ်။ မ္တလေးက နေ မိုင် ၇ဝ ကျော် ကွာဝေးတယ်။ ကျောက်မြောင်းရဲ့ အရှေ့ဘက် မှာ မ္တလေးတိုင်း စဉ့်ကူးမြို့နယ် ရှိပြီး ရတနာသိင်္ခ မြစ်ကူး တံတားနဲ့ ဆက်သွယ်ထားတယ်။ စဉ့်ကူး-မန်း ကားလိုင်း အချို့ ကျောက်မြောင်းမှ တစ် ထောက်နားပြီးမှ ခရီးဆက်ကြတယ်။ ကျောက်မြောင်းတောင် ဘက်မှာ ဝက်လက် မြို့နယ်၊ အနောက်ဘက်မှာ ရွှေဘိုမြို့ နယ်တို့က ဝန်းရံထားတယ်။ ကျောက် မြောင်းမှာ လေ့လာစရာ နေရာတွေ ရှိပေမယ့် ရွှေဘိုဘက် ခရီးဆက်ရ မှာမို့ ပန်းခင်းကို မြင်းစီးကြည့် သလို့သာ ကြည့်ခဲ့ရတယ်။ ကျွန်တော်တော့ အဖော် ကောင်းလို့ ကျောက် မြောင်း ရောက်ခဲ့ရပြန် ချေပြီ။ မိတ်ဆွေတို့နဲ့ လည်း အဆင် သင့်တဲ့အခါ ခရီးအတူ ထွက်ချင်ပါ သေးတယ်။
#MawKunMagazine
#Than Naing Oo
၂ဝ၁၈၊ သြဂုတ်လထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၇)မှ ခရီးသွားဆောင်းပါး ဖြစ်ပါသည်။