စစ်အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးလျှစ်စစ်လိုအပ်ချက်ရဲ့ ၆၀ ရာခိုင်နှုန်းခန့်သာထုတ်လုပ်နိုင်

စစ်အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးလျှစ်စစ်လိုအပ်ချက်ရဲ့ ၆၀ ရာခိုင်နှုန်းခန့်သာထုတ်လုပ်နိုင်

ရန်ကုန် – ၂၀၂၃ စက်တင်ဘာ ၈ (မော်ကွန်း)

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုပမာဏ မဂ္ဂဝပ် ၁,၅၀၀ ခန့် လျော့ကျသွားတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့ဘဏ်ဟာ မြန်မာနိုင်ငံရဲ့ လျှပ်စစ်စွမ်းအင်ကဏ္ဍနဲ့ ပတ်သက်ပြီး သုံးသပ်ထားတဲ့ In the Dark: Power Sector Challenges in Myanmar ဆိုတဲ့ အစီရင်ခံစာတစ်စောင်ကို ယခုလ ၅ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာပါ။

တစ်နိုင်ငံလုံးက လျှပ်စစ်ဓာတ်အားလိုအပ်ချက်ဟာ မဂ္ဂါဝပ် ၄,၂၀၀ ထိ လိုအပ်ပြီး ပြီးခဲ့တဲ့ အရပ်သားအစိုးရလက်ထက်မှာ မဂ္ဂဝပ် ၃,၉၀၀ ထိ ထုတ်လုပ်နိုင်ခဲ့ပါတယ်။

လက်ရှိ စစ်ကောင်စီလက်ထက်မှာတော့ မဂ္ဂဝပ် ၂,၅၀၀ ခန့်ထိပဲ ထုတ်လုပ်နိုင်တော့တာဖြစ်ပြီး ဓာတ်အားလိုအပ်ချက်ပမာဏဟာ ၁,၇၀၀ မဂ္ဂါဝပ်အထိ ရှိလာတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အဆိုပါ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ စစ်တပ်ကအာဏာမသိမ်းခင်ကတည်းက လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရှိနေတာဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုမိုကျဆင်းလာတာကို ၎င်းအစီရင်ခံစာကထောက်ပြထားပါတယ်။

နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုစနစ်တွေထဲက အကြီးမားဆုံးဓာတ်အားထုတ်လုပ်တဲ့ သဘာဝဓာတ်ငွေ့ (LNG) ကနေ လျှပ်စစ်ဓာတ်အားလည်ပတ်မှုတွေ ရပ်ဆိုင်းထားရပြီး ရေအားလျှပ်စစ်ထုတ်လုပ်တဲ့ ရေလှောင်ကန်တွေမှာလည်း မိုးရွာသွန်းမှုနည်းပါးတာကြောင့် ဓာတ်အားထုတ်လုပ်မှုတွေ ကျဆင်းသွားတယ်လို့ သုံးသပ်ထားပါတယ်။

ဒါ့အပြင် လက်ရှိနိုင်ငံအတွင်းမှာဖြစ်ပွားနေတဲ့ နိုင်ငံရေး မငြိမ်သက်မှုတွေက လျှပ်စစ်ကဏ္ဍကို ပြင်းထန်စွာ ထိခိုက်ခဲ့ပြီး စစ်တပ်နဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်တွေအကြားဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးတဲ့ အခြေခံအဆောက်အအုံတွေကလည်းပျက်စီးခဲ့ရကာ နိုင်ငံအတွင်း လျှပ်စစ်မီး ပြတ်တောက်မှုတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီးကလည်း တစ်နိုင်ငံလုံး ဓာတ်အားထုတ်လုပ်ဖို့ တပ်ဆင်အင်အားဟာ မဂ္ဂါဝပ် ၇,၀၀၀ ကျော်ရှိပေမယ့် အမြင့်ဆုံးထုတ်လုပ်နိုင်မှုက ၂,၅၉၀ မဂ္ဂါဝပ်သာရှိနေတယ်လို့ ပြီးခဲ့တဲ့ဩဂုတ်လက ဝန်ခံထားပါတယ်။

လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေနဲ့ အချိန်ပိုင်းမီးပေးစနစ်တွေကြောင့် စက်ရုံအလုပ်ရုံတွေ အခက်အခဲဖြစ်စေခဲ့ပြီး မြင့်တက်နေတဲ့ စက်သုံးဆီဈေးတွေကြောင့် ကုန်ကျစရိတ်တွေလည်း မြင့်တက်လာခဲ့တယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

တောင်ဒဂုံမြို့နယ်က အသေးစား ဘတ္ထရီ လုပ်ငန်းလုပ်ကိုင်သူတစ်ဦးကတော့ “လျှပ်စစ်မီးက ကျွန်တော်တို့ဆီမှာ အချိန်ပိုင်းပဲ၊ မနက်တစ်ပိုင်းပေးရင်ပေးမယ်၊ ညနေတစ်ပိုင်းပေးရင်ပေးမယ်ပေါ့။ ဒါပေမယ့် တစ်ခါတစ်လေဆို တစ်နေကုန်မလာတာလည်း ရှိတယ်။ သူက စက်ရုံအလုပ်ရုံတွေထက် လူနေရပ်ကွက်တွေကိုပဲ ပေးနိုင်တော့တာ။ ကျွန်တော်တို့က ဓာတ်ဆီဖိုး နေ့တိုင်းကုန်ကျနေရတယ်။ တချို့အလုပ်ရုံတွေဆို မီးပြတ်ရင် ငုတ်တုတ်ထိုင်နေကြရတယ်။ မီးလာမှ အလုပ်လုပ်ကြတာတွေရှိတယ်” လို့ ၎င်းက ပြောပါတယ်။

စစ်ကောင်စီလက်ထက်မှာ ရေအားလျှပ်စစ်စက်ရုံအသစ်တွေနဲ့ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစနစ်တွေ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုတွေအဖြစ် ဝင်ရောက်လာပေမယ့် တိုးတက်မှုနှေးကွေးနေတယ်လို့ ကမ္ဘာ့ဘဏ်အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။

ပြည်တွင်းမှာ သဘာဝဓာတ်ငွေ့ထုတ်လုပ်တဲ့ ကမ်းလွန်ဓာတ်ငွေ့တွင်းသစ်တွေ ဖော်ဆောင်နေတဲ့ Total လို စွမ်းအင်ကုမ္ပဏီကြီးတွေ ပြည်တွင်းကထွက်ခွာသွားမှုတွေကြောင့် လာမယ့်နှစ်များအတွင်းမှာလည်း ထုတ်လုပ်မှု ဆက်လက်ကျဆင်းနေနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ပုံစာ – မီးပြတ်နေတာကြောင့် ဖယောင်းတိုင်နဲ့ စာသင်နေတဲ့ ကျောင်းသားကျောင်းသူများ
ဓာတ်ပုံ – ကမ္ဘာ့ဘဏ်


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."