ရန်ကုန်- ၂၀၂၃ နိုဝင်ဘာ ၁၄ (မော်ကွန်း)
ရှမ်းမြောက်က ‘၁၀၂၇ စစ်ဆင်ရေး’ မှာ ပါဝင်တိုက်ခိုက်နေတဲ့ KNDF မြောက်ပိုင်းစစ်ဒေသအခြေစိုက် အမှတ်(၆၀၆) တပ်ရင်းက ရဲဘော်သုံးဦးဟာ ကွမ်လုံမြို့သိမ်းတိုက်ပွဲ အတွင်း ကျဆုံးခဲ့တယ်လို့ ကရင်နီတပ်(KNDF) ထုတ်ပြန်ပါတယ်။
“ ထိခိုက်ဒဏ်ရာရတဲ့ စာရင်းကို ထုတ်ပြန်မှာ မဟုတ်ပါဘူး။ ရဲဘော်သုံးဦးကတော့ မြင့်မြတ်စွာ ကျဆုံးခဲ့တာ မှန်ပါတယ်” လို့ KNDF သတင်းပြန်ကြားရေးတာဝန်ခံက မော်ကွန်းကို ဒီနေ့လယ်က ပြောပါတယ်။
၁၉ ရက်ကြာလာပြီဖြစ်တဲ့ ရှမ်းမြောက်တိုက်ပွဲတွေအတွင်း ဒီသုံးဦးပဲ အကျအဆုံးရှိသေးတယ်လို့ သူကပြောပါတယ်။
တိုက်ပွဲဝင်ရင်း တပ်စုမှူး မောင်ဗေဒါ ၊ တပ်စိတ်မှူး မောင်မာနွေးလယ် ၊ တပ်ကြပ်ကြီး မောင်စတီဗင်ဒီဇိုင်းတို့ ကျဆုံးခဲ့တာဖြစ်ပြီး သူတို့ကို အမျိုးသားအာဇာနည် သူရဲကောင်းများအဖြစ် KNDF မှ အစဥ်အမြဲ သမိုင်းမှတ်တမ်းတင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါအပြင် ကရင်နီဒေသမှာ နိုဝင်ဘာ ၁၁ က စတင်ခဲ့တဲ့ ၁၁၁၁ စစ်ဆင်ရေးကိုလည်း ဆက်လက် ဆင်နွှဲနေပြီး အသေးစိတ်ကိုတော့ သူက မပြောပါဘူး။
ဒီစစ်ဆင်ရေးအတွင်း တော်လှန်ရေးတပ်ပေါင်းစုတွေဘက်က စစ်ကောင်စီစခန်းတွေ၊ ရာနဲ့ချီတဲ့လက်နက်တွေကို သိမ်းဆည်းနိုင်သလို တိုက်ခိုက်ရေးလေယာဉ်တစ်စီးကိုလည်း ပစ်ချဖျက်ဆီးခဲ့နိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အရပ်သားပြည်သူတွေအနေနဲ့ လွိုင်ကော်ကနေ ဒီမောဆို၊ မိုးဗြဲနဲ့ ဆီဆိုင်လမ်းပိုင်းတွေကို စစ်ဆင်ရေးကာလအတွင်း အသုံးမပြုကြဖို့ လည်း KNDF အသိပေး ထုတ်ပြန်ထားပါတယ်။
ကရင်နီပြည်နယ်မြို့တော် လွိုင်ကော်ကို ဦးတည်စစ်ဆင်နေတဲ့ ၁၁၁၁ စစ်ဆင်ရေးကို တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ KA ၊ KNDF ၊ KNPLF ၊ DMO Local PDF ၊ မြိုပြတော်လှန်ရေးတပ်ဦး(URF) အလယ်ပိုင်းတိုင်း၊ရှမ်းတောင်စစ်ဒေသခွဲနဲ့ ကယား (ကရင်နီ) စစ်ဒေသခွဲ PDF တပ်ရင်းတွေ ပါဝင်တိုက်ပွဲဝင်နေတာလို့ KNDF က ထုတ်ပြန်ထားပါတယ်။
ကရင်နီပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သတ်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းတစ်စုံတစ်ရာထုတ်ပြန်တာမျိုး မတွေ့ရပါဘူး။
ပုံစာ- ၁၀၂၇ စစ်ဆင်ရေး” တွင် ပါဝင်တော်လှန်နေသည့် KNDF ၏ မြောက်ပိုင်းစစ်ဒေသအခြေစိုက် အမှတ်(၆၀၆)တပ်ရင်းမှ ရဲဘော်များ
ဓာတ်ပုံ – KNDF

