ကော်သူးလေ – ၂၀၂၃ ဖေဖေါ်ဝါရီ (မော်ကွန်း)
အသက် ၃၅ အရွယ် နော်ထားထားဟာ ငယ်စဉ်ကနေ ဒီနေ့အထိ စစ်ရဲ့အနိဋ္ဌာရုံတွေကို မျက်မြင်ကြုံတွေ့ ခံစားလာခဲ့ရသူပါ။
ခုချိန်မှာတော့အတိတ်ကဖြစ်ရပ်တစ်ခုကြောင့် သူဟာ အိပ်မက်ကနေလန့်လန့်နိုးရတဲ့ အကြိမ်တွေ စိပ်လာနေပါြပီ။
စစ်ပွဲတွေကြားထဲ အသက်လုပြေးခဲ့ရတဲ့ နေ့တွေထဲက ဖြစ်ရပ်တချို့ကို သူ့စိတ်မှာရော၊ အတွေးထဲကနေပါ ခုထိ ထုတ်ပစ်လို့မရခဲ့ပါဘူး။
“မိုးတွေသည်းထန်နေတဲ့ကာလပေါ့၊ ကျွန်မတို့မိသားစုတွေ KNU နယ်မြေထဲကို ထွက်ပြေးရတဲ့ အချိန်၊ ဘယ်လောက်ထိအသက်လုပြီးပြေးရလဲဆို တောထဲမှာ လမ်းသွားရင်း ထမင်းကိုစားခဲ့ရတာ”လို့ နော်ထားထားကပြောတယ်။
နောက်ကနေ ဆက်တိုက်ပစ်နေတဲ့ မြန်မာစစ်တပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ်ကျည်ဆန်တွေဟာ သူတို့မိသားစုတွေ ထွက်ပြေးရာလမ်းကြောင်းမှာ ဘေးကိုကျလိုက်၊ ဖြတ်သွားလိုက်နဲ့ KNU ထိန်းချုပ်နယ်မြေရောက်အောင် အထိပါပဲ။
အဲဒီအချိန်မှာပဲ နော်ထားထားကို ကျည်ဆန်မှန်သွားပြီဆိုပြီး ဘေးမှာပါသူတစ်ဦးက တရွတ်တိုက် ဆွဲချသွားပါတော့တယ်။
“ဒါဟာ ကျွန်မတစ်ပတ်ကို အနည်းဆုံးတစ်ကြိမ်ပုံမှန်မက်ဖြစ်တဲ့အိပ်မက်။ တကယ်တော့ ကျွန်မကို ကျည်ဆန်မှန်ခဲ့တာမဟုတ်ဘူး။ ခါးဘေးကနေဖြတ်သွားတာကို မှန်သွားတယ်ထင်ပြီး ဆွဲခေါ်သွားတာ၊ ဒါပေမဲ့ အိပ်မက်ဆိုးပဲ”လို့ သူကပြောတယ်။
၂၀၂၁ အာဏာသိမ်းပြီးနောက် မုန်းမြို့တွင် အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲများပြင်းထန်နေပြီး ဒေသခံများစစ်ရှောင်နေကြရသည်။
စစ်မက်နဲ့အတူ ငယ်ဘဝ
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့၊ မြောင်းဦးကျေးရွာဟာ နော်ထားထားတို့ရဲ့ရွာပါ။ မုန်းမြို့ကို ဆိုင်ကယ်နဲ့သွားရင် မိနစ် ၂၀ လောက်ပဲဝေးပါတယ်။ အိမ်ခြေ ၁၈၀ လောက်ရှိပြီး လူဦးရေ ၉၀၀ ဝန်းကျင်လောက်ရှိခဲ့တဲ့ရွာပါ။ ကလေးမွေးဖွားနှုန်းများလို့ တချို့အိမ်တွေဆို ကလေး ၁၀ ယောက်လောက်ထိရှိတတ်ကြတယ်လို့ နော်ထားထားကပြောပြတယ်။
တကယ်တော့ မုန်းမြို့ဆိုတာ KNU ထိန်းချုပ်နယ်မြေထဲက နေရာတစ်ခုဖြစ်ပေမယ့် မြန်မာစစ်တပ်တွေလည်း ကျူးကျော်အခြေချတပ်စွဲတာကြောင့် နှစ်ဘက်ထိန်းချုပ်မှုရှိတဲ့ပုံစံလို့ သူကပြောတယ်။
နှစ်ဘက်တပ်တွေ ရောထွေးခြေရှုပ်တဲ့နေရာဖြစ်လို့ ရုတ်တရက် ထထဖြစ်တဲ့တိုက်ပွဲတွေကြောင့် နော်ထားထားတို့ရွာတွေဟာ စစ်ရှောင်ကြရပါတယ်။
၁၉၉၇၊ သူ့အသက်ကိုးနှစ်အရွယ်မှာ ပထမဆုံးစစ်ရှောင်ရတာပါ။ မြန်မာစစ်တပ်တွေ ရွာထဲကိုဝင်လာပြီး မောင်းထုတ်ခဲ့တာကြောင့် ရွာနဲ့မလှမ်းမကမ်းကနေရာလွတ်ဆီကို တစ်ရွာလုံးရွှေ့ပြောင်းကြရတာပါ။
“တစ်နိုင်တစ်ပိုင်ရှိတာတွေ အရင်သယ်ပေါ့။ ပြောင်းတဲ့နေရာကလည်း ရွာမဟုတ်ဘူး၊ ဒီအတိုင်း ကွင်းပြင်ပါပဲ။ နောက်ကျတော့လည်း ရွာဖြစ်သွားတာပေါ့”လို့ သူကပြောပြတယ်။
နေရာသစ်မှာ နှစ်နှစ်ကြာပြီးနောက် စစ်ပွဲတွေငြိမ်သွားတဲ့အခါ မြန်မာစစ်တပ်က မူလရွာကိုပြန်သွားခိုင်းပါတယ်။
ရွာဟောင်းဟာ မြက်ပင်ရိုင်းတွေ၊ ခြုံနွယ်တွေနဲ့တောထနေပြီး နေအိမ်တွေဟာလည်း ယိုယွင်းပျက်စီးကုန်တဲ့အပြင် ပြန်လည်နေထိုင်ဖို့မဖြစ်နိုင်တဲ့အကြောင်းထဲကအဓိကကတော့ မြေမြှုပ်မိုင်းတွေကို မြန်မာစစ်တပ်က ရွာထဲမှာ ထောင်ပစ်ခဲ့တာပါပဲ။
ဒါကြောင့် ပထမနဲ့ဒုတိယနေရာတွေကို စွန့်ခဲ့ရကာ ခပ်ဝေးဝေးကမြေနေရာတစ်ခုမှာ တတိယရွာသစ်ကို တည်ဆောက်ပြီး ပြောင်းရွှေ့နေထိုင်ကြရပြန်ပါတယ်။
ဒီကာလတွေမှာ နော်ထားထားရဲ့မြင်ကွင်းထဲ တိုက်ပွဲတွေ၊ လက်နက်ကြီး၊ လက်နက်ငယ်တွေ တင်မကတော့ဘဲ ခြေပြတ်၊ လက်ပြတ်၊ ဒုက္ခိတဖြစ်တဲ့ ရွာသားတွေပါ တွေ့မြင်လာရပါတယ်။
“အဲဒီတုန်းက အိမ်ခြေတစ်ရာလောက်ပဲရှိတော့တဲ့ ကျွန်မတို့ရွာမှာ မိုင်းနင်းမိလို့ခြေပြတ်၊ ဒုက္ခိတတွေ ၁၅ ယောက်လောက်ရှိခဲ့တယ်”လို့ သူကြုံခဲ့တာကို ပြောပြတယ်။
အိမ်နီးချင်းအမျိုးသမီးတစ်ဦးဆိုရင် ငယ်စဉ်ကတည်းကမိုင်းနင်းမိလို့ ခြေထောက်နှစ်ဘက်စလုံး ဆုံးရှုံးခဲ့ရတဲ့အပြင် စိတ်ပိုင်းဆိုင်ရာပါထိခိုက်ရတာကြောင့် အပြင်မထွက်၊ လူကြားထဲမသွားတော့ဘဲ တစ်သက်လုံးအိမ်ထဲမှာပဲ နေထိုင်သွားခဲ့ရပါတယ်။
၂၀၀၆၊ ၂၀၀၇ မှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်၊ သေဆုံးရသူ ၁,၀၀၀ နီးပါးရှိခဲ့ပြီး ၂၀၀၇ တစ်နှစ်တည်းမှာ ၆၆၆ ဦးရှိခဲ့ကြောင်း ၂၀၀၈ ခုနှစ်ထုတ် မြေမြှုပ်မှိုင်းအစီရင်ခံစာတစ်စောင်က ဆိုပါတယ်။
စစ်ပွဲကြားမှာ ပညာရေးအဆက်ပြတ်ခဲ့
တစ်နေရာပြီး တစ်နေရာရွှေ့ပြောင်းရင်း ကြီးပြင်းခဲ့ရတဲ့နော်ထားထားဟာ ၆ တန်းမှာပဲ ကျောင်းစာသင်ကြားမှုကို ရပ်တန့်ခဲ့ရပါတယ်။ မုန်းမြို့၊ မြန်မာအစိုးရကျောင်းမှာ အသက် ၁၂ နှစ်လောက်ထိကျောင်းတက်ခဲ့တဲ့နော်ထားထားဟာ စစ်ရှောင်ရင်း တဲထိုး၊ ဝါးထိုး ကိုယ်ထူကိုယ်ထကရင်ကျောင်းတွေမှာ ဝင်ရောက်သင်ကြားပေမယ့် ကရင်စကားမတူညီတာ၊ မကျွမ်းကျင်တာကြောင့် အဆင်မပြေခဲ့ပါဘူး။
“မြို့ပေါ်မှာ ကလေးဘဝက ဗမာစကားနဲ့တက်လာခဲ့တာဆိုတော့ ကရင်စကားအရမ်းမတတ်တော့ သင်လို့အဆင်မပြေခဲ့ဘူး”လို့ သူကရှင်းပြတယ်။
ဒီလိုအချိန်မှာပဲ သူတို့နောက်ဆုံးပြောင်းရွှေ့ထားရတဲ့ရွာကို မြန်မာစစ်တပ်တွေ ပြန်လည်ထိုးစစ်ဆင်လာတာကြောင့် နောက်တစ်ကြိမ်ထွက်ပြေးရပါတော့တယ်။
ဒီတစ်ကြိမ်မှာတော့ KNU တပ်မဟာ ၃ ထိန်းချုပ်နယ်မြေအတွင်းထဲထိ ပြေးမှအသက်ဘေး လွတ်တော့မှာမို့ မိသားစုဝင်ခြောက်ဦးစလုံး ပြေးကြရပါတော့တယ်။
အဲဒီအချိန်က ၂၀၀၆ ၊ မိုးထဲရေထဲမှာ တောတောင်တွေကို ကုန်းကြောင်းခရီးနဲ့ဖြတ်ကာ KNU နယ်မြေထဲက အိသုထစစ်ရှောင်စခန်းဆီ ခရီးနှင်ကြပါတယ်။
အိသုထစခန်းကို နော်ထားထားရောက်ပြီးမကြာခင်မှာပဲ ပညာသင်နိုင်ဖို့ ထိုင်း-မြန်မာနယ်စပ်စည်းမျဉ်း ထိုင်းနိုင်ငံဘက်ခြမ်းက မယ်လဦး ဒုက္ခသည်စခန်းကို သူတစ်ယောက်တည်း ထွက်လာခဲ့ပါတယ်။ အဲဒီ့အချိန် သူ့သက်ဟာ ၁၉ နှစ်ဖြစ်နေပါပြီ။ အတန်းပညာကတော့ ၆ တန်းပါပဲ။
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)က ရဲဘော်တွေသင်ကြားနေတဲ့ စာသင်ကျောင်းရှိနေတာမို့ အသက်ကြီးနေပေမယ့် ၇ တန်းကနေ စတက်နိုင်ဖို့ အခွင့်အရေးရခဲ့ပါတယ်။
“ဒုက္ခသည်စခန်းဆိုပေမယ့် သင်တာအရမ်းစနစ်ကြီးတယ်။ အဲဒီမှာ ထပ်ပြီးတော့ အခက်ကြုံရသေးပြန်တာပဲ”လို့ သူကပြောတယ်။
ဆယ်စုနှစ်တစ်ခုနီးပါး ပညာရေးပြတ်တောက်နေတဲ့အပြင် သေနတ်သံ၊ ဗုံးသံတွေကြား ဘဝကို ခက်ခက်ခဲခဲရုန်းကန်ခဲ့ရတဲ့ သူ့အတွက် ကျောင်းစာတွေက အသစ်တွေပြန်ဖြစ်ကုန်ပါတယ်။
ဗမာစကားနဲ့သင်ပေမယ့် အင်္ဂလိပ်စာမှာတော့ ဘယ်လိုပဲကြိုးစားကြိုးစား သင်ကြားလို့ မရတော့ပါဘူး။ ဒါကြောင့်အတန်းပညာကိုရပ်လိုက်ပြီး အင်္ဂလိပ်စာကိုပဲ ရအောင်သင်မယ်လို့ သူဆုံးဖြတ်လိုက်ပါတယ်။
သူ့အတွက်အခွင့်အလမ်းတစ်ခုပေါ်လာတာကတော့ အဲဒီအချိန်တတိယနိုင်ငံတွေမှာ ခိုလှုံခွင့်ရသူတွေအတွက် အင်္ဂလိပ်စာအမြန်သင်တန်းတစ်ခု မယ်လဦးမှာပဲ ပေးနေတာဖြစ်ပါတယ်။
သင်တန်းဟာ အခမဲ့မဟုတ်ဘဲ ထိုင်းဘတ် ၃၀၀ ပေးရမှာဖြစ်လို့ နော်ထားထား အခက်တွေ့ရပြန်ပါတယ်။ ဒါကိုဖြေရှင်းဖို့ ဒုက္ခသည်စခန်းကလူတွေအတွက် ထောက်ပံ့တဲ့ သူတို့ရတဲ့ ဆန်အိတ်ကိုရောင်းချမှပဲ ဖြစ်တော့မှာပါ။
“ကျွန်မတူလေးက မသန်စွမ်းဆိုတော့ ပုံမှန်ရတဲ့ ဆန်အိတ်အပြင် သူကလည်းတစ်အိတ်ထပ်ရတယ်။ အဲဒါရောင်းပြီး သွားတက်လိုက်တာ”လို့ ဖြေရှင်းလိုက်ပုံကို သူကပြောပြတယ်။
ဒုက္ခသည်စခန်းမှ ထိုင်းနိုင်ငံသို့
မယ်လဦးစခန်းမှာနေထိုင်ရင်း အရပ်ဘက်အဖွဲ့တွေလာပေးတဲ့ လူ့အခွင့်အရေးသင်တန်းတွေမှာ သူဝင်တက်ဖြစ်ပါတယ်။ သင်တန်းပေးတဲ့အဖွဲ့တွေထဲက အမျိုးသမီးအဖွဲ့တစ်ခုမှာ သူအလုပ်ရခဲ့ပြီး ထိုင်းနိုင်ငံကို ရောက်သွားပါတော့တယ်။
မိသားစုကတော့ အိသုထစခန်းမှာပဲကျန်ခဲ့ပါတယ်။ ၂၀၁၂ မှာ နော်ထားထား အိမ်ထောင်ကျခဲ့ပါတယ်။ ဒါပေမဲ့ ကံဇာတ်ဆရာက သူ့ဘဝကို တစ်ဖန်လှည့်စားပြန်တာကြောင့် ကလေးမွေးပြီး သုံးရက်အကြာမှာပဲ အိမ်ထောင်ဘက်နဲ့ ကွာရှင်းလိုက်ကြပါတယ်။
ကွာရှင်းလိုက်တဲ့အိမ်ထောင်ဘက်ဟာ နောက်ထပ်အိမ်ထောင်ပြုသွားပြီး “သမီးမွေးကတည်းက ကျွန်မပဲ ပြုစုစောင့်ရှောက်ခဲ့တာ ခုထိပါပဲ”လို့ သူကပြောတယ်။
အဲဒီနှစ်မှာပဲ အိသုထမှာကျန်ခဲ့တဲ့မိဘတွေ နော်ထားထားရှိရာ ထိုင်းနိုင်ငံကိုလိုက်လာခဲ့ကြပါတယ်။ မိသားစု စားဝတ်နေရေးနဲ့ ကလေးတစ်ဦးရဲ့ ကုန်ကျစရိတ်တွေဟာ သူရတဲ့လစာနဲ့ ဘယ်လိုမှမလောက်တော့တာကြောင့် နော်ထားထားဟာ သူလုပ်ကိုင်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းကနေ ထွက်လိုက်ရပါတယ်။
တစ်သက်လုံး ဒုက္ခအပေါ်ဒုက္ခတွေဆင့်နေတဲ့ နော်ထားထားဟာ အလုပ်ထွက်ပြီးတဲ့နောက် ချင်းမိုင်မြို့က ဈေးဝယ်စင်တာတစ်ခုမှာ သန့်ရှင်းရေးအလုပ်ကို ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။
“သန့်ရှင်းရေးဝင်လုပ်တယ်၊ အသားကင်ဆိုင်မှာ ဝင်လုပ်တယ်၊ ဒါပေမဲ့ အဆင်မပြေပြန်လို့ အရင်အဖွဲ့အစည်းဆီမှာပဲ အလုပ်ပြန်ဝင်ရတယ်”လို့ သူကပြောပြတယ်။
ဒီလိုဖြတ်ကျော်နေတဲ့အချိန် မြန်မာပြည်မှာ စစ်သားလေးပုံတစ်ပုံပါတဲ့ အရပ်သားအစိုးရစနစ်ကို ပြောင်းလဲလိုက်ပါပြီ။
အရပ်သားအစိုးရစနစ်အကူးအပြောင်းမှာ နိုင်ငံခြားရောက်အရပ်ဘက်အဖွဲ့တွေ ပြည်တွင်းကိုဝင်ရောက်ကြပြီမို့ နော်ထားထားလည်း သူ့အဖွဲ့နဲ့အတူ ၂၀၁၃ မှာ မြန်မာပြည်ကို မိသားစုနဲ့ပြန်ခဲ့ပါတယ်။
မြန်မာပြည်ကိုပြန်လာတဲ့သူ့အတွေးမှာတော့ နောက်တစ်ကြိမ်ပြေးစရာမလိုတော့ဘူးဆိုတာမျိုးပါ။
“ကျွန်မထင်တာကလည်း ငြိမ်းချမ်းပြီလို့ပါပဲ”လို့ သူကပြောတယ်။
အိပ်မက်ဆိုးများအသစ်ပြန်ဖြစ်ခြင်း
မြန်မာပြည်ကိုပြန်ရောက်တဲ့ နော်ထားထားဟာ အမျိုးသမီးတွေနဲ့သက်ဆိုင်တဲ့လုပ်ငန်းတွေကိုလုပ်ကိုင်နေတုန်း ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာတော့ စစ်တပ်ဟာ နောက်တစ်ကြိမ်ထပ်ပြီး အာဏာသိမ်းလိုက် ပါတော့တယ်။ ဒါဟာ အတိတ်ဒဏ်ရာတွေ မေ့ပျောက်ပြီးဆုံးတော့မယ်လို့ထင်ထားတဲ့ သူ့အတွက် တစ်ကျော့ပြန် အိပ်မက်ဆိုးပါပဲ။
မြန်မာစစ်တပ်ရဲ့ ယုတ်မာတဲ့အကျင့်စရိုက်ကို လက်မခံနိုင်တာကြောင့် သူဟာစစ်အာဏာရှင်ကို အလိုမရှိကြောင်း မုန်းမြို့မှာပဲ ရှေ့ဆုံးကနေဆန္ဒထုတ်ဖော်ပါတော့တယ်။
အာဏာသိမ်းစ ပဲခူးတိုင်းအရှေ့ပိုင်း၊ မုန်းမြိုတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှု
ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေတဲ့ပြည်သူတွေကို စစ်တပ်ကအကြမ်းဖက်သတ်ဖြတ်၊ ဖမ်းဆီးနှိပ်စက် တာတွေလုပ်လာချိန်မှာတော့ သူနားလည်လိုက်တာဟာ လက်နက်ကိုင်တော်လှန်မှရတော့မယ်ဆိုတာပါပဲ။ ဒါကြောင့် ကလေးတစ်ဘက်နဲ့သူ့အတွက် မိဘတွေဆီမှာ ခွင့်တောင်းရပါတော့တယ်။
“အဖေကလည်း မာနယ်ပလောတိုက်ပွဲမှာ KNU စစ်သားအနေနဲ့ပါခဲ့ပြီး မျက်စိတစ်ဘက် ဆုံးရှုံးခဲ့ပေမယ့် မိဘတွေက ငါတို့ကလေးကိုကြည့်ထားမယ်၊ နင်သွားပြီး လုပ်စရာရှိတာလုပ်လို့ ပြောတယ်” လို့နော်ထားထားကပြောတယ်။
မိဘခွင့်ပြုချက်ရတာနဲ့ အနီးဆုံးက KNU စခန်းဆီကိုပြေး၊ စစ်သင်တန်းတက်ချင်ကြောင်းပြောပြီး သင်တန်းတက်ခဲ့ပေမယ့် ပင်ပန်းမှုဒဏ်ကို တကယ်လက်တွေ့မှာ သူမခံနိုင်ဘူးဆိုတာ သိလိုက်ရတယ်။
“အတော်ကိုပင်ပန်းတယ်၊ မိန်းကလေးနဲ့ယောက်ျားလေးမတူတာတွေရှိတယ်။ ဥပမာ-ဘယ်နှစ်မိနစ်အတွင်း ရေအပြီး ချိုးရမယ်ဆိုတာတွေကအစပေါ့။ နောက်ပြီးသင်တန်းက တအားပြင်းထန်တော့ ကျွန်မမလိုက်နိုင်တော့ဘူး”လို့ သူကဆိုတယ်။
စစ်သင်တန်းတက်တဲ့အမျိုးသမီးတချို့ဆိုရင် ရာသီလာချိန်မှာ ပြင်းထန်တဲ့စစ်ရေးလေ့ကျင့်မှုတွေ၊ ဗိုက်ပေါ်ကို စစ်ဖိနပ်နဲ့တက်နင်းခံရတဲ့လေ့ကျင့်မှုတွေကြောင့် ထိခိုက်ခံစားမှုတွေ ကြုံတွေ့ရတာမျိုးလည်းရှိပါတယ်။ ဒီလိုနဲ့ လက်နက်ကိုင်တိုက်ပွဲဝင်မယ့်စိတ်ကူးကို သူလက်လွှတ်လိုက်ရပါတော့တယ်။
အိပ်မက်ဆိုးများအသက်ဝင်ခြင်း
နော်ထားထား စစ်သင်တန်းတွေတက်၊ ဆန္ဒတွေပြနေချိန်မှာပဲ အာဏာသိမ်းစစ်တပ်ရဲ့ ပြည်သူလူထု အပေါ် အကြမ်းဖက်မှုတွေက မြင့်တက်လာနေပါတယ်။
ဒီလိုအချိန်မှာ သူဟာ သူ့ငယ်ဘဝဖြတ်သန်းခဲ့တဲ့အကြောင်းအရာတွေတချို့ပါဝင်တဲ့ အိပ်မက်တွေ တစ်ပတ်ကို တစ်ကြိမ်လောက်အနည်းဆုံးမက်လာပါတော့တယ်။
နောက်ကနေ လိုက်လံပစ်ခတ်နေတဲ့ မြန်မာစစ်တပ်လက်ကလွတ်ဖို့ အသက်လုပြေးနေရတုန်းက ခါးကိုကျည်ဆန်ဖြတ်သွားတယ်ဆိုပြီး ဘေးလူကဆွဲချလို့ မြေကြီးပေါ်မှာ ဗလုံးဗထွေးဖြစ်ရတဲ့ ဖြစ်ရပ်ဟာ အများဆုံးမက်တဲ့ အိပ်မက်ပါ။
ဒါ့အပြင် ထွက်ပြေးစဉ်တုန်းက တောထဲမှာပုန်းရှောင်ရင်း အစ်မဖြစ်သူရဲ့သား ရင်ခွင်ပိုက်ကလေးကို အိပ်ဆေးတွေတိုက်မိခဲ့တဲ့အကြောင်းလည်းပါပါတယ်။ လက်နက်ကြီးသံတွေကြားလို့ လန့်ပြီး ကလေးအော်ဟစ်ငိုယိုရင် မြန်မာစစ်သားတွေသိသွားမှာစိုးလို့ အိပ်ဆေးတိုက်ခဲ့ကြတာပါ။
အဲဒီကလေးဟာ ကြီးပြင်းလာတဲ့အချိန်မှာ ဆွံ့အနားမကြားတဲ့အပြင် အမြင်အာရုံပါချို့တဲ့ခဲ့ပြီး ၂၀၁၇ မှာ ကွယ်လွန်သွားခဲ့ပါတယ်။
“အိပ်မက်ကနေ လန့်နိုးလာရင် လက်ရှိကိုယ်ရောက်နေတဲ့နေရာကို မေ့သွားတယ်။ တစ်နေ့လုံး စိတ်မလန်းဘူး၊ ထုံပြီးညစ်နေတာ။ ပြန်တွေးမိရင် ထွက်ပြေးရတုန်းက တောထဲမှာ ရေပါခဲတဲ့ အေးစက်နေတဲ့ရေနဲ့ မျက်နှာသစ်ရတာကိုပါ တန်းသတိရသွားတယ်”လို့ နော်ထားထားက ပြောပြတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက စိတ်ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ တယ်လီကျန်းမာ၊ စိတ်ကျန်းမာရေး အထူးကုဆရာဝန်က နော်ထားထားရဲ့ဒီအိပ်မက်တွေဟာ “ပြင်းထန်စိတ်ဖိစီးမှုရဲ့ နောက်ဆက်တွဲ ဝေဒနာတွေဖြစ်နိုင်ကြောင်း” မော်ကွန်းကိုဖြေဆိုပါတယ်။
စစ်မက်ထဲက အိပ်မက်ဆိုးများ
စစ်မက်ဒေသတွေထဲက ပြည်သူတွေရဲ့စိတ်ခံစားမှုတွေကို မော်ကွန်းကတွေ့ဆုံမေးမြန်းတဲ့အခါ နော်ထားထားနဲ့မတူတဲ့ ကြောက်ရွံ့စိုးရိမ်မှုအမျိုးမျိုးကို တွေ့ရပါတယ်။
ရှမ်း-ကယားနယ်စပ်က တိုက်ပွဲတွေကြောင့် ထွက်ပြေးလာရတဲ့ မိသားစုတစ်စုဟာ နေရပ်ကိုပြန်လို့ ရပြီဖြစ်နေပေမယ့် မပြန်သေးဘဲ ခိုလှုံရာနေရာမှာ ရသလောက်ကပ်နေနေကြတာကို တွေ့ခဲ့ရပါတယ်။
သူတို့မိသားစုမှာ အိမ်ထောင်စုနှစ်စုပါပြီး စာသင်ကျောင်းအခန်းလေးတစ်ခုမှာ အတူနေထိုင်ကြကာ အသက် ၉၀ နီးပါး အမယ်အိုတစ်ဦးနဲ့ ကလေးငယ် ငါးဦးလည်းပါဝင်ပါတယ်။
အမယ်အိုရဲ့သားဖြစ်သူ ဦးကျော်ကျော်က “အမေကထိပ်ဆုံးမပြန်ချင်ဘူး။ လက်နက်ကြီးသံကြောင့်ပါ။ ကျွန်တော်တို့ရွာဆီပစ်တာမဟုတ်လည်း အသံကြားရုံနဲ့တင်မရတာပါ။ အမေတင်မကဘူး။ တခြားသူတွေလည်း အဲဒီလက်နက်ကြီးအသံကိုမခံနိုင်ကြဘူး”လို့ ပြောပါတယ်။
သူတို့မျက်ဝါးထင်ထင်ကြုံတွေ့ခဲ့ကြရတာကတော့ ရွာထဲကနေအိမ်တစ်အိမ်မှာ လက်နက်ကြီးထိလို့ သားဖြစ်သူရဲ့နာရေး ပြုလုပ်တဲ့နေ့မှာပဲ အဲဒီနာရေးအိမ်ပေါ်ကို လက်နက်ကြီးထပ်ကျကာ အမေဖြစ်သူပါ ထပ်မံသေဆုံးခဲ့ရတာပါ။
တယ်လီကျန်းမာကတော့ အာဏာသိမ်းကာလမှာ ပြည်သူ ၄၀၀ ကျော်ကို စိတ်ကျန်းမာရေးနဲ့ပတ်သက်လို့ ဆွေးနွေးကုသ ပေးခဲ့ပြီလို့ဆိုပေမယ့် မြန်မာနိုင်ငံတစ်ဝန်းမှာ စစ်ကြောင့်တိုက်ရိုက်ထိခိုက်ခံစားနေရသူတွေဟာ မနည်းမနောပါ။
ပြင်းထန်တဲ့စိတ်ခံစားချက်တွေနဲ့ပတ်သက်တဲ့ဝေဒနာ၊ လက္ခဏာတွေဟာ ကာကွယ်ကုသလို့ရပြီး ကျွမ်းကျင်ပညာရှင်တွေနဲ့ အချိန်ယူဖို့လည်းလိုအပ်တယ်လို့ တယ်လီကျန်းမာရဲ့ စိတ်ကျန်းမာရေးအထူးကုကပြောပါတယ်။
စိတ်ပိုင်းဆိုင်ရာအခက်အခဲတွေကို အခုချိန်မှာ ထိထိရောက်ရောက်ဖြေရှင်းဖို့ဆိုတာ လူမှုအသိုက်အဝန်းက ထိခိုက်ခံစားရသူတွေကို စာနာစိတ်နဲ့ဝိုင်းဝန်းစောင့်ရှောက်၊ ကူညီပေးကြဖို့ လိုအပ်တယ် လို့လည်း သူကပြောပါတယ်။
နောင်တစ်ချိန် တိုင်းပြည်အေးချမ်းတဲ့အချိန်ကိုရောက်ရင် ဒီလိုစိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားရသူတွေကို အစိုးရတွေက ဘယ်လိုမျိုးစီမံချက်တွေရေးဆွဲပြီး ဆောင်ရွက်သင့်လဲဆိုတာကိုတော့ တယ်လီကျန်းမာကမဖြေကြားပါဘူး။
လွတ်မြောက်ရာလမ်းတစ်ခု
နော်ထားထားကတော့ မုန်းမြို့မှာစစ်အာဏာရှင်ဆန့်ကျင်ရေးတွေဦးဆောင်ပါဝင်နေတဲ့သူ့ကို အကြမ်းဖက်စစ်တပ် ထောက်တိုင်တွေက ဝိုင်းဝန်းဖမ်းဆီးဖို့ ကြိုးစားနေတဲ့သတင်းကြောင့် အချိန်မီထွက်ပြေးနိုင်ခဲ့ကာ ခုတော့ ထိုင်းနိုင်ငံကိုပြန်ရောက်သွားပြန်ပါပြီ။
အတူပါလာတဲ့သမီးကို သူ့လိုစစ်ရဲ့အနိဋ္ဌာရုံတွေကို မဖြတ်သန်းစေချင်တာလည်း အကြောင်းအရင်း တစ်ခုလို့ သူကပြောတယ်။
ဒါပေမဲ့ သမီးဖြစ်သူကတော့ အာဏာသိမ်းကာလက သူ့အမေသင်ထားတဲ့အတိုင်း မြန်မာစစ်သားတွေကို လူဆိုးအကြမ်းဖက်ကောင်တွေလို့သိထားပေမယ့် ခုတော့ မေးခွန်းတစ်ခုကိုမေးလာပါတော့တယ်။
“ခုကျွန်မက PDF တွေနဲ့ချိတ်ဆက်ရတာတွေ၊ ပုံတွေကို ဘေးကသူကမြင်တော့ သူတို့ကလည်း လူဆိုးတွေပဲလားလို့ မေးလာတယ်” လို့ နော်ထားထားကပြောပြတယ်။
သမီးဖြစ်သူရဲ့ ခုလက်ရှိအသက်အရွယ်ဟာ တစ်ချိန်ကနော်ထားထား စစ်ပြေးဘဝ စရောက်ခဲ့ရတဲ့ ကိုးနှစ်၊ ၁၀ နှစ်ဝန်းကျင်အရွယ်ပါပဲ။
ခုတော့ စိတ်ခံစားချက်တွေနဲ့ပြည့်နှက်နေတဲ့သူ့အတွက် သမီးဖြစ်သူကို သူ့လိုမဖြစ်အောင်ဆွဲထုတ်၊ ထိုင်းနိုင်ငံမှာ ရရာအလုပ်တွေလုပ်ကိုင်ရင်း ကျောင်းထား၊ သူကတော့ တစ်ဘက်မှာ တော်လှန်ရေးနဲ့ဆက်နွယ်တဲ့အလုပ်တွေကို ဝင်ကူနေပါတယ်။
“ကျွန်မ ဒီစစ်ပွဲတွေကြားထဲမှာ ခုနှစ်တန်းနဲ့ပဲပြီးဆုံးခဲ့ရတယ်။ သူ့ကိုတော့မဖြစ်စေချင်တော့ဘူး”