စစ်တွေ- ၂၀၂၄ စက်တင်ဘာ ၂( မော်ကွန်း)
ရခိုင်ပြည်နယ် ၊ စစ်တွေမြို့မှာ တံငါသည်တွေကို စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ပစ်တဲ့အတွက် ငါးဦးအဖမ်းခံရပြီး တစ်ဦးဒဏ်ရာ ရသွားတယ်လို့ ဒီနေ့ အဆက်အသွယ်ရတော့ ဒေသခံတချို့က ပြောပါတယ်။
ပြီးခဲ့တဲ့ဩဂုတ် ၃၁ ရက် နံနက် ၃ နာရီဝန်းကျင်မှာ စစ်တွေမြို့၊ ဆတ်ရိုးကျချောင်းအတွင်း ငါးဖမ်းပိုက်ချပြီးပြန်လာတဲ့ တံငါသည်တွေဟာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့အတွေ့မှာ ပစ်ခတ်ဖမ်းဆီးခံလိုက်ရတာလို့ ဆတ်ရိုးကျ ရပ်ကွက်က ဒေသခံတစ်ဦးက ပြောပါတယ်။
” သူတို့ကလည်း ပိုက်ချ(ပြီး)လို့ အပြန်၊ စစ်သားတွေကလည်း ကင်းလှည့်လို့အလာမှာ တွေ့တော့ ငါးဖမ်းသမားတစ်ယောက်က စစ်သားတွေကို မြင်တာနဲ့ ပြေးတယ်။ အဲဒီတစ်ယောက်ကို စစ်သားတွေက သေနတ်နဲ့ တရစပ်လိုက်ပစ်တာ အချက်ပေါင်းတောင် မနည်းဘူး။ ဒါပေမဲ့ကံကောင်းချင်တော့ သူကဒဏ်ရာတွေနဲ့ ပြေးလို့ လွတ်သွားတယ်။ တခြားသူတွေကိုတော့ ဖမ်းခေါ် သွားတယ်။ ကျွန်တော်တို့လည်း သေနတ်သံတွေကြားတော့ ကြောက်ပြီး ကုပ်နေရတယ်” လို့ အထက်ပါ ဆတ်ရိုးကျဒေသခံက ပြောပါတယ်။
ဒဏ်ရာရသွားတဲ့ ငါးဖမ်းသမားဟာ စစ်တွေမြို့၊စက်ရုံစုရပ်ကွက်က အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဖမ်းဆီးခံရသူငါးဦးဟာလည်း အဲဒီရပ်ကွက်သားတွေပဲလို့ ဆတ်ရိုးကျဒေသခံက ပြောပါတယ်။
စစ်တွေပင်လယ်ပြင်မှာ ရပ်ထားတဲ့ စစ်ကောင်စီရေတပ်သင်္ဘောက လှမ်းပစ်တဲ့လက်နက်ကြီးကြောင့် ပြီးခဲ့တဲ့ သြဂုတ် ၂၉ ရက်၊ ည( ၁၁) နာရီအချိန်ခန့်ကလည်း ဒေသခံတွေအခေါ် စစ်တွေမြစ်ထဲငါးဖမ်းနေတဲ့ ပေါက်တောမြို့နယ်၊ ကြိမ်ခွေမော် ကျေးရွာသားနှစ်ဦးဟာ ဒဏ်ရာရရှိခဲ့ပါသေးတယ်။
” အခုငါးသွားဖမ်းတဲ့သူတွေကို လိုက်ပစ်နေတော့ ဘယ်သူမှ မသွားရဲတော့ဘူး။ ငါးဖမ်းသမားတွေ ငါးမဖမ်းရရင် မိသားစုစားဝတ်နေရေးတွေ ထိခိုက်တာပေါ့ ” လို့ ကြိမ်ခွေမော်ရွာခံတစ်ဦးက ပြောပါတယ်။
ဩဂုတ် ၂၉ ရက် ညနေ ၃ နာရီလောက်မှာ စစ်တွေမြို့နယ်၊ မင်းလှကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်(AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က လုံခြုံရေးတင်းကျပ်တာတွေ၊ လက်နက်ကြီး ပစ်ခတ်တာတွေ ဒီရက်ပိုင်း ဆက်တိုက် ပြုလုပ်နေတယ်လို့လည်း စစ်တွေဒေသခံတချို့ကပြောပါတယ်။
ရခိုင်ပြည်နယ်ကို စစ်ကောင်စီက အင်တာနက်၊ဖုန်းလိုင်းတွေ အဆက်အသွယ်ဖြတ်တောက်ထားတဲ့အတွက် ဒေသတွင်းသတင်းဖြစ်ရပ်တွေကို အချိန်နဲ့တပြေးညီသိရဖို့ ဒေသခံတွေကြား အခက်အခဲကြုံနေရတယ်လို့လည်း ဒေသခံတစ်ချို့က ဆိုကြပါတယ်။
ပုံစာ- စစ်တွေမြို့က နာမည်ကျော် ပွိုင့်ကမ်းခြေ။
ဓါတ်ပုံ- စစ်တွေပွိုင့်ပေ့ချ်
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

